ရန်ကုန်၊ ဧပြီ ၂၅
သူရဦးရွှေမန်းအပါအဝင် ပါတီဝင် ၁၇ ဦးကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထုတ်ပယ်တဲ့လိုက်တဲ့ ကိစ္စအပေါ် ဥပဒေနှင့် ညီမညီ သုံးသပ်ပေးကြပါလို့ သူရဦးရွှေမန်းက ပန်ကြားလိုက်ပါတယ်။
ဧပြီ ၂၅ ရက်၊ နေ့လည်ပိုင်းက သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာမှာ “ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ထိပ်ပိုင်းခေါင်းဆောင်ဆိုသူအချို့၏ ပြုမူလုပ်ဆောင်မှုများသည် တည်ဆဲ၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများနှင့် ညီညွတ်မှု ရှိ/မရှိကို ပြည်ခိုင်ဖြိုးပါတီဝင်များအပါအဝင် ပြည်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသည့် အဖွဲ့အစည်းများက သုံးသပ် ဆုံးဖြတ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဟု ယူဆပါသည်”ဟူ၍ ပါဝင်သော သတင်းစကား ရေးသားထားပါတယ်။
ဒါဟာ ပါတီတွင်းကိစ္စလို့ ဆိုနိုင်ပေမယ့် နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးစီးပွားကို တစ်နည်းမဟုတ် တစ်နည်း သက်ရောက်လာမှာဖြစ်လို့ သူ့အနေနဲ့ ဆက်လက်တင်ပြမယ့် ကိစ္စရပ်တွေကိုလည်း နားလည် လက်ခံပြီး ဆုံးဖြတ်ဆောင်ရွက်ပေးဖို့ကိုလည်း သူရဦးရွှေမန်းက ကြိုတင်အသိပေးထားပါသေးတယ်။
ဒီကောက်နှုတ်ချက်ဟာ နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်တယ်လို့ သူက ဖော်ပြထားပါတယ်။
သူ့ရဲ့ နိုင်ငံရေးမူဝါဒဆိုင်ရာ အနီးကပ်အကြံပေး တစ်ဦးကတော့ ပြည်ခိုင်ဖြိုးနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်မယ်နဲ့ အနာဂတ်မြန်မာ့နိုင်ငံရေးမှာ ဘယ်လိုအခန်းကဏ္ဍ ပါမယ်ဆိုတာကို သူရဦးရွှေမန်းအနေနဲ့ လတ်တလောဆုံးဖြတ်ဦးမှာမဟုတ်ဘူးလို့ Frontier ကို ပြောပါတယ်။
အမြဲတမ်း အမည်ထုတ်ပြောလေ့မရှိတဲ့ ၎င်းက “အချိန်တွေကစောပါသေးတယ်”လို့ ဆိုတယ်။ သူရဦးရွှေမန်းဟာ ၂၀၁၅ ခုနှစ် သြဂုတ်လအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ရာထူးက ဖယ်ရှားခံရပြီး ကိုးလခန့်အကြာ ဧပြီ ၂၂ ရက်မှာ ပါတီဝင်အဖြစ်ကပါ ထုတ်ပယ်ခံလိုက်ရတာပါ။
လူမှုကွန်ရက်ကတစ်ဆင့် ထုတ်ပြန်တဲ့ ကောက်နှုတ်ချက်မှာတော့ သူရဦးရွှေမန်းက “ပါတီဝင်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပါတီကို ကိုယ်စားပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ပြည်သူ့အကျိုးအတွက် မိမိ၏ နိုင်ငံရေး ခံယူချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားပါမည်။ မိမိ၏ နိုင်ငံရေးခံယူချက်မှာ ပြည်သူ့ဘဝ လုံခြုံရေး၊ ပြည်သူကောင်းစားရေးနှင့် နိုင်ငံတိုးတက်ရေးဖြစ်ပါသည်” လို့ ဖော်ပြထားပါတယ်။
သူ့ရဲ့ အကြံပေးကတော့ အနာဂတ်မှာ အစိုးရတစ်ရပ်ကို ဦးဆောင်ချင်တဲ့ဆန္ဒရှိလို့ ကြိုးပမ်းဖို့ဆိုရင်တော့ သူရဦးရွှေမန်းဟာ ပါတီတစ်ခု ထူထောင်ဖို့ လိုအပ်တာမှန်ပေမယ့် အခုအချိန်မှာ ပြောဖို့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။
စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ကြီးရာထူးရှိခဲ့တဲ့ သူရဦးရွှေမန်းဟာ တပ်မတော်ရဲ့ နံပါတ် ၃ ခေါင်းဆောင်အဖြစ် လူသိများသူတစ်ဦးပါ။ အဲဒီနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်ခြင်းမရှိတဲ့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားြပုကာ ဇေယျာသီရိမဲဆန္ဒနယ်က ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်အမတ်ဖြစ်လာပါတယ်။
အဲဒီနောက် ပထမအကြိမ် လွှတ်တော်များရဲ့ ငါးနှစ်သက်တမ်းအတွင်းမှာ ပြည်ထောင်စုလွှတ်တော်၊ နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အခုဆိုရင် အသက် ၆၉ နှစ်ရှိပါပြီ။ ကညွတ်ကွင်း ဇာတိသား သူရဦးရွှေမန်းဟာ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ဖြူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်က ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့ပါတယ်။
လတ်တလောမှာတော့ သူရဦးရွှေမန်းဟာ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။
သူရဦးရွှေမန်းနဲ့အတူ ပြည်ခိုင်ဖြိုး ပါတီက ထုတ်ပယ်ခံရတဲ့ ၁၇ ဦးထဲက တစ်ဦးဖြစ်တဲ့ ဦးဇော်မြင့်ဖေကတော့ အခြားပါတီကို ကူးပြောင်းမှာမဟုတ်သလို ပါတီသစ်ထောင်ဖို့ဆိုတာကလည်း အလွန်ခက်ခဲမယ်လို့ ဆိုပါတယ်။
“လတ်တလောတော့ ပါတီဟောင်းကြီး၊ အချစ်ဟောင်းကြီးကို လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ တတ်နိုင်သမျှလုပ်ဖို့ မှန်းတယ်၊ ပါတီသစ်ထောင်တယ် ဆိုတာ ငွေရော၊ လူရော၊ အချိန်ရော အလွန်လိုအပ်တာဖြစ်လို့ အများကြီး ဆွေးနွေးရဦးမှာပါ” လို့ သူက ပြောတယ်။
သတင်း- ဉာဏ်လှိုင်လင်း