ပုဂံဘုရားအချို့သို့ ဝင်ရောက်ခွင့် ပိတ်ထားပြီး ဧည့်သည်များကိုလည်း သတိပေးချက် ထုတ်ပြန်ထား

မြေငလျင်ဒဏ်ခံခဲ့ရသည့် ပုဂံဒေသရှိ စေတီပုထိုး ၃၄ ဆူကို ခရီးသွားများ ဝင်ရောက်လည်ပတ်ခွင့် ပိတ်ပင်ထားဆဲ ဖြစ်သည်။

သြဂုတ် ၂၄ ရက်နေ့က ပြင်းအားရစ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ မြေငလျှင်ကြောင့် ပုဂံရှိ စေတီပုထိုး ၄၀၀ ကျော် ထိခိုက်ခဲ့ကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါစေတီများအနက် အရေးပေါ် ပြင်ဆင်ထိန်းသိမ်းရေး ပြုလုပ်ခဲ့သော သာသနိကအဆောက်အအုံ အများစုကို ဘုရားဖူး ဧည့်သည်များအား ပြန်လည်ဖူးမျှော် လည်ပတ်ခွင့်ပြုခဲ့သော်လည်း ၃၄ ဆူကိုမူ ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲဖြစ်သည်။

“ပိတ်ထားတယ်ဆိုပေမယ့် တံတိုင်းအတွင်းတော့ ဝင်ရတယ်။ ဘုရားအပြင်ဘက်ကို ကြည့်လို့ရတယ်။ ဘုရားအတွင်းထဲတော့ ဝင်မရဘူး”ဟု Bagan Heritage Trust အဖွဲ့မှတွဲဘက်အတွင်းရေးမှူး ဦးမျိုးညွန့်အောင်က Frontier ကို စက်တင်ဘာ ၂ ရက်နေ့က ပြောသည်။

လက်ရှိအချိန်တွင် ပုဂံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသား ခရီးသွားအရေအတွက် ကျဆင်းနေကြောင်း၊ ခရီးသွားရာသီစတင်မည့် အောက်တိုဘာတွင် နိုင်ငံခြားသားခရီးသွားများ ပြန်လည် ဝင်ရောက်မည်ဟု ခန့်မှန်းရကြောင်း ဦးမျိုးညွန့်အောင်က ပြောသည်။

“နိုင်ငံခြားသားခရီးသွားကတော့ ဒီလထဲ တော်တော်နည်းသွားတယ်။ နောက်လတော့ ပြန်တက်လာမယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု ဦးမျိုးညွန့်အောင်က ပြောသည်။

မြေငလျင်ကြောင့် ထိခိုက်ပျက်ဆီးခဲ့သည့် ပုဂံရှိ သာသနိကအဆောက်အအုံများအတွင်း ခွင့်ပြုချက်မရှိပဲ ဝင်ရောက်လည်ပတ်ခြင်းမပြုရန် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနကလည်း ပြည်တွင်း ပြည်ပခရီးသွားများကို သတိပေးချက် ထုတ်ပြန်ထားသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ခရီးသွားများအတွက် ထုတ်ပြန်သည့် သတိပေးချက်တွင် နံရံဆေးရေး ပန်းချီများကို ကိုင်တွယ်ခြင်း၊ အပျက်အဆီး အပိုင်းအစများကို ယူဆောင်ခြင်းမပြုရန်လည်း ပါဝင်သည်။ ထို့အပြင် နောက်ဆက်တွဲငလျင်များနှင့် မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပြိုကျ ပျက်ဆီးမှုများကိုလည်း သတိထားရန် သတိပေးထားသည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar