ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရန်ကုန်သို့ ယနေ့ ရောက်ရှိမည်

ကမ္ဘာပေါ်ရှိ ကတ်သလစ်ဘာသာဝင် ၁ ဒသမ ၂ ဘီလျံ၏ အကြီးအမှူးဖြစ်သည့် ပုပ်ရဟန်းမင်းကြီးသည် မြန်မာနိုင်ငံသို့ လေးရက်ကြာခရီးစဉ်အတွက် ရန်ကုန်မြို့သို့ ယနေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိလာမည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ပုပ်ရဟန်းမင်းကြီးလည်းဖြစ်သည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် မြန်မာနိုင်ငံတွင် အစိုးရထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်သလို၊ ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

ဗာတီကန်၏ ထုတ်ပြန်မှုအရ ပုပ်ရဟန်းမင်းကြီးသည် ရန်ကုန်မြို့သို့ ယနေ့နေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိလာမည်ဖြစ်သည်။

ထို့နောက် ၎င်းသည် နိုဝင်ဘာ ၂၈ ရက်နေ့တွင် နေပြည်တော်၌ သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ဆုံမည်ဖြစ်သည်။

ထို့ပြင် ပုပ်ရဟန်းမင်းကြီးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုဝင်ဘာ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံရန် စီစဉ်ထားသည်ဟု သိရသည်။

မူလခရီးစဉ်အစီအစဉ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် မပါရှိသော်လည်း ဘုန်းတော်ကြီး ချားစ်မောင်ဘို၏ စီစဉ်မှုဖြင့် ထိုသို့တွေ့ဆုံရန် စီစဉ်လိုက်ခြင်းဖြစ်သည်။

“သံတမန်ရေးအရ ဒါဟာ အလွန်ကို စိတ်ဝင်စားဖို့ ကောင်းမှာ ဖြစ်ပါတယ်” ဟု ဗာတီကန်၏ ပြောရေးဆိုခွင့်ရှိသူ Greg Burke က ပြောကြားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မူဆလင်များအပေါ် “လူမျိုးစုအလိုက် ရှင်းလင်းမှုများ”ကျူးလွန်နေသည်ဟု အမေရိကန်ပြည်ထောင်စုက စွပ်စွဲထားချိန်တွင် လာရောက်သည့် ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်မှာ အလွန်သိမ်မွေ့သည့် ခရီးစဉ်ဖြစ်သည်ဟု သတင်းများက ရေးသားထားကြသည်။

မြန်မာနိုင်ငံတွင် ရှိနေစဉ်အတွင်း “ရိုဟင်ဂျာ” ဟူသည့် အသုံးအနှုန်းကို သုံးဆွဲခြင်းမပြုရန် ၎င်း၏ အကြံပေးအချို့က အကြံပြုထားကြသည်ဟုလည်း သိရသည်။

ရိုဟင်ဂျာအကြပ်အတည်းနှင့် ပတ်သက်ပြီး တကမ္ဘာလုံးက မြန်မာနိုင်ငံ၏ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

ပုပ်ရဟန်းမင်းကြီးအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြီးခဲ့သည့်မေလက ဗာတီကန်တွင် တွေ့ဆုံစဉ်ကတည်းကပင် ဒေါ်အောင်ဆန်းစုကြည်၏ ခက်ခဲသည့် အနေအထားကို နားလည် သဘောပေါက်ထားသည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။

“စစ်တပ်ကို သူမက အာဏာလက်လွတ် သွားစေချင်တာပါ။ ပုပ်ရဟန်းမင်းကြီးအနေနဲ့ သူမကို ထောက်ခံတယ်ဆိုတာကို ပြသလိမ့်မှာ ဖြစ်ပါတယ်” ဟု ဒေသတွင်း ကတ်သလစ်ဘာသာနှင့် ပတ်သက်ကာ ရေးသားနေသည့် Asia News အား တည်းဖြတ်သူလည်းဖြစ်ကာ ယခင်က သာသနာပြုတစ်ဦးလည်း ဖြစ်ခဲ့သည့် Bernardo Cervellera က ပြောကြားကြောင်း အေအက်ဖ်ပီတွင် ရေးသားထားသည်။

ပုပ်ရဟန်းမင်းကြီးအနေဖြင့် ယခုခရီးစဉ်အတွင်း ပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့် အကြပ်အတည်း ပပျောက်သွားရေးအတွက် ကြိုးစားမှုများကို အားပေးလိမ့်မည်ဟုလည်း ဘုရားကျောင်း တာဝန်ရှိသူများက ပြောကြားကြောင်း အေအက်ဖ်ပီက ရေးသားထားသည်။

မြန်မာပြည်သူပြည်သားများထံ ပေးပို့သည့် နှုတ်ခွန်းဆက်စကားတွင်မူ ပုပ်ရဟန်းမင်းကြီးက “မိမိအနေဖြင့် ယေရှုခရစ်တော်၏ သတင်းကောင်းကို ကြေညာရန် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ ၎င်းမှာ ပြန်လည်သင့်မြတ်ခြင်း၊ ခွင့်လွှတ်ခြင်းနှင့် ငြိမ်းချမ်းခြင်း သတင်းစကား ဖြစ်ပါကြောင်း” ထည့်သွင်းပြောကြားထားသည်။

လူသားထုတစ်ရပ်လုံးကို မိသားစုဝင်များအဖြစ် မှတ်ယူကာ အချင်းချင်း ရိုင်းပင်းကူညီဖေးမကြရန်လည်း ၎င်းက တိုက်တွန်းထားသည်။

ပုပ်ရဟန်းမင်းကြီးသည် နိုဝင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် မစ္ဆားတရားတော်မြတ်ကို ကျင်းပမည်ဟု သိရသည်။ အဆိုပါပွဲသို့ တစ်နိုင်ငံလုံးမှ ကတ်သလစ်ဘာသာဝင် နှစ်သိန်းနီးပါး တက်ရောက်ဖွယ်ရှိသည်ဟု အေအက်ဖ်ပီသတင်းဌာနက ရေးသားထားသည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ သန်းအနက် ခုနစ်သိန်းခန့်မှာ ရိုမန်ကတ်သလစ်ဘာသာဝင်များ ဖြစ်ကြသည်။

အဆိုပါနေ့တွင်ပင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ဆရာတော်ကြီးများနှင့် ပုပ်ရဟန်းမင်းကြီးတို့ ကမ္ဘာအေးကုန်းမြေတွင် တွေ့ဆုံရန် စီစဉ်ထားသည်ဟုလည်း သိရသည်။

ပုပ်ရဟန်းမင်းကြီးသည် မြန်မာနိုင်ငံမှ အပြန်တွင် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ဆက်လက်သွားရောက်မည်ဖြစ်သည်။ ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ရှိနေစဉ်အတွင်း ရိုဟင်ဂျာဒုက္ခသည်အချို့နှင့် တွေ့ဆုံရန်လည်း စီစဉ်ထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar