ပြီးခဲ့သည့် တစ်လကျော်ကတည်းက ပျောက်ဆုံးသွားခဲ့သည့် တပ်မတော်ဂျက်လေယာဉ်၏ အစိတ်အပိုင်းများကို ပြန်လည်တွေ့ရှိပြီဖြစ်သော်လည်း လေယာဉ်မှူးနှစ်ဦးမှာမူ လေယာဉ်ပျက်ကျသည့်နေရာတွင် သေဆုံးခဲ့သည်ဟု တပ်မတော်က အောက်တိုဘာ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
တပ်မတော် (လေ)မှ ဗိုလ်မှူးကောင်းထိုက်နှင့် ဗိုလ်ကြီးသော်ဇင်စိုးတို့သည် စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် လေကျင့်ပျံသန်းရေး G-4 လေယာဉ်ဖြင့် ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း လေ့ကျင့်ပျံသန်းစဉ် နံနက် ၉ နာရီ ၁၈ မိနစ်ခန့်တွင် မကျီးဇင်ရွာအနီး ခန့်မှန်း မြေပုံညွှန်း (FQ-734188)တွင် ဆက်သွယ်မှု စတင်ပြတ်တောက်၍ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
ပျောက်ဆုံးလေယာဉ်နှင့် လေယာဉ်မှူးနှစ်ဦးအား မြေပြင်တပ်များနှင့် တပ်မတော်(လေ)မှ လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ရှာဖွေခဲ့ရာ အောက်တိုဘာ ၁၈ ရက်နေ့တွင် လေယာဉ်အပိုင်းအစများအား ဂွမြို့၏ တောင်ဘက် ၁၂ မိုင်ခန့်အကွာရှိ တောင် ၂ လုံးအကြား လျှိုမြှောင်အတွင်း၌ ပြန်လည်တွေ့ရှိခဲ့သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အဆိုပါ လေယာဉ်ပျက်ကျသည့်နေရာအား ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၀ ရက်တွင် ၎င်းနေရာအနီး၌ လေယာဉ်မှူး ဗိုလ်မှူးကောင်းထိုက် ဝတ်ဆင်သော လက်ပတ်နာရီ D-Ziner အစိတ်အပိုင်းများ၊ လေသူရဲဖိနပ်တစ်ဖက်၊ တွဲဖက်လေယာဉ်မှူး ဗိုလ်ကြီး သော်ဇင်စိုး ဝတ်ဆင်သော Seiko အမှတ်အသားတံဆိပ်ပါ လက်ပတ်နာရီအစိတ်အပိုင်းများနှင့် မီးလောင် ပျက်စီးနေသည့် ခန္ဓာကိုယ်အရိုးအစိတ်အပိုင်းတစ်ချို့ ၊ လေသူရဲထိုင်ခုံ ၁ ခုစီနှင့် တွဲလျက်ရှိသော လေထီး၊ တောတွင်းသက်ကယ်ကူ ပစ္စည်းစုံအိတ် (Survival Kit) ၂ စုံစီတို့အား ရှာဖွေတွေ့ရှိခဲ့ရာ ရှာဖွေရေးအဖွဲ့နှင့် ဆေးမှူးတို့၏ အတည်ပြုချက်အရ အဆိုပါ လေယာဉ်မှူး ၂ ဦးသည် လေယာဉ်ပျက်ကျပြီးနောက် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်” ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ထို့ပြင် လေယာဉ်ပျက်ကျသည့် အကြောင်းအရင်းအား စုံစမ်းစစ်ဆေးရေးအဖွဲ့များဖြင့် ဆက်လက်ဖော်ထုတ် ဆောင်ရွက်နေသည်ဟု ဖော်ပြထားသည်။
Soko G-4 Super Galeb ဟုလည်း ခေါ်ဝေါ်သည့် အင်ဂျင်တစ်လုံးတပ်အဆိုပါ လေ့ကျင့်ပျံသန်းရေးနှင့် မြေပြင်တိုက်ခိုက်ရေး လေယာဉ်များကို ယူဂိုစလားဗီးယားနိုင်ငံက ထုတ်လုပ်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့်ဇွန်လအတွင်းကလည်း တပ်မတော်(လေ) မှ Y8 အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ် ပျက်ကျမှုကြောင့် လူပေါင်း ၁၂၂ ဦးသေဆုံးခဲ့ရသည်။