ပူပြင်းခြောက်သွေ့တဲ့ဒေသက ရေရှားပါးမှု

ခြောက်သွေ့တဲ့ ရာသီဥတုဆိုတာက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေအတွက် စိတ်ပျက်စရာ ရာသီတစ်ခု ဖြစ်ပေမဲ့ ဒီနှစ်ရဲ့အယ်လ်နီညိုကြောင့် အခြေအနေတွေက ပိုဆိုးလာခဲ့ပြီး ရေပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်ခဲ့ကြပါတယ်။

မြတ်ကျော်သူ ရေးသားသည်။

မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ပြောကြားခဲ့တဲ့ အယ်လ်နီညိုနဲ့ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့ ရေခန်းခြောက်မှု အခြေအနေတွေဟာ ရာစုနှစ် ငါးစုအတွင်း အပြင်းထန်ဆုံးဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေက နေထိုင်သူတွေအတွက်လည်း သောကများစရာ အခြေအနေတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

သူတို့ဟာ မိုးရွာဖို့ အချိန်အတော်ကြာ စောင့်စားနေကြရတာ ဖြစ်ပါတယ်။ မိုးဇလဌာနကနေ လွန်ခဲ့တဲ့လက ထုတ်ပြန်ကြေညာချက်အရ အယ်လ်နီညိုကြောင့် မိုးရာသီက နောက်ဆုတ်သွားနိုင်ပြီး  ဇွန်လအစောပိုင်း မတိုင်ခင်အထိ မြန်မာနိုင်ငံအထက်ပိုင်းမှာ မိုးမရွာနိုင်ဘူးလို့ သိရပါတယ်။

တကယ်တော့ မကွေးမြို့၊ ချောက်မြို့၊ ရေနံချောင်းမြို့၊ စေတုတ္တရာမြို့နဲ့ မန္တလေးတိုင်းအတွင်းက ကျောက်ပန်းတောင်းနဲ့ မြင်းခြံတို့လို ခြောက်သွေ့တဲ့ နေရာတွေမှာ ရေခန်းခြောက်တယ်ဆိုတာ မထူးဆန်းတော့ပါဘူး။

ဒါပေမဲ့ ဒီနှစ်ဖြစ်ပေါ်နေတဲ့ ခြောက်သွေ့တဲ့ ရာသီဥတုက ငါးနှစ်အတွင်း အပြင်းအထန်ဆုံး ဖြစ်တယ်လို့ နေထိုင်သူတွေက ဆိုကြပြီး သူတို့အနေနဲ့ ရေပြတ်လပ်မှုတွေလည်း ခံစားခဲ့ရတယ်လို့ ဆိုခဲ့ကြပါတယ်။ လူလုပ်ရေကန်တွေဟာ မတ်လကုန် မတိုင်ခင်မှာပဲ ခန်းခြောက်နေကြပြီး မြေအောက်ရေတွေကလည်း တဖြည်းဖြည်း လျော့နည်းလာနေတယ်လို့ ပြောပြကြတယ်။

မကွေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်က ရေကန် တစ်ကန်မှာ ရေခပ်သူတချို့ကို တွေ့ရစဉ်။Teza Hlaing / Frontier

မကွေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်က ရေကန် တစ်ကန်မှာ ရေခပ်သူတချို့ကို တွေ့ရစဉ်။Teza Hlaing / Frontier

ကျောက်ပန်းတောင်းမြို့နယ်မှာရှိတဲ့ ရွာငယ်လေးတစ်ရွာက မိသားစုဝင်တိုင်းက နံနက် ၃ နာရီ၊ ဒါမှမဟုတ် ၄ နာရီလောက်ထပြီး ရေခပ်ရတယ်လို့ သိရပါတယ်။ ဒီလိုခပ်မှလည်း သူတို့ရဲ့တစ်နေ့တာ သောက်သုံးရေအတွက် လုံလောက်မှာ ဖြစ်ပြီး ဟင်းချက်ဖို့ရေလည်း ရရှိမှာ ဖြစ်ပါတယ်။ ဆင်းရဲတဲ့ မိသားစုတွေကတော့ ရေကို ရေပုံးနဲ့ပဲ ခပ်ကြပြီး ပိုက်ဆံတတ်နိုင်သူတွေကတော့ ရေတွန်းလှည်းနဲ့ ရေခပ်ကြပါတယ်။ ရေကန်မှာ ရေနည်းနေရင်တော့ ထွက်လာတဲ့ရေတွေမှာ ရွှံ့တွေပါတတ်ပါတယ်။

မြို့နယ်အတွင်းက ရွာတိုင်းမှာ ကိုယ်ပိုင်ရေကန်နဲ့ မော်တာရှိပြီး ဒါတွေကို အစိုးရက ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ ရေကန်တွေက ခြောက်သွေ့တဲ့ရာသီ ရောက်ချိန်မှာ ပထမ နှစ်လလောက်ပဲ အသုံးခံကြပါတယ်။

မြို့နယ်ရှိ ရွာပေါင်း ၃၃၉ ရွာထဲက ၁၇ ရွာလောက်က ရေခန်းခြောက်မှုဒဏ်ကို ကြီးကြီးကျယ်ကျယ် ခံစားနေရတယ်လို့ သိရတယ်။

“ကျွန်မတို့ရွာက ရေကန်က ဒီလအတွက်တော့ ရေလုံလောက်ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ခန်းတော့မှာ။ အဲဒီလိုဖြစ်သွားရင် ကျွန်မတို့ ဘာလုပ်ရမှန်းကို သိမှာမဟုတ်တော့ပါဘူး”လို့ ပေါက်ခေတ်ရွာနေ မနွေးက Frontier ကို ပြောပါတယ်။

“အရင်နှစ်တွေကဆိုရင် ရေကန်ကောင်းတွေရှိတဲ့ တခြားရွာက ရေကို အားကိုးလို့ရတယ်။  ဒါပေမဲ့ ဒီနှစ်ကတော့ ရွာအားလုံး ဒုက္ခရောက်နေကြတာဆိုတော့ မဖြစ်နိုင်တော့ပါဘူး”လို့ သူက ထပ်မံပြောကြားပါတယ်။

Teza Hlaing / Frontier

Teza Hlaing / Frontier

ရေကန်အများစုက ၁၅ မီတာ(ပေ ၅၀ ပတ်လည်) ရှိကြပြီး မိုးရာသီအကုန် ရောက်ရင်တော့ ရေအမြင့်က ၄ ဒသမ ၆ မီတာ (၁၅ ပေ)ခန့် ရှိပါတယ်။ ဒီရေကန်တွေဟာ ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ စတင်ရေခန်းခြောက်ခဲ့တာဖြစ်ပြီး ဧပြီလမှ လုံးဝ ရေခန်းခြောက်သွားမှာ ဖြစ်ပါတယ်။

တချို့ရွာတွေကတော့ ရေပမာဏ အနည်းငယ်သာရှိတဲ့ ရေတွင်းငယ်တွေကို အားကိုးပါတယ်။ ရေတွင်းရှိတဲ့ ရွာတွေမှာ ရွာသားတွေက ရေရဖို့အတွက် ရေတွင်းမှာ တန်းစီရပါတယ်။ ရေတွင်းက  ရေထွက်နှုန်း နည်းသွားတာကလည်း ရွာသားတွေအတွက် စိုးရိမ်စရာ အနေအထား ဖြစ်ခဲ့တယ်။

ကျောက်ပန်းတောင်းမြို့ကနေ မိနစ် ၃၀ လောက် ကားမောင်းရတဲ့ လင်းရောဆန်ရွာရဲ့ ရွာသူကြီးဖြစ်သူ ဦးအောင်စိုးရဲ့အဆိုအရ ရွာသားပေါင်း ၅၅၀ လောက်က ထမင်းချက်ဖို့နဲ့ သောက်ရေအတွက် ရေတွင်းငယ်တွေကို အားထားနေရတယ်လို့ သိရပါတယ်။

“အရင်က ကျွန်တော်တို့ဆီမှာ ရေတွင်းလေး သုံးတွင်းလောက် ရှိခဲ့ပေမယ့် အာဏာပိုင်တွေက ရွာတွေကြားထဲမှာ လမ်းဖောက်လိုက်တော့ ၁ တွင်းက ပျက်သွားပြီး ၂ တွင်းပဲ ကျန်ပါတော့တယ်”လို့ သူက ပြောပြပါတယ်။

Teza Hlaing / Frontier

Teza Hlaing / Frontier

ရေပြတ်လပ်မှုကြောင့် အလွယ်တကူ စိတ်ဆိုးစိတ်တို ဒေါသထွက်တာတွေလည်း ရှိလာနိုင်ပါတယ်။

လွန်ခဲ့တဲ့ခြောက်နှစ်လောက်က မကွေးမြို့နယ်ထဲက ရွာတစ်ရွာမှာ ရေတွင်းမှာ တန်းစီတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရွာသား နှစ်ယောက် ရန်ဖြစ်ရာကနေ တစ်ယောက်က ဓားထိုးခံခဲ့ရတဲ့ အဖြစ်မျိုးတွေ ဖြစ်ခဲ့ဖူးပါတယ်။

အဲဒီဖြစ်စဉ်ဟာ မကွေးမြို့ကနေ ၂ နာရီလောက် သွားရတဲ့ ကားလမ်းမပေါက်တဲ့ အင်းနက်ကုန်းရွာမှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ရွာသူကြီး ဦးအောင်သိုက်က Frontier ကို ပြောကြားပါတယ်။

“အဲဒီအချိန်ကစပြီး ရေတွင်းတွေမှာ ရေခပ်ရင် မိသားတစ်စု ရေသုံးပုံးပဲ ခပ်ရမယ်လို့ သတ်မှတ်ခဲ့ပြီး မလိုက်နာဘူးဆိုရင် ဒဏ်ငွေ ၃,၀၀၀ ချတဲ့ စည်းကမ်းထုတ်ခဲ့ပါတယ်”လို့ သူက ပြောပါတယ်။

အိမ်ခြေ ၂၆၅ အိမ်ရှိပြီး ရွာသား ၁,၂၀၀ လောက်ရှိတဲ့ အင်းနက်ကုန်းရွာကလည်း ရေတွင်းငယ်နှစ်ခုကိုသာ အားကိုးနေရပါတယ်။ ရွာက မိသားစုတွေဟာ နေ့စဉ် ရေသုံးပုံးကို ရေတွင်းက သွားခပ်နေရပြီး ရေပြတ်လပ်သွားမှာကိုလည်း စိုးရိမ်နေကြရပါတယ်။

ရွာတော်တော်များများမှာ ရေမော်တာ ပျက်နေတာကြောင့် ရွာသားများလည်း ဒုက္ခရောက်ကြပါတယ်။ ရေမော်တာအများစုက ၁၉၇၀ ပြည့်နှစ်များကတည်းက တပ်ဆင်ခဲ့တာဖြစ်ပြီး အချိန်တွေ ကြာလာတဲ့အခါမှာ ပျက်စီးခဲ့ရတာပဲ ဖြစ်ပါတယ်။

အဲသည် ရေမော်တာတွေကို စတင်တပ်ဆင်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၄၀ ခန့်က ရေစက်တွေက ပျမ်းမျှ ရေအနက် ၁၅၂ မီတာ(ပေ ၅၀၀) လောက်က ရေကို စုပ်ယူရတယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ ဒီလောက်အနက်က ရေတွေဟာ သောက်ဖို့နဲ့ ချက်ပြုတ်ဖို့အတွက် မသင့်တော်တော့ဘူးလို့ ရွာသားတွေက ဆိုပါတယ်။

ရေမော်တာတွေ ပြင်ဆင်ဖို့အတွက် ရွာသားတွေက ရေ ငါးဂါလံကို ကျပ် ၃၀ ပေးပြီး ရေတစ်စည်ကို ကျပ် ၁၅၀ ပေးကြတယ်လို့ သိရပါတယ်။

မန်းစည်ပင်က အဖွဲ့တစ်ဖွဲ့ ကျွန်တော်တို့ ရွာကို ရောက်လာပြီး ရေနဲ့ မြေ အရည်အသွေးကို စစ်ဆေးသွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ပြန်မလာတော့ပါဘူး။ ရေစက်ကလည်း အခုထိ ပြင်ဖို့ လိုနေဆဲပါပဲ

“ကျွန်တော်တို့အနေနဲ့ ရေပန့်တွေကို ပြင်ချင်ပေမယ့် ပိုက်ဆံကုန်တယ်လေ”လို့ ဦးအောင်သိုက်က ဆိုပြီး “ရေတွင်းသစ် တစ်တွင်းတူးဖို့ သိန်း ၂၃၀ (၁၈,၇၆၅ ဒေါ်လာ) လောက်ကုန်မှာဆိုတော့ ကျွန်တော်တို့ မတတ်နိုင်ပါဘူး”လို့ သူက ထပ်မံပြောကြားပါတယ်။

ရေစက်တွေက နှစ်လလောက်နေရင် ပျက်လေ့ရှိပြီး မပျက်ဘဲ ဆက်သုံးနေနိုင်တုန်းမှာ အနက် ၂၀၀ မီတာ(ပေ ၆၆၀)က ထွက်တဲ့ရေကလည်း သောက်သုံးဖို့ မသင့်တော်တဲ့ရေတွေ ဖြစ်လေ့ရှိပါတယ်။ ဒါ့အပြင် မြေအောက်ရေမှတ်ကလည်း လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ တဖြည်းဖြည်း နိမ့်သထက် နိမ့်ကျသွားခဲ့ပြီလို့ ဦးအောင်သိုက်က ပြောပါတယ်။

ရေစက်တွေအတွက် မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှာ အဓိက တာဝန်ရှိပြီး ရွာသားတွေအနေနဲ့ အစိုးရစရိတ်နဲ့ ရေစက်တွေ ပြင်ချင်တယ်ဆိုရင်တော့ ငွေကြေးထောက်ပံ့ရေး လျှောက်လွှာတင်ရတယ်လို့ သိရပါတယ်။

မြို့နယ်အဆင့်မှာဆိုရင် ငွေကျပ် ငါးသိန်း ခွင့်ပြုထားပြီး အဲသည်ငွေ ရရှိဖို့ လွယ်ပေမဲ့ ဒီထက်ပိုများတဲ့ ပမာဏအတွက် ခရိုင်အဆင့် တောင်းခံမှုလျှောက်လွှာ တင်ရတယ်လို့ ကျောက်ပန်းတောင်းမြို့နယ်က ဝန်ကြီးဌာနလမ်းညွှန်မှာ တွေ့ခဲ့ရပါတယ်။ ဒီတောင်းခံမှုက တစ်လ နှစ်လလောက်တော့ ကြာတတ်ပါတယ်။

Teza Hlaing / Frontier

Teza Hlaing / Frontier

ဦးအောင်သိုက်အနေနဲ့ ၂၀၁၂ ခုနှစ်က မကွေးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီကနေ အကူအညီ တောင်းခံခဲ့ပြီး ရေစက်တွေ ပြန်လည်ပြုပြင်ဖို့လည်း ၂၀၁၄ ခုနှစ်အတွင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆီက အကူအညီ တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

ဘယ်သူ့ကို ဆက်သွယ်ရမယ်မှန်း မသေချာလို့ သူဟာ နှစ်ဖွဲ့စလုံးကို ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။

“မန်းစည်ပင်က အဖွဲ့တစ်ဖွဲ့ ကျွန်တော်တို့ ရွာကို ရောက်လာပြီး ရေနဲ့ မြေ အရည်အသွေးကို စစ်ဆေးသွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ပြန်မလာတော့ပါဘူး။ ရေစက်ကလည်း အခုထိ ပြင်ဖို့ လိုနေဆဲပါပဲ”လို့ ဦးအောင်သိုက်က ပြောပါတယ်။

ကျောက်ပန်းတောင်းမြို့အနီးက ရွာတွေမှာ နေထိုင်သူတွေအနေနဲ့ မြို့ပြင်မှာရှိတဲ့ စစ်တပ်ဝင်းထဲကနေ သန့်ရှင်းတဲ့ရေကို ရရှိနိုင်တဲ့အတွက် ကံကောင်းနေပါသေးတယ်။

“ကျွန်တော်တို့ စခန်းကို ရေလိုချင်လို့ လာကြတဲ့ လူတွေအားလုံးကို ကျွန်တော်တို့ ရေထောက်ပံ့ပေးနေပါတယ်”လို့ ဗိုလ်ကြည်လွင်ဦးက ဆိုပါတယ်။

ဒါပေမဲ့ စစ်တပ်ဝင်းကနေ ရေသယ်ယူရာမှာ ရေစည်တွေ အသုံးပြုတာ၊ ယာဉ်တွေအသုံးပြုတာကို ကန့်သတ်ထားပြီး ရေပုံးတွေနဲ့သာ သယ်ယူရမယ်လို့ ကန့်သတ်ထားပါတယ်။ သို့ပေမဲ့လည်း လွန်ခဲ့တဲ့လအတွင်းက မြန်မာနိုင်ငံအလယ်ပိုင်းက အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွေက အယ်လ်နီညိုအတွက် ကြိုတင်ပြင်ဆင်ဖို့ သတိပေးခဲ့ပြီး ကျောက်ပန်းတောင်းမြို့နယ်ရုံးကလည်း ကော်မတီဖွဲ့ကာ  ဝေးလံတဲ့ဒေသတွေကို ရေပို့ဖို့အတွက် ဓာတ်ဆီ ဂါလံ ၃၀၀ အရန်ဖြည့်တင်းထားတယ်လို့ သိရပါတယ်။

“ကော်မတီအဖွဲ့ဝင်တွေဟာ ရွာတွေကို အပတ်တိုင်း သွားပြီး အခြေအနေကို လေ့လာကြပါတယ်”လို့ ရုံးအကြီးတန်းစာရေး ဦးမြင့်သိန်းက ဆိုပါတယ်။ ရွာသားတွေကတော့ ရွာကို မြို့က အာဏာပိုင်တွေလာဖို့ အခုထိ စောင့်နေကြတယ်လို့ ဆိုပြန်ပါတယ်။

ရဲထွဋ်သိန်း ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar