ဖြိုခွင်းမှုအတွင်း ဆန္ဒပြသူတစ်ဦး ကျဆုံးသွားသောနေရာတွင် နှင်းဆီပန်းစိုက်၍ အောက်မေ့သတိရမှုကို ပြသခဲ့ကြသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ပျောက်ဆုံးနေဆဲ အလောင်းများနှင့် ပူဆွေးနေဆဲ မိသားစုဝင်များ

စစ်ကောင်စီ၏လက်ချက်ကြောင့် ဖေဖော်ဝါရီ၁ရက်မှ ဧပြီ၇ရက်အထိ သေဆုံးသူ ၅၉၈ဦးရှိပြီဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။ သေဆုံးသူများအနက် ပျောက်ဆုံးနေဆဲအလောင်းများရှိနေပြီး မိသားစုများသည် ၎င်းတို့၏ ခင်ပွန်း၊ ဇနီးနှင့် သား၊ သမီးများ၏ ဆုံးရှုံးမှုကို လက်မခံနိုင်ဘဲ ပူဆွေးသောကရောက်နေရဆဲဖြစ်သည်။

ဖရွန်းတီးယားမြန်မာ

မှတ်မှတ်ရရ ထိုနေ့က (မတ်၁၁ရက်) မန္တလေးမြို့၏ နံနက်ခင်းသည် စောင်ခြုံရသည်အထိ အေးနေသည်။ သားဖြစ်သူကို ရင်ခွင်ထဲထည့်ရင်း သားအဖနှစ်ယောက်စကားစမြည် ပြောနေစဥ် ဖုန်းမြည်လာသည်။ သားမောင်လင်းထက်၏ သူငယ်ချင်းထံမှ ဖြစ်သည်။ ဖုန်းပြောပြီးမကြာမီ “အဖေ သားစောစောသွားမှဖြစ်မယ်”ဟုဆိုကာ အိပ်ယာထပြီး အပြင်သွားဖို့ ပြင်ဆင်တော့သည်။

မကြာမီအိပ်ခန်းထဲပြန်ဝင်လာပြီး “အဖေ့ဖိနပ်က သားနဲ့တော်သွားပြီ ကြည့်ပါဦး”ဟု ဆိုလေသည်။ သူနှင့်ကွက်တိဖြစ်နေသည့် အဖြူရောင်ရှူးဖိနပ်ကိုကြည့်ရင်း သဘောကျနေသည့် သားတော်မောင်၏မျက်နှာကို ထိုမနက်က ဦးဇော်လင်းနောက်ဆုံးအကြိမ် တွေ့လိုက်ရခြင်းဖြစ်သည်။

“အရင်ရက်တွေကဆိုသူက ခြေညှပ်ဖိနပ်ပဲစီးတာ။ အဲ့ဒီနေ့က မြတောင်စစ်ကြောင်းနဲ့သွားမှာ၊ အရေးကြီးတယ်ဆိုပြီး ကျနော့်ရှူးဖိနပ်ကိုစီးသွားတာ။ အရင်ဆို သူ့ခြေထောက်ကကြီးတော့ ကျနော့်ဖိနပ်နဲ့ မတော်ဘူး။ အဲဒီနေ့ကတော့ ဘာကြောင့်မှန်းမသိဘူး ဖိနပ်ကတော်နေတော့ သူကျေနပ်နေတာ”ဟု ဦးဇော်လင်းကပြောသည်။

သားဖြစ်သူထွက်သွားပြီးနောက် မကြာမီ မဟာအောင်မြေမြို့နယ် ၁၆လမ်းတွင် ဖွင့်လှစ်ထားသည့် ‘ဇော်ပြည့်ထွန်း’ ကားဆေးမှုတ်အလုပ်ရုံဆီ ဦးဇော်လင်းထွက်လာခဲ့သည်။ နေ့လယ် ၁၂နာရီ မတိုင်မီအထိ အရာအားလုံးသည် သူ့အတွက် ပုံမှန်ဖြစ်နေခဲ့သည်။

“နေ့လယ်အိမ်ပြန်ထမင်းစားတဲ့အချိန် မိတ်ဆွေတစ်ယောက်က ဖုန်းဆက်ပြီး ခင်ဗျားသားလင်းထက်သေနတ်နဲ့ ပစ်ခံလိုက်ရတယ်ဆိုတဲ့သတင်းတွေလိုင်းပေါ် တက်နေလို့ပြောတယ်။ ကျနော်လုံးဝမယုံနိုင်ခဲ့ဘူး”ဟု ပြောလိုက်သည့် ဦးဇော်လင်း၏ အသံက တုန်ရီနေသည်။

လူမှုကွန်ရက်တွင် ဓာတ်ပုံများကို မြင်လိုက်သည်နှင့် သားဖြစ်သူမှန်း သူချက်ခြင်းသိလိုက်သည်။ခြောက်ပေကျော်မြင့်သည့် အရပ်အမောင်း၊ အနည်းငယ်ရှည်နေသည့်ဆံပင်၊ အပြာရောင်ရှပ်အင်္ကျီ၊ ဂျင်းဘောင်းဘီနှင့် အဖြူရောင်ရှူးဖိနပ်စီးလျက် လဲကျနေသည့် သားဖြစ်သူကို မမှတ်မိနိုင်စရာ အကြောင်းလည်းမရှိပေ။

အပစ်ခံလိုက်ရသည်ဆိုသည့် ချမ်းအေးသာစံမြို့နယ်၊ ၈၉လမ်း ကိုးလုံးတကာဘုရားအနီးသို့ ရောက်ရှိချိန်တွင် မောင်လင်းထက်ကို မတွေ့ရတော့ပေ။ သားဖြစ်သူအစား ညစ်ပတ်ပေရေနေသည့် အပြာနုရောင်နှာခေါင်းစည်းတစ်ခုသာ တွေ့ရတော့သည်။

“Alphard ကားအမဲနဲ့ သားအလောင်းကို ဆွဲတင်သွားကြတယ်လို့ မြင်လိုက်ရတဲ့သူတွေကပြောကြတယ်။ ကျနော့သားလေးကို ပစ်သတ်လိုက်ကြတယ်တဲ့ဗျာ။ ခုထိလည်း ကျနော်တို့ သားလေးအလောင်းကိုပြန်မရပါဘူး”ဟု ဦးဇော်လင်းက ငိုရင်းပြောသည်။

မောင်လင်းထက် မကွယ်လွန်ခင်က ရိုက်ကူးခဲ့သည့် ဓာတ်ပုံတစ်ပုံကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ပေးပို့)

မတ်၁၁ရက်က ပစ်သတ်ခံရသည့် မောင်လင်းထက်၏ ရုပ်အလောင်းကို ဖရွန်းတီးယားမြန်မာနှင့် စကားပြောသည့် ဧပြီ၆ရက်အထိ ဦးဇော်လင်းတို့ ပြန်မရရှိသေးပေ။ အခင်းဖြစ်ပွားရာအရပ်အနီးတွင် ရှိနေသူများကမူ မောင်လင်းထက်သည် သေနတ်နှင့်ပစ်သတ်ခံလိုက်ရသည်ဟု ဆိုသည်။ သို့သော် ပစ်ခံလိုက်ရသည်လား၊ အရိုက်ခံလိုက်ရခြင်းကြောင့် သေဆုံးသည်လားဆိုသည်ကို အလောင်းပြန်မရသဖြင့် တိတိကျကျပြောရန် ခဲယဥ်းနေသည်။

ဖေဖော်ဝါရီ၁ရက်က ရွေးကောက်ခံအစိုးရခေါင်းဆောင်များကို ဖမ်းဆီးကာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်သည်။ ရက်အနည်းငယ်အတွင်းမှာပင် အာဏာသိမ်းမှုကိုလက်မခံသည့် လူထုလှုပ်ရှားမှုများ နိုင်ငံအဝှမ်းထွက်ပေါ်လာသည်။

စစ်အာဏာရှင်စနစ်ကိုလက်မခံသည့် ၎င်းတို့၏ သဘောထားကို နိုင်ငံတကာသိအောင် လမ်းပေါ်ထွက်ကာရှင်းရှင်းလင်းလင်း ပြသလိုက်သည်။ ‘မြန်မာ့နွေဦးတော်လှန်ရေး’ဟု အမည်တွင်သည့် လှုပ်ရှားမှုကို ‘Generation Z’ ဆိုသည့် လူငယ်များက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ဆန္ဒထုတ်ဖော်သူများကို နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်နှိမ်နင်းမှုများ ဆက်တိုက်ပြုလုပ်နေသည်။ မတ်၁၁ရက်က မန္တလေးမြို့တွင် ရဲနှင့်စစ်တပ်၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ဆန္ဒထုတ်ဖော်သူ ခုနစ်ဦးသေဆုံးခဲ့သည်။ ထိုသူများထဲတွင်မောင်လင်းထက်လည်း ပါဝင်ခဲ့သည်။

အသက်၁၉နှစ်သာရှိသေးသည့် ရတနာပုံတက္ကသိုလ်၊ ဘူမိဗေဒ ဒုတိယနှစ်ကျောင်းသား မောင်လင်းထက်သည် မန္တလေးမြို့၏ နာမည်ကြီး မြတောင်သပိတ်စစ်ကြောင်းကိုကာကွယ်ရင်း သပိတ်အား ရဲနှင့်စစ်သားများ၏ ပစ်ခတ်ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့သည်။ သို့သော် မိဘတွေကိုယ်တိုင် သူ၏အလောင်းကို မီးသဂြိုလ်ခွင့်မရခဲ့ပေ။ မိဘများက အလောင်းပြန်လည်ရရှိရန် မန္တလေးမြို့ရှိ ရဲစခန်းများ၊စစ်တပ်များနှင့် ဆေးရုံးများထံ အကြိမ်ကြိမ်သွားရောက်ခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့သည်။

“မတ်၁၃ရက်မှာ အမှတ်(၆)ရဲစခန်းက စခန်းမှူးဦးတိုးတိုးဆိုတဲ့သူက အဲဒီနေ့မှာပဲ သေသွားလို့သားကို သဂြိုဟ်လိုက်ပြီလို့ပြောတယ်။ ကျနော်တို့ကို ဘာလို့အကြောင်းမကြားတာလဲ။ အဲဒီလို လုပ်လို့ရလားလို့မေးတော့ တာဝန်အရလုပ်ရတာပါလို့ပြောတယ်”ဟု ဦးဇော်လင်းကပြောသည်။

စခန်းမှူး၏အဖြေကို မကျေနပ်သော်လည်း စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်မှုကို လက်နက်မဲ့ သာမန်အရပ်သားတစ်ဦးအနေဖြင့် တုံ့ပြန်ရန် မစွမ်းသာပေ။ နာကျည်းခံပျင်းစရာကောင်းသည့် ခံစားချက်ကလွဲလို့ ဦးဇော်လင်းဘာမှမတတ်နိုင်ခဲ့ပေ။

“မကျေနပ်ဘူးပေါ့ဗျာ။ လူလူချင်းဆိုရင်တောင် တစ်ယောက်ချင်းထိုးပစ်ချင်တာ။ အခုတော့ သားလေးက သေပြီးသွားဆိုရင်လည်း အလောင်းလေးပဲလိုချင်ပါတယ်။ သဂြိုဟ်ပေးချင်လို့ပါလို့ ကောင်းကောင်းမွန်မွန်ပြောလည်း မရှိပဲဘယ်လိုပေးရမလဲဆိုပြီး ငေါက်ခံရတာ”ဟု ပြောရင်း ဦးဇော်လင်းတစ်ယောက် စကားမဆက်နိုင်ဘဲ ငိုကြွေးနေသည်။

အလောင်းပြန်မရသည့်တိုင် မတ်၁၅ရက်တွင် နေအိမ်၌ပင် မောင်လင်းထက်အတွက် ဈာပနအခမ်းအနားတစ်ခု ပြုလုပ်ပေးခဲ့သည်။

မောင်လင်းထက်သည် ငယ်စဥ်ကတည်းက ရန်မဖြစ်တတ်သူ၊ အေးဆေးနေတတ်သည့် အကျင့်စရိုက်ရှိသူဖြစ်ပြီး ကွန်ပြူတာဂရက်ဖစ် ဒီဇိုင်နာတစ်ယောက် ဖြစ်ချင်ခဲ့သည်။ သို့သော် အာဏာသိမ်းပြီးနောက်ပိုင်း လူမှုကွန်ရက်စာမျက်နှာများပေါ်က စစ်အာဏာသိမ်းမှု၊ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို ရက်ရက်စက်စက်ပစ်ခတ်ဖြိုခွင်းမှု စသည့် သတင်းများကိုဖတ်ကာ ဒေါသထွက်ရင်း တစ်ယောက်တည်း စကားပြောတတ်လာသည်။

မန္တလေးတွင် ဆန္ဒပြပွဲများစတင်ကတည်းက သူသည် အခြားလူငယ်များနှင့်အတူ နေ့စဉ် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သည်။ စားပွဲတင် ပြက္ခဒိန်ပေါ်တွင် အာဏာသိမ်းသည့်ရက်စွဲများနှင့် အထင်ကရနေ့ရက်များကို ရေးမှတ်တတ်လာသည်။ အနေအေးပြီး လိမ္မာသည့်သားဖြစ်သူ အမူအကျင့်ပြောင်းလာသဖြင့် စိုးရိမ်သောကြောင့် မိဘများက သတိပေးသည့်အခါ “သားတို့မှာ တာဝန်ရှိတယ်”ဟု ပြန်လည်ချေပ တတ်လာသည်။

ဆန္ဒပြပွဲများတွင် မောင်လင်းထက်ပါဝင်နေမှန်းသိသော်လည်း သပိတ်စစ်ကြောင်းကို ရှေ့တန်းကနေ၍ ဒိုင်းကာပေးသည့်အဖွဲ့တွင် ပါဝင်သည်အထိ သားဖြစ်သူ သတ္တိရှိလိမ့်မည်ဟု ဦးဇော်လင်းမထင်ခဲ့ပေ။

“နိုင်ငံရေးကို သူအဲဒီလောက်စိတ်ဝင်စားမယ်လို့ မထင်ခဲ့ဘူး။ ကျနော်က ဆန္ဒပြပွဲတွေသွားရင် သတိထားဖို့၊ နိုင်ငံရေးဆိုတာ လွယ်လွယ်လုပ်မရဘူး၊ လေ့လာပြီးမှလုပ်ရတာ ဘာညာပြောရင်တောင် အဖေတို့လူကြီးတွေ အေးဆေးနေပါ။ သားတို့လူငယ်တွေ ဦးဆောင်လုပ်ရမယ့်ခေတ်ရောက်လာပြီဆိုပြီး ပြန်ပြောရင် သားအဖတွေ အငြင်းအခုံဖြစ်ရသေးတာ”ဟု ဦးဇော်လင်းက သူတို့သားအဖနှစ်ဦး၏ နွေးထွေးရင်းနှီးသည့် ဆက်ဆံရေးကို ပြန်ပြောင်းပြောသည်။ ယခုတော့ သူနှင့်အငြင်းအခုန်လုပ်မည့် သားဖြစ်သူကို ဆုံးရှုံးခဲ့ရသည်မှာ တစ်လပြည့်ပြီဖြစ်သည်။

“ကျနော့်သားလေးထွက်သွားတဲ့ အချိန်ကတည်းကခုချိန်ထိ ကျနော်တို့ စိတ်ဆင်းရဲရတယ်။ သားလေးတစ်ယောက်တည်း ရှိတာပါဗျာ။ အရမ်းလိမ္မာတဲ့ကလေးပါဗျာ။ သားကို ကျနော်လွမ်းတယ်”ဟု ဦးဇော်လင်းက ရှိုက်ငိုရင်းပြောသည်။

မောင်လင်းထက်သည် ပြက္ခဒိန်ရက်စွဲများတွင် နေ့စဉ်မှတ်တမ်းများ ရေးသွင်းခဲ့သည်။ (ဓာတ်ပုံ | ပေးပို့)

ပျောက်ဆုံးသွားသူများ

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များလက်ချက်ကြောင့် သေဆုံးပြီးအလောင်းပြန်မရသဖြင့် ယနေ့တိုင် စိတ်သောကရောက်ရသူ မိသားစုဝင်များမှာ ဦးဇော်လင်းတို့ တစ်မိသားစုတည်း မဟုတ်ပေ။ စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ၁ရက်မှ ဧပြီ၇ရက်အထိ သေဆုံးသူအရေအတွက်မှာ ၅၉၈ဦးအထိ မြင့်တက်ခဲ့သည်။

၎င်းတို့အနက် အချို့မှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားသူများရှိသလို၊ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးစခန်းတွင် စစ်ဆေးခံရစဉ် သေဆုံးသွားသူများလည်းရှိသည်။ စစ်ဆေးမှုများပြုလုပ်နေစဥ် သေဆုံးသွားသူများအား အလောင်းလာယူရန် မိသားစုများကို အကြောင်းကြားလေ့ရှိသော်လည်း အချို့မှာ အလောင်းပြန်လည်ရရှိရန်ပင် ခက်ခက်ခဲခဲ ကြိုးပမ်းရှာဖွေနေရသည်။

ထိုသူများအနက် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်တွင်နေထိုင်သည့် မရီမွန်သိမ့်လည်း ပါဝင်သည်။ အသက်၂၅နှစ်အရွယ် မရီမွန်သိမ့်၏ ခင်ပွန်းဖြစ်သူ ကိုသူရဦးသည် မတ်၁၇ရက်တွင် ရွှေလင်ဗန်းစက်မှုဇုံအနီး အမှတ်(၁၅)ရပ်ကွက်၊ သရဖီလမ်းပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖြိုခွင်းမှုကြောင့် အသက်ဆုံးရှုံးခဲ့သည်။

“အခုအထိ အလောင်းကို မရသေးဘူး။ သူတို့(စစ်သား) ယူသွားကြတယ်။ ဆေးရုံမှာသွားရှာတာလည်း မတွေ့ဘူး”ဟု မရီမွန်သိမ့်က ဧပြီ၆ရက်၊ ဖရွန်းတီးယားမြန်မာနှင့် တွေ့ဆုံစဉ် ပြောသည်။

သုံးဘီးမောင်းသမားတစ်ဦးဖြစ်သည့် အသက်၂၅နှစ်အရွယ် ကိုသူရဦးသည် ထိုနေ့၊ နေ့လယ်ပိုင်းတွင် စစ်ကောင်စီ၏ လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်ကွက်နေပြည်သူများပြုလုပ်ထားသည့် အရံအတားများကို လာရောက်ဖယ်ရှားပြီး ဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွင်းချိန်တွင် ကျည်ဆန်ထိမှန်၍ သေဆုံးခဲ့သည်။

မတ်၁၄ရက်က လှိုင်သာယာမြို့နယ်တွင် ဆန္ဒပြသူများအား ကျည်ဆန်အစစ်များဖြင့် ဖြိုခွင်းပစ်ခတ်ခဲ့စဉ်အတွင်း သေနတ်ထိမှန်သွားသူတစ်ဦးကို ဘေးလွတ်ရာသို့ ဝိုင်းဝန်းပို့ဆောင်နေကြစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

“ခေါင်းကို တစ်ချက်ထိတယ်။ ကျောကို တစ်ချက်ထိပြီး လဲသွားတယ်။ ညာဘက် နောက်စေ့ပွင့်သွားတယ်လို့ မြင်တဲ့သူတွေက ပြန်ပြောပြတယ်”ဟု မရီမွန်သိမ့် ညိုးငယ်စွာ ပြောသည်။

ခင်ပွန်းဖြစ်သူ သေနတ်ထိမှန်ချိန်တွင် မရီမွန်သိမ့်သည် အမှတ်(၁၅)ရပ်ကွက်စျေးတွင် ငါးရောင်းပြီးနောက် စျေးသိမ်းကာ အိမ်ပြန်ရောက်နေချိန်ဖြစ်သည်။ ခင်ပွန်းအပစ်ခံရသည့်သတင်းကို ထွက်ပြေးလာသည့် မိတ်ဆွေများက ကိုယ်တိုင်လာရောက်ပြောပြချိန်တွင် ရုတ်တရတ် ထူပူသွားသည်။

အခင်းဖြစ်ပွားရာသို့ သွားရောက်ရန် ချက်ခြင်းဆုံးဖြတ်လိုက်သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တရစပ်ပစ်ခတ်သံများကြောင့် လမ်းပေါ်မထွက်ရန် မိတ်ဆွေများက တားမြစ်ကြသည်။ သေနတ်သံများ ငြိမ်သက်သွားချိန်တွင် သရီဖီလမ်းပေါ်သို့ သူရောက်သည့်အခါ ကိုသူရဦးကို မတွေ့ရတော့ပေ။

“သူသေတဲ့နေရာမှာ သွေးကွက်တွေရယ်၊ အပေါ်အင်္ကျီနဲ့ ဦးထုတ်ပဲကျန်ခဲ့တယ်။ တခြားဘာမှာမကျန်ခဲ့ဘူး”ဟု မရီမွန်သိမ့်က ငိုရင်းပြောသည်။ အပေါ်အင်္ကျီနှင့် ဦးထုတ်တို့မှာ ၎င်း၏ခင်ပွန်သည်ဝတ်ဆင်ခဲ့သည့် အဝတ်အစားများဖြစ်နေရာ နောက်ဆုံးတွင် ကိုသူရဦးသေဆုံးပြီဟု လက်ခံလိုက်ရသည့် သက်သေများပင်ဖြစ်ခဲ့သည်။

လှိုင်သာယာမြို့နယ်အတွင်း မတ်၁၄ရက်က ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုအတွင်း သေဆုံးသူ ၁၀၀ကျော်ရှိကြောင်း လှိုင်သာယာမြို့နယ်အခြေစိုက် လူမှုကူညီရေးအဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တစ်ချို့က နယ်ပြန်ကြတော့ ကိုယ့်မိသားစုဝင် သေတယ်ဆိုတာတောင် မသိသွားရှာဘူး။ အလောင်းပြန်မရလို့ ကျနော်တို့ဆီ လာစုံစမ်းတာက ၁၂ယောက်လောက်ရှိတယ်”ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။ အလောင်းပြန်ရသည်အထိ စောင့်မည်ဆိုသည့် မိသားစုများလည်းရှိပြီး အလောင်းမတွေ့သည့်တိုင် သေဆုံးသွားပြီးဖြစ်သည်ဟု မှတ်ယူပြီး ဈာပနအခမ်းအနား ပြုလုပ်ပေးသည့် မိသားစုဝင်များလည်းရှိသည်ဟု သူကဆိုသည်။

“အခုထိ ဟိုနားမှာအလောင်းတွေပေါ်တယ်။ ဒီနားမှာ အလောင်းတွေပေါ်တယ်ကြားရင်သွား ကြည့်နေတုန်းပဲ။ သေတာက သေပြီးပြီ။ ကိုယ့်ယောကျ်ားအလောင်းကိုယ် သဂြိုဟ်ချင်တယ်”ဟု မရီမွန်သိမ့်က ပါးပြင်ပေါ်က စီးကျလာသည့် မျက်ရည်များကို သုတ်ရင်း ပြောလိုက်သည်။

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်နှင့်အနီးတစ်ဝိုက် ပစ်ခတ်မှုများတွင် မောင်လင်းထက်အပါအဝင် အလောင်းပြန်မရသူ သုံးဦးရှိနေသည်ဟု မန္တလေးမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတစ်ခုက တာဝန်ရှိသူတစ်ဦးက ဖရွန်းတီးယားမြန်မာကို ပြောသည်။

“မတ်လအတွင်းမှာပဲ သေခဲ့တဲ့ ဒေါ်ပြုံးဆိုတဲ့ အမျိုးသမီးတစ်ယောက်ရယ်၊ မတ်လဆန်းပိုင်း စိန်ပန်းကဖြစ်စဉ် တစ်ခုမှာ ဦးခေါင်းပွင့်သွားတဲ့ အမျိုးသားတစ်ယောက်ရယ်လည်း အလောင်းပြန်မရဘူး”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

မောင်လင်းထက်၏ မကျဆုံးခင်က နေ့စဉ်ရေးသွင်းခဲ့သော ၎င်း၏ နွေဦးတော်လှန်ရေးပြက္ခဒိန်မှတ်တမ်းဖြစ်သည်။ (ဓာတ်ပုံ | ပေးပို့)

ဖြိုခွင်းခံရမှုဖြစ်စဉ်များတွင် သေဆုံးသူများ၏ အလောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မည်သည့်အကြောင်းကြောင့် ပြန်မပေးသည်ကိုမူ မိသားစုဝင်များသာမက လူမှုကယ်ဆယ်ရေးအသင်းများကပင် နားမလည်နိုင်ဖြစ်ကြရသည်။

“ဘာလို့ပြန်မရတာလဲတော့ မသိဘူး။ သေချာတာက ပြန်မပေးတဲ့ အလောင်းတွေက သေနတ်မှန်လို့ သေသွားကြတာများတယ်”ဟု လူမှုကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူက ပြောသည်။

အလောင်းပြန်မရကြသော မိသားစုများသည် မိမိတို့၏ သားသမီး၊ မိသားစုဝင်များ သေဆုံးခြင်းရှိ၊ မရှိ၊ ဆေးရုံရောက်ခြင်းရှိ၊ မရှိကို လူနာတင်ယာဉ်များ၊ လူမှုကယ်ဆယ်ရေးအသင်းများထံသို့ လာရောက် စုံစမ်းလေ့ရှိကြသည်။ ထိုမှတစ်ဆင့် ဆေးရုံများသို့ သွားရောက်စုံစမ်းကြပြီး မတွေ့ပါက သက်ဆိုင်ရာ နယ်မြေရဲစခန်းများထံတွင် ဆက်လက်စုံစမ်းလေ့ရှိသည်။

မောင်လင်းထက်သေဆုံးသည်ဟုဆိုသော်လည်း ၎င်း၏ရုပ်အလောင်းကို မမြင်တွေ့ရသေးသဖြင့် သားဖြစ်သူ သေဆုံးပြီဆိုသည့် အဆိုများကို မိခင်ဒေါ်ဌေးဌေးမြင့် (ခ) မမွန်က ယနေ့အထိ လက်မခံနိုင်သေးပေ။ မောင်လင်းထက်သည် တစ်နေရာရာတွင် အသက်ရှင်ပြီး တစ်နေ့ပြန်လာလိမ့်မည်ဟု ယုံကြည်နေဆဲပင်ဖြစ်သည်။ သားဖြစ်သူ အန္တရာယ်ကင်းကင်းနှင့် ပြန်လာနိုင်စေရန် ကောင်းမှုကုသိုလ်များ နေ့စဉ်ပြုလုပ်ကာ ဘုရားထံတွင် ဆုတောင်းနေမြဲဖြစ်သည်။

“အခုဆို သားနဲ့မတွေ့တာ တစ်လနီးပါးတောင်ရှိတော့မယ်။ နေ့တိုင်း သားစိတ်နဲ့ သောကတွေ၊အပူတွေနဲ့ နေရတာပါ။ ဖုန်းလာတိုင်း သားဆီကများလားလို့ မျှော်လင့်နေတုန်းပဲ။ စိတ်ကောင်းရှိတဲ့သူတစ်ယောက်များ သားကိုကယ်ပေးထားမလားလို့ တွေးမိတယ်။ သားလေးအလောင်းကို မတွေ့မချင်း ကျမသားလေး သေတယ်ဆိုတာ ခုထိလက်ခံလို့ မရသေးဘူး”ဟု ဒေါ်ဌေးဌေးမြင့်က ရှိုက်ကြီးတငင် ငိုကြွေးရင်း ပြောဆိုလိုက်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar