ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ပုဂံဒေသရှိ ဘုရားပုထိုး အများအပြား ထိခိုက်ပျက်စီးခဲ့ရသော်လည်း ခရီးသွားအများအပြား လာရောက်လည်ပတ်သည့်နေရာ ဖြစ်သည့်အားလျော်စွာ ကြံ့ခိုင်မှုရှိသော စေတီဘုရားများသို့ လည်ပတ်ခွင့်နှင့် တက်ရောက်ခွင့်တို့ကို သက်ဆိုင်ရာက ပြန်လည် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။
ခွင့်ပြုပေးလိုက်သောစေတီများတွင် ခရီးသွားများ နေဝင်၊ နေထွက်ချိန် စောင့်ကြည့်လေ့ရှိသည့် ပြဿဒ်ကြီး (ခေါ်) ပြဿဒါးဘုရားနှင့် ရွှေဆံတော်တို့လည်း ပါဝင်သည်ကို ရှေးဟောင်းသုတေသနဦးစီးဌာနက စက်တင်ဘာ ၈ ရက်နှင့် ၉ ရက်နေ့များက ထုတ်ပြန်သည့် စာရင်းအရ သိရသည်။ အဆိုပါ ဘုရားနှစ်ဆူအပြင် တောင်ဂူနီစေတီမှလည်း ပုဂံ၏ နာမည်ကျော် နေဝင် နေထွက်ရှုခင်းကို ကြည့်ရှုနိုင်မည်ဖြစ်သည်။
သို့သော် ထိခိုက်မှုများပြားခဲ့သည့် စေတီ ၁၉ ဆူကိုမူ သွားရောက်လည်ပတ်ခွင့် ဆက်လက် တားမြစ်ထားသည်။ ထိုအထဲတွင် သဗ္ဗညု၊ ဂူပြောက်ငယ်၊ ရွှေကျောင်းနှင့် နတ်လှောင်ကျောင်းတို့ကဲ့သို့သော ထင်ရှားသည့် ပုထိုးစေတီများ၊ နေရာများလည်း ပါဝင်သည်ကို တွေ့ရသည်။
ငလျင်ဒဏ်ကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ စေတီပုထိုးပေါင်း ၃,၂၅၂ ဆူအနက် ၄၄၉ ဆူ ထိခိုက်ပျက်စီးခဲ့သည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက စက်တင်ဘာ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းတွင် ပုဂံသို့ ခရီးသွားများ လာရောက်မှု ရှိသော်လည်း ယခုအချိန်တွင် ခရီးသွား လာရောက်မှု လျော့နည်းသွားသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒီတလောမှာတော့ ခရီးသွားအဝင် နည်းနည်းလျော့သွားတယ်လို့ ထင်တယ်။ ပထမပိုင်းတော့ ငလျင်ကြောင့် ထိခိုက်သွားတာကို စိတ်ဝင်စားလို့ထင်တယ်။ လာကြတယ်။ ခုတော့ နည်းနည်းစိုးရိမ်လို့ လားတော့ မသိဘူး” ဟု ပုဂံအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးမျိုးညွန့်အောင်က Frontier ကိုပြောသည်။ နိုဝင်ဘာလခန့် ရောက်ရှိလျှင်မူ ခရီးသွားများ ဝင်ရောက်မှု ပုံမှန်ပြန်ဖြစ်နိုင်မည်ဟု ၎င်းက မှတ်ချက်ပြုသည်။
ပျက်စီးသွားသည့် ဘုရားပုထိုးများအား စနစ်တကျ ပြုပြင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်သွားမည်ဟု ၎င်းကပြောသည်။
“အခုရှင်းလင်းမှုလုပ်ငန်းတွေကို ရက်ပိုင်းလောက် ခဏနားထားတယ်။ ရှင်းလင်းပေးမယ့်သူတွေကို ယူနက်စကိုအကူအညီနဲ့ သေချာလေ့ကျင့်သင်ကြားပြီးမှ ပြန်လုပ်မှာမို့လို့ပါ။ ရှင်းလင်းမှုတွေက လပိုင်းလောက်တော့ အချိန်ယူရမယ်ထင်တယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။
လက်ရှိတွင် မိုးရွာသွန်းမှုကြောင့် ငလျင်ဒဏ်ခံထားရသည့် ပုထိုးစေတီများ ထပ်မံမထိခိုက်စေရန် အချို့ကို မိုးကာများဖြင့် ဖုံးအုပ်ထားပြီး၊ ပြန်လည်ပြုပြင်ချိန်တွင် ယူနက်စကို စံနှုန်းများနှင့်အညီ ပြုပြင်မည်ဟု သိရသည်။
“စေတီပုထိုးတွေကရလာတဲ့ တချို့အရာတွေကိုတော့ ပြန်ပြီး ဌာပနာတာမျိုး လုပ်ကြပါလိမ့်မယ်။ တချို့ အရမ်းရှားပါးတဲ့ အရာမျိုးတွေကိုတော့ ပြတိုက်မှာ ပြဖို့ထားလိမ့်မယ်ထင်ပါတယ်” ဟု ဦးမျိုးညွန့်အောင် က ပြောကြားသည်။
ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ ပုထိုး၊ စေတီများ ပြန်လည်ပြုပြင် မွမ်းမံရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ယူနက်စကို အပါအဝင် အဖွဲ့အစည်းများ၊ အလှူရှင်၊ စေတနာရှင်ပုဂ္ဂိုလ်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်နေရာ စက်တင်ဘာ ၄ ရက်နေ့အထိ အရေးပေါ် အမိုးအကာအုပ်ခြင်း အဆူ ၄၀၊ အပျက်အစီးများ ရှင်းလင်းဆဲ ငါးဆူ၊ ရှင်းလင်းပြီး ၁၇ ဆူ၊ အရေးပေါ် ထိန်းသိမ်းပြုပြင်ရန် ဝါးငြမ်းဆင်ပြီး နှစ်ဆူ၊ ငြမ်းဆင်ဆဲ ရှစ်ဆူ၊ ဝင်ရောက်ခြင်းမပြုရန် ဆိုင်းဘုတ် တပ်ဆင်ခြင်း ၅၇ ဆူ၊ အသေးစိတ် စာရင်းကောက်ယူခြင်း အဆူ ၃၅၀ တို့ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါစေတီပုထိုးများ ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းများ ဆောင်ရွက်နိုင်ရန် အလှူငွေများလည်း လက်ခံနေရာ စက်တင်ဘာ ၄ ရက်နေ့အထိ စေတနာရှင်ပြည်သူများထံမှ အလှူငွေ ကျပ် ၁၈,၆၁၇ သိန်းကျော်နှင့် အမေရိကန်ဒေါ်လာ ၁,၇၀၀ လက်ခံရရှိထားသည်ဟုလည်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
သတင်း-ကျော်ဖုန်းကျော်