မြန်မာနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပါက ပေးအပ်ထားသည့် ကုန်သွယ်မှုဦးစားပေးအစီအစဉ်မှ ပြန်လည်ရုပ်သိမ်းရန် ဖြစ်နိုင်ခြေမှာ ရှင်းလင်းသိသာနေသည်ဟု ဥရောပသမဂ္ဂ (အီးယူ)က ပြောကြားလိုက်သည်။
တပ်မတော်က ရခိုင်ပြည်နယ်တွင် ရက်စက်သည့် ပြစ်မှုများ ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကြောင့် ဥရောပသမဂ္ဂ (အီးယူ) က မြန်မာနိုင်ငံကို ပေးအပ်ထားသည့် ကုန်သွယ်မှု အထူးအခွင့်အရေးများကို ရပ်ဆိုင်းရန် စဉ်းစားနေသည့်အတွက် မြန်မာနိုင်ငံရှိ အထည်ချုပ်ကုမ္ပဏီများအတွက် စိုးရိမ်စရာ ဖြစ်လာသည်။ ထိုသို့ ရပ်ဆိုင်းခံရပါက အလုပ်အကိုင် ထောင်ပေါင်းများစွာ ဆုံးရှုံးနိုင်သည့် အန္တရာယ်ရှိနေသည်။
ထိုသို့ ကုန်သွယ်မှု အခွင့်အရေး ရပ်ဆိုင်းမည့် လုပ်ငန်းစဉ် စတင်မှု လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်ရန်အတွက် စောင့်ကြည့်လေ့လာရေးမစ်ရှင်မှ ကျွမ်းကျင်ပညာရှင်များသည် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၂၈ မှ ၃၁ ရက်နေ့အထိ လာရောက်ခဲ့ကြသည်။
ဥရောပသမဂ္ဂ၏ လက်နက်ခဲယမ်း မီးကျောက်များမှအပ အရာအားလုံး အစီအစဉ် Everything But Arms(EBA) မှတဆင့် ဥရောပဈေးကွက်သို့အခွန်ကင်းလွတ်ခွင့်၊(duty-free)ခွဲတမ်းအခမဲ့(quota-freee) ပေးထားသော အစီအစဉ်၏ အကျိုးကျေးဇူးများကို ဆက်လက် အသုံးပြုနိုင်ရန်အတွက်၊ မြန်မာနိုင်ငံအနေဖြင့် အဆိုပါသဘောတူညီချက်တွင် ပြဋ္ဌာန်းထားသော အခြေခံမူများကို လေးစားလိုက်နာ စောင့်ထိန်းရမည်ဖြစ်သည်ဟု အီးယူက ပြောကြားသည်။ EBA မှ ယာယီရပ်ဆိုင်းရေး လုပ်ထုံးလုပ်နည်းများမှတဆင့် ကုန်သွယ်မှုဦးစားပေး အစီအစဉ်များကို ဖယ်ရှားသင့်၊ မသင့်ကို မစ်ရှင်အဖွဲ့၏ ရှာဖွေတွေ့ရှိသော အချက်အလက်များကို ပြန်လည်တင်ပြပြီး စိစစ်သုံးသပ်သွားမည် ဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ စောင့်ကြည့်လေ့လာရေးမစ်ရှင် ခရီးစဉ်အတွင်း အထူးမီးမောင်းထိုး ဖော်ပြထားတဲ့ အားနည်းချက်တွေကို မြန်မာနိုင်ငံအနေနဲ့ ဖြေရှင်းဆောင်ရွက်သွားဖို့ ကျွန်တော်တို့ အထူးမျှော်လင့်နေပါတယ်” ဟု အီးယူကော်မရှင်နာနှင့် ကုန်သွယ်မှုဆိုင်ရာတာဝန်ခံ Cecilia Malmström က ပြောကြားသည်။
“မြန်မာအာဏာပိုင်များအနေနဲ့ အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ရင် မြန်မာနိုင်ငံရဲ့ ဥရောပသမဂ္ဂ ဈေးကွက်သို့ သွင်းကုန်အပေါ် အခွန်စည်းကြပ်ကောက်ခံမှု ကင်းလွတ်ခွင့်ပြုထားတဲ့ အနေအထားကို အန္တရာယ်ကျရောက်စေဖို့ လုပ်ဆောင်သလို ဖြစ်နေပါလိမ့်မယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ကုန်သွယ်မှုဦးစားပေးအစီအစဉ်သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အရေးပါသော အစီအစဉ်တစ်ခုဖြစ်ကာ အထည်ချုပ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းစသည့် ကဏ္ဍအသီးသီးတွင် ထောင်ပေါင်းများစွာသော အလုပ်သမားများအတွက် အလုပ်အကိုင်များ ပံ့ပိုးပေးနေသည့် အစီအစဉ်တစ်ခုအဖြစ် သက်သေပြခဲ့ပြီးဖြစ်သည်ဟုလည်း ၎င်းကပြောသည်။
“ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံက ပြုခဲ့တဲ့ ကတိကဝတ်များအတိုင်း အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်မှာ ပြဌာန်းထားတဲ့ အခြေခံမူများကို မယုတ်မလျော့ သေချာစွာ လိုက်နာဆောင်ရွက်ပေးနိုင်ရန်နဲ့ အခြေအနေများ ပိုမိုတိုးတက်ကောင်းမွန်လာအောင် မြန်မာနိုင်ငံကို အကူအညီပေးဖို့ ကတိကဝတ်ပြုထားပြီးဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
အီးယူမစ်ရှင်အဖွဲ့သည် မြန်မာနိုင်ငံတွင် ဝန်ကြီးဌာန တာဝန်ရှိသူများ၊ အလုပ်သမား သမဂ္ဂများ၊ စီးပွားရေးနှင့် အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်ဟု အီးယူ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဤအချက်သည် မြန်မာနိုင်ငံနှင့် သက်ဆိုင်သောအဓိကကျသည့်ကိစ္စရပ်များဖြစ်သည့် သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုကို သေချာစေခြင်း၊ နိုင်ငံတကာက ကြိုးပမ်းဆောင်ရွက်နေသော လူသားမဆန်စွာ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ ပုဂ္ဂိလ်တစ်ဦးချင်းစီတို့ကို စစ်ဆေးခြင်းနှင့် တရားစွဲခြင်းတို့ကိုပြုလုပ်ရန်အတွက် အထောက်အကူပြုခြင်း၊ ရခိုင်၊ ရှမ်းနှင့် ကချင်ပြည်နယ်များတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အပြည့်အဝ ရယူနိုင်စေရန် သေချာစေခြင်း၊ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖေါ်ရန် သေချာစေခြင်း၊ ဘင်္ဂလားဒေရ်ှနိုင်ငံရှိ ဒုက္ခသည်များကို မိမိတို့နေရပ်မူရင်းသို့ လုံခြုံစိတ်ချစွာနှင့် သိက္ခာရှိရှိပြန်လာနိုင်ရေးအတွက် ကူညီပံ့ပိုးပေးနိုင်သည့် အခြေအနေများကို ဖန်တီးပေးခြင်း စသည့်အချက်များအပေါ်တွင် လွတ်လပ်ပွင့်လင်းစွာ တွေ့ဆုံဆွေးနိုင်ရန် အခွင့်လမ်းများကိုရရှိစေခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ထို့ပြင် မြန်မာနိုင်ငံဒေသအချို့တွင် အဓမ္မစေခိုင်းမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းအတွက်လည်း အီးယူအနေဖြင့် စိုးရိမ်မကင်းဖြစ်မိသည်ဟု ဖော်ပြထားသည်။ မြန်မာ့တပ်မတော်မှ ကလေးစစ်သားများ ခန့်အပ်ခြင်းအပါအဝင် အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခြင်းနှင့် အလုပ်သမားသမဂ္ဂနှင့် အလုပ်ရှင်တို့ ဆွေးနွေးညှိနှိုင်းခြင်းများနှင့် စပ်လျဉ်းပြီး လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်လည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
အီးယူ၏ စီမံခံခွဲမှုအောက်တွင်ရှိသည့် Generalised Scheme of Preferences (GSP) စနစ်သည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများမှ ကုန်ပစ္စည်းတင်ပို့သူများအနေဖြင့် ဥရောပသမဂ္ဂဈေးကွက်သို့ တင်ပို့သည့်အခါတွင် လက်နက်နှင့် ခဲယမ်းမီးကျောက်များမှအပ အရာအားလုံးအပေါ်တွင် ကုန်သွယ်ခွန်ကင်း လွတ်ခွင့်နှင့် ကိုတာအခမဲ့စနစ်ကို ထိုနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစနစ်တွင် စုစည်းပါဝင်လာစေရန် ရည်ရွယ်လုပ်ဆောင်ထားသည့် စနစ်ဖြစ်သည်။ အဆိုပါစနစ်ကို အကျိုးခံစားခွင့်ရှိသည့် နိုင်ငံများအနေဖြင့် ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က ပြဋ္ဌာန်းထားသည့် အဓိကျသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးရပိုင်ခွင့်များနှင့် အလုပ်သမားအခွင့်အရေး ရပိုင်ခွင့်အခြေခံမူ ၁၅ ချက်ကို စနစ်တကျ ချိုးဖောက်ခြင်းနှင့် စိုးရိမ်ရသည့် သက်သေအထောက်အထားများရှိခဲ့လျှင် ထိုအထူးအခွင့်အရေးများမှ ခေတ္တယာယီ ပယ်ဖျက်ထားနိုင်သည်။
ထိုစနစ်ကြောင့် မြန်မာနိုင်ငံမှ အီးယူသို့ ကုန်သွယ်မှုများ မြင့်တက်လာခဲ့ရာ မြန်မာနိုင်ငံမှ တင်ပို့မှုမှာ ၂၀၁၅ ခုနှစ် ယူရို ၅၃၅ သန်းဖိုးသာ ရှိခဲ့ရာမှာ ၂၀၁၇ ခုနှစ်တွင် ယူရို ၁ ဒသမ ၃ ဘီလျံအထိ မြင့်တက်လာခဲ့သည်။ မြန်မာနိုင်ငံမှ တင်ပို့ခဲ့သည့် ပို့ကုန်များ၏ ၉၅ ရာခိုင်နှုန်းသည် ကုန်သွယ်မှုအထူးအခွင့်အရေး အစီအစဉ်အောက်မှ ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံမှ အီးယူသို့ တင်ပို့ခဲ့သည့် ကုန်စည်များ၏ ၇၂ ဒသမ ၂ ရာခိုင်နှုန်းသည် အထည်ချုပ်လုပ်ငန်းများမှ ဖြစ်သည်။
ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံက ပို့ကုန်များ တတိယမြောက် အများဆုံးတင်ပို့နေသည့် နေရာဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပို့ကုန် ၈ ဒသမ ၈ ရာခိုင်နှုန်းကို အီးယူသို့ တင်ပို့ခဲ့သည်။