မြန်မာနိုင်ငံသို့ ယမန်နေ့က ရောက်ရှိနေသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ ညနေပိုင်းတွင် တွေ့ဆုံခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ စိန့်မေရီဘုရားကျောင်းတွင် သွားရောက် တွေ့ဆုံနှုတ်ဆက်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “မြန်မာနိုင်ငံ၌ ဘာသာရေးအရ ခွဲခြားဖိနှိပ် ဆက်ဆံမှုများ လုံးဝမရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားပါကြောင်း၊ မိမိတို့တပ်မတော်ထဲတွင်လည်းအလားတူပင်ဖြစ်ကြောင်း” ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
သတင်းဓာတ်ပုံ ထုတ်ပြန်ခြင်းမရှိသည့် အဆိုပါတွေ့ဆုံမှုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင်း တိုင်းရင်းသားအချင်းချင်း ခွဲခြားဆက်ဆံမှုများ မရှိဟု ပုပ်ရဟန်းမင်းကြီးကို ပြောကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီးက “မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်တောင်း စကားပြောကြားခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုပ်ရဟန်းမင်းကြီး၏ မူလအစီအစဉ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံမည့် အစီအစဉ် မပါရှိသော်လည်း မြန်မာနိုင်ငံ ကက်သလစ်အသင်းတော်၏ ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချာလ်းစ်ဘို၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့်ရက်နီးကပ်မှ ထိုသို့ တွေ့ဆုံရန် စီစဉ်လိုက်ခြင်းဖြစ်သည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား နေပြည်တော်တွင် ယနေ့ တွေ့ဆုံမည်ဖြစ်သည်။