ပုပ်ရဟန်းမင်းကြီး ရန်ကုန်သို့ ဆိုက်ရောက်၊ ကတ်သလစ်ဘာသာဝင်များက လှိုက်လှိုက်လှဲလှဲ ကြိုဆို

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ဆိုက်ရောက်လာရာ ရိုမန်ကတ်သလစ်ဘာသာဝင် အများအပြားက ရန်ကုန်အပြည်အပြည်ဆိုင်ရာလေဆိပ်မှ မြို့တွင်းသို့ လာရောက်သည့် လမ်းတစ်လျောက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။

အသက် ၈၀ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်လာချိန်တွင် တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ထားသည့် ကလေးငယ်များက ပန်းစည်းများ ပေးအပ်ကာ ကြိုဆိုခဲ့ကြသည်။

ထို့ပြင် လေဆိပ်မှ မြို့တွင်းသို့ လမ်းတစ်လျောက်တွင် “love and peace” ဟု ရေးသားထားသည့် တီရှပ်အဖြူများကို ဝတ်ဆင်ထားကြသူများက ဗာတီကန်နှင့် မြန်မာအလံများ ဝှေ့ယမ်းကြိုဆိုခဲ့ကြပြီး အပြာရောင်ကားပေါ်မှ ပုပ်ရဟန်းမင်းကြီးကလည်း မှန်ဖွင့်ထားသည့် ပြတင်းပေါက်မှ လက်ပြနှုတ်ဆက်သွားခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးမှ ကတ်သလစ်ဘာသာဝင် ထောင်ပေါင်းများစွာမှာ ပုပ်ရဟန်းမင်းကြီးအား ကြိုဆိုတွေ့ဆုံခွင့် ရရှိနိုင်ရန်အတွက် ရန်ကုန်မြို့တွင် ရောက်ရှိနေကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေ ၅၁ သန်းအနက် ခုနစ်သိန်းခန့်မှာ ရိုမန်ကတ်သလစ် ဘာသာဝင်များ ဖြစ်ကြသည်။

“ကျွန်မ ပုပ်ရဟန်းမင်းကြီးကို တွေ့ခဲ့တယ်။ အရမ်းဝမ်းသာတာပဲ။ ငိုတောင် ငိုမိတယ်” ဟု အသက် ၄၈ နှစ်အရွယ် ခရစ္စတီးနားအေးအေးစိန်က ပုပ်ရဟန်းမင်းကြီး၏ မော်တော်ယာဉ်တန်းဖြတ်သန်းသွားပြီးချိန်တွင် အေအက်ဖ်ပီကို ပြောကြားသည်။

“သူ့ရဲ့ မျက်နှာက ချစ်ခင်နှစ်လိုဖွယ် အရမ်းကောင်းပါတယ်။ သူက ဒီကို ငြိမ်းချမ်းရေးအတွက် လာရောက်တာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ပုပ်ရဟန်းမင်းကြီးသည် မြန်မာနိုင်ငံတွင် လေးရက်ကြာရှိနေစဉ်အတွင်း ကတ်သလစ်ဘာသာဝင်နှစ်သိန်းခန့်အား ရန်ကုန်မြို့ ကျိက္ကဆံကွင်းတွင် တွေ့ဆုံမည်ဖြစ်သလို သမ္မတဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား နေပြည်တော်တွင် တွေ့ဆုံမည်ဖြစ်သည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရန်ကုန်တွင် တွေ့ဆုံရန် စီစဉ်ထားသလို ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar