People wait to withdraw money from an ATM outside a branch of Myawaddy Bank in Yangon on February 23. (AFP)
ဖေဖော်ဝါရီ၂၃ရက်က ရန်ကုန်မြို့ရှိ မြဝတီဘဏ်ခွဲတစ်ခုအနီး အလိုအလျောက်ငွေထုတ်စက် ATMမှ ငွေသားထုတ်ယူရန် စောင့်ဆိုင်းနေသူများကို မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

ပိတ်ထားဆဲ ဘဏ်တံခါးများနှင့် ကျဆင်းလာသည့် မြန်မာ့စီးပွားရေး

လွန်ခဲ့သော တစ်လအတွင်း ပုဂ္ဂလိကဘဏ်လုပ်ငန်းကဏ္ဍမှ ထောင်ပေါင်းများစွာသောအလုပ်သမားများ လုပ်ငန်းခွင်ကိုကျောခိုင်းကာ တပ်မတော်က အာဏာစွန့်လွှတ်ရန် ဖိအားပေးမှုသည် မြန်မာ့စီးပွားရေးကဏ္ဍကို ကြီးမားစွာထိခိုက်မှုရှိလာသည်။

ဖရွန်းတီးယားမြန်မာ

ဖေဖော်ဝါရီ၇ရက်မှစ၍ မနွယ်နွယ်အေးသည် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်(ခွဲ)ပြင်ပတွင် အခြားသူများနည်းတူ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည်။

ဖေဖော်ဝါရီ၁ရက် တပ်မတော်က နိုင်ငံ့အာဏာသိမ်းပိုက်ပြီးမကြာမီ အစိုးရဝန်ထမ်းများနှင့် အချို့သောပုဂ္ဂလိကဘဏ်ဝန်ထမ်းများသည် စစ်အစိုးရလက်အောက်တွင်အလုပ်လုပ်ရန်ငြင်းဆန်ခဲ့သည်။

စစ်တပ်ကအာဏာစွန့်လွှတ်ရန် အမြန်ဆုံးနှင့် အထိရောက်ဆုံး ဖိအားပေးသည့်နည်းလမ်းမှာ တိုင်းပြည်၏ ဘဏ္ဍာရေးဆိုင်ရာယန္တရားများကို ရပ်တန့်အောင်လုပ်ခြင်းဟု မနွယ်နွယ်အေးက ယုံကြည်သည်။ စီးပွားရေးမလည်ပတ်နိုင်ပါက နောက်ဆုံး တပ်မတော်တွင် ငွေကြေးပြတ်လပ်သွားလိမ့်မည်ဟု သူက တွက်ချက်သည်။

ဗဟိုဘဏ်သည် မြန်မာနိုင်ငံရှိငွေသားစီးဆင်းမှု၏ အဓိကသော့ချက်ဖြစ်သည်။ ထို့ကြောင့် ဗဟိုဘဏ်ဝန်ထမ်းများ ငြိမ်းချမ်းစွာအာဏာဖီဆန်ခြင်း(CDM)လှုပ်ရှားမှုတွင် ပါဝင်ခြင်းရှိ၊ မရှိသည် တော်လှန်ရေးအောင်မြင်မှုအပေါ် ကြီးမားသောအကျိုးသက်ရောက်မှုရှိလိမ့်မည်ဟု  သူကပြောသည်။

“ဗဟိုဘဏ် ဝန်ထမ်းအားလုံး CDM မှာပူးပေါင်းမယ်ဆိုရင် အာဏာသိမ်းမှုပျက်သွားမယ်လို့ ကျွန်မယုံကြည်တယ်”ဟု မနွယ်နွယ်အေးက ယုံကြည်မှုအပြည့်နှင့် ပြောသည်။

CBMလှုပ်ရှားမှုသည် ဗဟိုဘဏ်နှင့်ဘဏ်လုပ်ငန်းများအပေါ် ပိုမိုကျယ်ပြန့်စွာအာရုံစိုက်လာခြင်းသည် စစ်ကောင်စီအတွက် အနှောက်အယှက်ဖြစ်လာပုံရသည်။

ဖေဖော်ဝါရီ၁၅ရက်တွင် မနွယ်နွယ်အေးနှင့်ဆန္ဒပြသူများ ဗဟိုဘဏ်အနီးသို့ ရောက်ရှိချိန်တွင် ခြေလျင်တပ်မ၇၇မှ စစ်သားများတင်ဆောင်လာသည့် ထရပ်ကားများ၊ တင့်ကားများနှင့် ရင်ဆိုင်ခဲ့ရသည်။ လက်တွေ့တွင် ဆန္ဒပြသူများကို ခြိမ်းခြောက်ရန်သာဖြစ်သည်။ ဆန္ဒပြသူများသည် ဘဏ်ရှေ့မှ အခြားနေရာသို့အနည်းငယ်ပြောင်းရွှေ့ကာ ဆက်လက်ဆန္ဒထုတ်ဖော်နိုင်ခဲ့သည်။

အဆိုပါနေ့တွင် ရဲတပ်ဖွဲ့သည် သင်္ကန်းကျွန်းမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာအဆောက်အအုံတစ်ခုသို့ ဝင်ရောက်ကာ ဗဟိုဘဏ်ဝန်ထမ်း၂၀၀ခန့်ကို အလုပ်ပြန်လုပ်ရန် ဖိအားပေးခဲ့သည်။ သို့သော် ဆန္ဒထုတ်ဖော်သူများ၏ ဝန်းရံပိတ်ဆို့မှုကြောင့် ၎င်းတို့ ပြန်လည်ထွက်ခွာခဲ့သည်။

ဖေဖော်ဝါရီ၂၂ရက်က ဗဟိုဘဏ်ရှေ့တွင် ဆန္ဒပြနေသည့် မနွယ်နွယ်အေးကို မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံများ | ဖရွန်းတီးယားမြန်မာ)

စစ်အစိုးရသည် ဘဏ္ဍာရေးလည်ပတ်မှုတွင် ခေါင်းခဲစရာများနှင့် စတင်ကြုံတွေ့လာရသည်။ ပုဂ္ဂလိကဘဏ်အပါအဝင် အစိုးရ၏ ဘဏ်ဝန်ထမ်းများသည် အလုပ်လုပ်ရန် ငြင်းဆန်နေကြသည်။ စစ်တပ်အာဏာသိမ်းမှုကိုကန့်ကွက်ရန် ဖေဖော်ဝါရီ၃ရက်က စတင်ခဲ့သည့် CDMလှုပ်ရှားမှုတွင် ဘဏ်ဝန်ထမ်းများလည်း ပါဝင်လာကြသည်။ ဝန်ထမ်းမရှိသဖြင့်ပုဂ္ဂလိကဘဏ်ခွဲပေါင်း ၂,၀၀၀ကျော်ကို ဖေဖော်ဝါရီ၈ရက်မှစတင်၍ ပိတ်ပစ်ခဲ့ရသည်။

များပြားလှသော ဘဏ်ဝန်ထမ်းများသည် ဖေဖော်ဝါရီ၃ရက်တွင် “Myanmar Banker Union” (မြန်မာဘဏ်လုပ်ငန်းရှင်များသမဂ္ဂ) ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခု ဖွင့်လှစ်ခဲ့ကာ CDM လုပ်ဆောင်ရန် သတင်းအချက်အလက်များ၊ အကြံပြုချက်များ ဖလှယ်ခဲ့ကြသည်။ နေ့စဉ် ၅၀၀မှ ၁,၀၀၀ ကြားရှိသည့် အဆိုပါအဖွဲ့ဝင် ဘဏ်ဝန်ထမ်းများသည် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့တွင်းမြို့နယ်များတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်ဝန်ထမ်း ၆,၀၀၀ကျော် CDMတွင် ပါဝင်လိမ့်မည်ဟု အဆိုပါ ဖေ့စ်ဘွတ်ခ်စာမျက်ကို စတင်ဖွင့်လှစ်ခဲ့သူ အသက်၂၉နှစ်အရွယ် ကိုဘိုဘိုက ခန့်မှန်းသည်။

“အာဏာရှင်တွေရဲ့ လုပ်ငန်းလည်ပတ်မှုတွေရပ်တန့်သွားအောင် CDMမှာ ကျွန်တော်တို့ဝင်ပါမှဖြစ်မယ်”ဟု ကိုဘိုဘိုကပြောသည်။ ထို့ပြင် ယင်းလှုပ်ရှားမှုတွင် ဝန်ထမ်းများပိုမိုပါဝင်လာရန်လည်းလိုသည်ဟု ၎င်းကဆိုသည်။

Soldiers from the 77th Light Infantry Division outside the Central Bank of Myanmar on February 15. (Frontier)
တပ်မ၇၇မှစစ်သားများကို ရန်ကုန်မြို့ရှိ ဗဟိုဘဏ်(ခွဲ)အနီး ဖေဖော်ဝါရီ၁၅ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ကျောက်ခေတ်ကို ပြန်ရောက်နေပြီ

ဘဏ်များမဖွင့်နိုင်ခြင်းကြောင့် ဘဏ်များတွင် ငွေသွင်း၊ ငွေထုတ်မပြုလုပ်သည်မှာ တစ်လခန့် ရှိပြီဖြစ်သည်။ အထူးသဖြင့် ဘဏ်များပိတ်သိမ်းမှုကြောင့် ငွေပေးချေခြင်းနှင့် လက်ခံခြင်းတို့ မပြုလုပ်နိုင်သဖြင့် ပို့ကုန်နှင့်သွင်းကုန်လုပ်ငန်းရှင်များကို ထိခိုက်စေသည်။ ထို့အတူ စစ်ကောင်စီကိုလည်း ရိုက်ခတ်မှုရှိခဲ့ရာ ယင်းငွေကြေးအခက်အခဲကို ကျော်လွှားရန် စစ်ကောင်စီသည် ဖေဖော်ဝါရီ၁၅ရက်တွင် ငါးနှစ်သက်တမ်းရှိသည့် ငွေတိုက်စာချုပ်များကို ထုတ်ရောင်းခဲ့သည်။ ထုတ်ရောင်းခဲ့သည့် ပမာဏ ငွေကျပ်ဘီလျံ၂၀၀ဖိုးအနက် ကျပ်၁ဒသမ၇ဘီလျံဖိုးခန့်သာ ရောင်းချနိုင်ခဲ့သည်။ ယင်းအတွက် အတိုးနှုန်းမှာ ပုံမှန်ဘဏ်တိုးနှုန်းထက် ပိုများသည့် ပမာဏ ၉ရာခိုင်နှုန်း ဖြစ်သည်။ ထို့ပြင် နိုင်ငံခြားဘဏ်နှင့် ပြည်တွင်းဘဏ်များအကြား လုပ်ဆောင်သည့် ငွေကြေးစီးဆင်းမှု ဝန်ဆောင်မှုအားလုံးမှာလည်း ရပ်ဆိုင်းထားရသည်။

“ဒီလိုမျိုးတွေကြုံရလိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့ဘူး”ဟု အမည်မဖော်လိုသည့် ပုဂ္ဂလိကဘဏ်တစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးက စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။ “အခုအခြေအနေက ကျောက်ခေတ်ကို ပြန်ရောက်သွားသလိုပဲ။ ငွေပေးချေတဲ့ လုပ်ငန်းတစ်ခုလုံးက ရပ်တန့်လုနီးပါးဖြစ်နေတော့ လူတိုင်းက ကိုယ်လိုအပ်တာဝယ်နိုင်ဖို့ လက်ထဲမှာငွေသားပဲ ကိုင်ထားနိုင်အောင် ကြိုးပမ်းနေရတဲ့အခြေအနေဖြစ်နေပြီ”ဟု သူကပြောသည်။

ပြည်တွင်း၊ ပြည်ပပို့ကုန်သွင်းကုန် လုပ်ဆောင်ရန် ပြည်ပငွေပေးချေလွှဲပြောင်းမှုများ (International Bank Payment Transfer) ကို ဘဏ်များက ဝန်ဆောင်မှုပေးနိုင်ခြင်းမရှိတော့ဘဲ ရပ်တန့်လိုက်ရသည်။ ငွေများက ဘဏ်များထံဝင်လာနိုင်သည့်တိုင် လက်ခံရရှိမည့်ဘဏ်အကောင့်ထဲသို့ လွှဲပြောင်းပေးရန် ဝန်ထမ်းများမရှိဖြစ်နေသည်။

“ဘဏ်တွေက ဖွင့်ပြီးတော့လုပ်ငန်းလုပ်ဆောင်ဖို့ နေရာတိုင်းနီးပါးမှာ အခက်အခဲတွေရှိတယ်။ ဘဏ်ဖွင့်ပြီး လုပ်ငန်းမလည်ပတ်နိုင်တော့ ပို့ကုန်သွင်းကုန်လုပ်ငန်းစဉ်တွေအတွက် Payment Transfer နဲ့ စာရွက်စာတမ်းလွှဲပြောင်းပေးပို့တဲ့ ဝန်ဆောင်မှုကို လုပ်လို့မရဘူးဖြစ်နေတယ်။ အဓိကက အလုပ်ဆင်းတဲ့ဝန်ထမ်းနည်းတာကြောင့် ဘဏ်တွေက အချို့သောဝန်ဆောင်မှုတွေကို မလုပ်ပေးနိုင်ဘူး”ဟု ပုဂ္ဂလိကဘဏ်လုပ်ငန်းတစ်ခုမှ အမည်မဖော်လိုသူအကြီးတန်းတာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ဖရွန်တီးယားမြန်မာကို ဖေဖော်ဝါရီ၁၇ရက်က ပြောသည်။

နိုင်ငံတကာငွေကြေးလွှဲပြောင်းမှု ရပ်တန့်သွားခြင်းသည် လောင်စာဆီနှင့် စားသုံးဆီအပါအဝင် မဖြစ်မရှိလိုအပ်သည့် ကုန်ပစ္စည်းများ ဆက်လက်တင်သွင်းနိုင်ရေးအပေါ်  စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေသည်။ ဖေဖော်ဝါရီ၂၅ရက် အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုန်သွယ်ရေးမညီမျှကိုဖြေရှင်းရန် လောင်စာဆီနှင့် စားသုံးဆီလိုအပ်ချက်ကို လျှော့ချရန်လိုအပ်ကြောင်း ပြောကြားချက်က အဆိုပါစိုးရိမ်မှုကိုထင်ဟပ်နေသည်။

“လက်ရှိမှာ ဘဏ်တွေပိတ်ထားရတဲ့အတွက် ဝန်ထမ်းတွေကို ပေးဖို့အသေးသုံး ပိုက်ဆံတောင်ထုတ်လို့ မရဘူးဖြစ်နေတယ်။ နောက်ပြီး နိုင်ငံတကာငွေပေးချေမှု ( International Payment )တွေမှာ အခက်အခဲတွေ ရှိလာတယ်။ ပို့ကုန်ပိုင်းမှာဆိုရင် ကိုယ့်ဆီကရောင်းထားတဲ့ ဆန်ဖိုးငွေတွေကို ဘဏ်အကောင့်ထဲ ငွေဝင်လား၊ မဝင်ဘူးလားဆိုတာ စစ်လို့မရဘူးဖြစ်နေတယ်။ ကိုယ့်ဘက်ကနေ ဝယ်သူကိုပြန်ပေးရမယ့် ပိုးသတ်ဆေးကင်းစင်မှုလို စာရွက်တွေနဲ့ တခြားလိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပို့လို့မရဘူးဖြစ်နေတယ်”ဟု လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်းက ပြောသည်။

“လောင်စာဆီ ပြတ်လပ်လာရင်တော့ စီးပွားရေးလုပ်ငန်းတွေအပေါ် သိသိသာသာရိုက်ခတ်လာလိ့မ်မယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အွန်လိုင်းငွေပေးချေမှုလုပ်ငန်းများသည် အလုပ်ဖြစ်နေသေးသည့်တိုင် နုနယ်သေးသည့် ဒီဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို မြန်မာနိုင်ငံတွင် အကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်သေးသည်။ လက်ရှိရင်ဆိုင်နေရသော အကျပ်အတည်းကြောင့် ယခုအချိန်တွင် ဘဏ်များသည် ငွေပမာဏအနည်းငယ်သာ ထုတ်ယူနိုင်သည့် ATM စက်များအတွက်သာ ဝန်ဆောင်မှုပေးနိုင်သည်။ ဘဏ်ခွဲများတွင် ငွေအထုတ်အသွင်းနှင့်အခြားကုန်စည်ကူးသန်းရောင်းဝယ်မှုများအတွက် ဝန်ဆောင်မှုပေးခြင်းများကို ဆောင်ရွက်ပေး နိုင်တော့ခြင်းမရှိပေ။

“အခုဆိုရင် မလိုအပ်ဘဲ ငွေတစ်ကျပ်တောင် မသုံးရဲတော့ဘူး”ဟု မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများစွာရှိသည့် နိုင်ငံခြားကုမ္ပဏီတစ်ခုမှ အကြီးတန်းအမှုဆောင်တစ်ဦးက ပြောသည်။ “ကျွန်တော်တို့မှာ သိမ်းဆည်းထားတဲ့ အရံငွေအတွက် ပထမဦးစားပေးက ဝန်ထမ်းတွေကို လခပေးဖို့၊ ဒုတိယကတော့ အရေးပေါ်အသုံးစရိတ်အတွက် ဖြစ်ပါတယ်။ သေသေချာချာ၊ စေ့စေ့စပ်စပ်သုံးရင်တော့ နောက်တစ်လလောက်အထိတော့ လည်ပတ်နိုင်လိမ့်မယ်လို့ထင်တယ်”ဟု ၎င်းကပြောသည်။

အခြားစီးပွားရေးသမားတစ်ဦးကမူ ၎င်း၏ဝန်ထမ်းများအတွက် ဖေဖော်ဝါရီလစာကို ပုံမှန်အတိုင်း အီလက်ထရောနစ်စနစ်ဖြင့် ငွေလွှဲပြောင်းကာ ပေးချေခဲ့သည်ဟု ပြောသည်။ သို့သော်  ဝန်ထမ်းများအနေဖြင့် ATM စက်များမှ ငွေများကိုထုတ်ယူနိုင်ခြင်းရှိ၊ မရှိ မသေချာပေ။ “ရန်ကုန်ဟာ စင်ကာပူနဲ့မတူဘူး။ နေရာတိုင်းမှာ ATMတွေ မရှိဘူး။ အရင်ရောက်တဲ့သူ အရင်ထုတ်ပဲ။ ကံကောင်းရင်တော့ ငွေထုတ်လို့ရမယ်”ဟု သူက ဆက်ပြောသည်။

ငွေသားစက္ကူအပေါ် မှီခိုမှုအားကြီးခြင်းနှင့်အတူ ဘဏ်ခွဲများကိုပိတ်ထားခြင်းသည် လုပ်ငန်းလည်ပတ်မှုများကို နှေးကွေးသွားစေနိုင်ပြီး ဘဏ္ဍာရေးအကျပ်အတည်းကို ဦးတည်စေနိုင်သည်။ ထိုအခြေအနေသည် ဆန္ဒပြသူများနှင့် CDMလှုပ်ရှားမှုတွင်ပါဝင်သည့် ဝန်ထမ်းများ လောင်းကြေးထပ် မျှော်လင့်ထားသောအရာဖြစ်သည်။ ဘဏ်များကို ပိတ်သိမ်းလိုက်ခြင်းဖြင့် စစ်တပ်၏လုပ်ငန်းလည်ပတ်မှုကို နှေးကွေးသွားစေပြီး နောက်ဆုံး လူထုကဆန့်ကျင်နေသည့် အုပ်ချုပ်ရေးတစ်ရပ် အဆုံးသတ်သွားနိုင်ရေးပင် ဖြစ်သည်။

“ဘဏ်အားလုံးကိုပိတ်ထားရင် တိုင်းပြည်ရဲ့စီးပွားရေးကို အကြီးအကျယ် အကျိုးသက်ရောက်လိမ့်မယ်”ဟု ကိုဘိုဘိုကပြောသည်။ “ဘဏ်တွေမလည်ပတ်ရင် စစ်တပ်ကိုလည်း ထိခိုက်လာမှာပဲ။ နိုင်ငံပိုင်လုပ်ငန်းတွေလည်ပတ်ဖို့၊ ဝန်ထမ်းတွေကို လခပေးဖို့၊ သူတို့လည်း ရုန်းကန်ရလိမ့်မယ်”ဟု ကိုဘိုဘိုကပြောသည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ဖြေရှင်းနိုင်စွမ်းကို အကဲမဖြတ်နိုင်သေးပေ။ အလားတူ လက်ရှိဖြစ်ပေါ်နေသည့် ဘဏ်လုပ်ငန်း အကျပ်အတည်းအား ဖြေရှင်းနိုင်မည့် နည်းလမ်းကိုလည်း မတွေ့ရသေးပေ။

သို့သော် ဗဟိုဘဏ်အနေဖြင့် ဘဏ်လုပ်ငန်းများ၏လည်ပတ်မှုနှင့် ငွေရေးကြေးရေးယန္တရားများ ရပ်တန့်မသွားရန် စီမံချက်များဖြင့် တစ်ဆင့်ချင်းလုပ်ဆောင်သွားမည်ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဦးဝင်းသော်က ဖေဖော်ဝါရီ၁၇ရက်က ဖရွန်းတီးယားမြန်မာကိုပြောသည်။

“ငွေရေးကြေးရေး ယန္တရားလည်ပတ်မှုကို ရပ်တန့်မသွားအောင်၊ အခက်အခဲဖြစ်လာခဲ့ရင် အေ၊ ဘီ၊ စီဆိုပြီး စီမံချက်နဲ့ တစ်ဆင့်ချင်း လုပ်ဆောင်သွားမှာပါ”ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဦးဝင်းသော်ကပြောသည်။ သို့သော် လုပ်ဆောင်မည့် အစီအစဉ်အသေးစိတ်ကိုမူ ၎င်းက ဖွင့်ထုတ်ပြောဆိုခြင်း မပြုခဲ့ပေ။

ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းက သတင်းရင်းမြစ်အချို့၏အဆိုအရ စစ်ကောင်စီက လုပ်ငန်းရှင်များအား ဘဏ်ခွဲများပြန်လည်ဖွင့်လှစ်ရန် အတင်းအကျပ်ခြိမ်းခြောက်မှုအချို့ ရှိလာပြီဟု သိရသည်။ သို့သော် ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်အရာရှိအချို့ကမူ ခြိမ်းခြောက်မှုတစ်စုံတစ်ရာမရှိခဲ့ဟု ပြောသည်။

“ဗဟိုဘဏ်အနေနဲ့ကတော့ အခုထက်ထိ (ဖေဖော်ဝါရီ၁ရက်မှ ၁၇ရက်) ဘာညွှန်ကြားချက်မှ ထုတ်ပြန်ထားတာမရှိပါဘူး။ အရေးယူမယ်ဆိုတာလည်း မဟုတ်ပါဘူး။ ဘဏ်ဝန်ဆောင်မှု ရယူသူတွေကို အကောင်းဆုံးနည်းလမ်းနဲ့ ဝန်ဆောင်မှုပေးဖို့အတွက် ကြိုးစားပေးဖို့ပါးစပ်ပြောတဲ့ အဆင့်လောက်ပဲရှိပါတယ်။ ဗဟိုဘဏ်ကိုတောင် CDM လုပ်ဖို့တောင်းဆိုတာတွေရှိနေတော့ ကျန်တဲ့ဘဏ်တွေဆိုရင် ကြောက်ပြီးမဖွင့်ရဲဘဲ ဝန်ဆောင်မှုရပ်လိုက်တာမျိုးဖြစ်နိုင်ပါတယ်”ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဦးဝင်းသော်က ဖရွန်တီးယားမြန်မာကို ဖေဖော်ဝါရီ ၁၇ရက်က ပြောသည်။

မည်သို့ပင်ဖြစ်စေ ဗဟိုဘဏ်ကိုယ်တိုင် CDMလုပ်နေသည့် ၎င်းတို့၏ဝန်ထမ်းများကိုလုပ်ငန်းခွင်သို့ပြန်လည်ရောက်ရှိရန် မစွမ်းနိုင်သည့်အခြေအနေတွင် ပုဂ္ဂလိကဘဏ်များသည်လည်း ၎င်းတို့၏ဝန်ထမ်းများကို အလုပ်လုပ်ရန်ဖိအားပေးနိုင်မည်မဟုတ်ပေ။

“ဆန္ဒပြသူတွေဟာ လေဆာရောင်ခြည်လိုပဲ စစ်တပ်အတွက်အားနည်းချက်ကို အာရုံစိုက်နေကြတယ်။ (စစ်တပ်)မှာလည်း ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ အစီအစဉ်ရှိပုံမရဘူး။ ဗိုလ်ချုပ်ကြီးတွေဟာ အခုအခြေအနေက ၂၀၀၇က အခြေအနေမျိုးမဟုတ်တော့ဘူးဆိုတာ နားလည်ပုံမရဘူး”ဟု အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်တပ်နှင့် ဆက်နွှယ်နေသဖြင့် ရွှေဘဏ်နှင့် စပ်ဆက်လုပ်ငန်းများကို အားမပေးရန် တိုက်တွန်းထားသည့် လက်ကမ်းစာစောင်တစ်ခုကို မြင်တွေ့ရစဉ်။ နောက်ပိုင်းတွင် ၎င်းတို့လုပ်ငန်းစုသည် စစ်တပ်နှင့်ဆက်နွှယ်မှုမရှိကြောင်းနှင့် CDMတွင်ပါဝင်သည့်ဝန်ထမ်းများကို ဖိအားပေးခြင်းမရှိကြောင်း ရွှေဘဏ်က ကြေညာချက်ထုတ်၍ ပြန်လည်ရှင်းလင်းခဲ့သည်။ (ဓာတ်ပုံ | Don’t Buy It ဖေ့စ်ဘွတ်ခ်စာမျက်နှာ)

လူထုဖိအား

လွန်ခဲ့သောဆယ်စုနှစ်က အခြေအနေနှင့် မတူသည့်အချက်မှာ ပုဂ္ဂလိကဘဏ်များသည် စစ်တပ်ထက် ပြည်သူလူထုကို ပို၍ကြောက်နေခြင်းဖြစ်သည်။

စစ်တပ်အုပ်ချုပ်မှုကိုဆန့်ကျင်သူများ စည်းလုံးညီညွတ်မှုရှိလာသည့်အခါ တပ်မတော်၏ လုပ်ဆောင်မှုကိုအလေးထားသော မည်သည့်ဘဏ်ကိုမဆိုလူထုက ဒဏ်ခတ်ရန်အဆင်သင့်ရှိနေသည်။

အာဏာရှင်စနစ်ကိုဆန့်ကျင်ဆန္ဒပြသည့် ဝန်ထမ်းငါးဦးကို အလုပ်ထုတ်ခဲ့သည့် အစိုးရပိုင် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ကို ဆက်လက်အသုံးမပြုရန် MBUအဖွဲ့က လူထုကိုတိုက်တွန်းခဲ့သည်။

တက်ကြွလှုပ်ရှားသူများသည် ရွှေသံလွင်လုပ်ငန်းစု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော “ရွှေဘဏ်”ကိုလည်း တပ်မတော်နှင့်နီးကပ်သော ဆက်ဆံရေးရှိခြင်းကြောင့် သပိတ်မှောက်ရန် လူထုကို တောင်းဆိုခဲ့ကြသည်။ ဖေဖော်ဝါရီ၁၈ရက်တွင် ရွှေဘဏ်သည် စစ်တပ်နှင့်ဆက်နွယ်မှုမရှိကြောင်းနှင့် ဝန်ထမ်းများအလုပ်ပြန်ဆင်းရန် ဖိအားပေးမှုမရှိဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြသည်ကို ခွင့်ပြုသည့်အနေဖြင့် ၎င်းတို့ဝန်ထမ်းများအား မိမိတို့ဆန္ဒအတိုင်းလုပ်ဆောင်နိုင်ကြောင်း ဘဏ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကမ္ဘောဇဘဏ်၏ လက်ထောက်အမှုဆောင်အရာရှိချုပ် ဦးအောင်ကျော်မျိုးက ဘဏ်၏အမာခံဖောက်သည်များအတွက် ဘဏ်ခွဲများ၏ “အနောက်တံခါး”ကို တိတ်တဆိတ် ပြန်ဖွင့်ရန် ဝန်ထမ်းများအား တိုက်တွန်းခဲ့သည့်အသံဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာများထက်တွင် ပျံ့နှံ့ခဲ့သည်။

အစည်းအဝေးသို့ တက်ရောက်လာသည့် ဝန်ထမ်းအချို့က ၎င်းတို့၏ အိမ်နီးချင်းများနှင့် လူထုကန့်ကွက်မှုများနှင့်ကြုံတွေ့ရမည်ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။ ထိုအခါ ဦးအောင်ကျော်မျိုးက “ဆန္ဒပြသည့်ပုံစံအတိုင်းဝတ်ဆင်”၍ ဘဏ်သို့လာရောက်နိုင်ကြောင်း၊ ယင်းသို့ဝတ်ဆင်ပါက ဆန္ဒပြပွဲသွားသည်ဟုသာ အများက ယူဆမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပြီး ဝန်ထမ်းများကို အလုပ်ပြန်ဆင်းရန် တိုက်တွန်းခဲ့သည်။

ကမ္ဘောဇဘဏ်အကြီးတန်းအရာရှိတစ်ဦးက အဆိုပါအသံဖိုင်၏ မှန်ကန်မှုကိုအတည်ပြုပေးခဲ့ပြီး ဘဏ်ရှိ အလယ်အလတ်မန်နေဂျာများနှင့် “အကြီးအကဲအချို့”က ဘဏ်ခွဲများကို ပြန်လည်ဖွင့်လှစ်ကာ အမှုဆောင်အရာရှိချုပ်ကို အသိမပေးဘဲ ဝန်ဆောင်မှုများပေးခဲ့သည်ဟု ဖရွန်းတီးယားမြန်မာကို ပြောသည်။

သို့သော် ကမ္ဘောဇဘဏ်၏ CDMလှုပ်ရှားမှုတွင်ပါဝင်နေသည့် ဝန်ထမ်းတစ်ဦးနှင့် CDMမလုပ်သည့် ဝန်ထမ်းတစ်ဦးက ဘဏ်အတွက် သူတို့လုပ်ပေးနေသည့် တစ်ခုတည်းသောအလုပ်မှာ ATMစက်များတွင် ငွေဖြည့်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်မတို့ CDMလုပ်နေပေမဲ့ ATMကနေ လူတွေငွေထုတ်လို့ရအောင် ပိုက်ဆံဖြည့်ပေးဖို့ မန်နေဂျာနဲ့ သဘောတူခဲ့တယ်”ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။ “ကျွန်မတို့ရွေးကောက်ထားတဲ့အစိုးရ ပြန်အာဏာရတဲ့အထိ CDM ကိုဆက်လုပ်သွားမှာပါ။ လခအတွက် မစဉ်းစားတော့ဘူး”ဟု သူကပြောသည်။

ဖေဖော်ဝါရီ၂၅ရက်တွင် ကမ္ဘောဇဘဏ်သည် ၎င်းတို့၏ဝန်ထမ်းများအား မတ်၃ရက်မှ ၅ရက်အထိ ဘဏ်ခွဲများဖွင့်လှစ်ရန် စီစဉ်ထားကြောင်း အသိပေးအကြောင်းကြားခဲ့သည်။ ထိုရက်များတွင် အလုပ်ဆင်းရန် ဆန္ဒရှိသူများကိုဖိတ်ခေါ်ခဲ့သည်။ သို့သော် ဘဏ်ဝန်ဆောင်မှုများ အကန့်အသတ်ဖြင့်သာ ရှိမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကိုမူ ပြောကြားခြင်းမရှိပေ။ သို့သော်အဆိုပါနေ့များတွင် ကမ္ဘောဇဘဏ်ခွဲများ ဖွင့်လှစ်ခဲ့ခြင်းမရှိခဲ့ပေ။

ပုဂ္ဂလိကဘဏ်တစ်ခု အကြီးတန်းအရာရှိကမူ လက်ရှိအခြေအနေတွင် ဘဏ်ရုံးချုပ်သို့သွားရန်ပင် ခက်ခဲကြောင်း ပြောကြားခဲ့သည်။ “ကျွန်နော်တို့က ဖိအားအများကြီးနဲ့ ရင်ဆိုင်နေရတယ်။ ကျွန်တော်တို့ကို ဘဏ်မဖွင့်ဖို့ ပြောနေတဲ့လူတွေ အများကြီးရှိတယ်”ဟု သူကပြောသည်။

၎င်း၏ဘဏ်သည် အကန့်အသတ်ဖြင့်သာ လည်ပတ်နေရပြီး ဘဏ်ခွဲတစ်ခု၌သာ ကြိုတင်ရက်ချိန်းယူသည့်စနစ်ဖြင့် ဝန်ဆောင်မှုပေးနေသည်ဟု ၎င်းကဆိုသည်။

“ကျွန်တော်တို့ ဖောက်သည်တွေနဲ့ စာချုပ်နဲ့လုပ်တဲ့ ဝန်ဆောင်မှုတွေရှိတယ်။ သူတို့ပိုက်ဆံလိုရင် ကျွန်တော်တို့ ထုတ်ပေးရမယ့် တာဝန်ရှိတယ်။ ဒါကြောင့် တော်တော်လေးကို အကန့်အသတ်နဲ့ ဝန်ဆောင်မှုပေးနေရတာဖြစ်တယ်။ ကံမကောင်းစွာနဲ့ ပွင့်လင်းမြင်သာမှုမရှိဘဲလုပ်နေရတဲ့သဘော ဖြစ်နေတယ်။ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ အဖြေတစ်ခုရပါစေလို့ပဲ ဆုတောင်းနေရတယ်”ဟု သူကပြောသည်။

ဤဖြစ်စဉ်သည် မြန်မာနိုင်ငံဘဏ်လုပ်ငန်းရှင်များ အတွက် “ကြီးမားသောသင်ခန်းစာ”ဖြစ်သည်ဟု သူက ပြောသည်။ “အရင်က ကျွန်တော်တို့ အုပ်ချုပ်သူတွေနဲ့ ဖောက်သည် (စီးပွားရေးလုပ်ငန်းရှင်များ)တွေကိုပဲ စိတ်ကျေနပ်မှုရှိအောင် ကြိုးစားပေးခဲ့ရတာ။ အခုပြည်သူတွေကိုလည်း ကျေနပ်အောင်လုပ်ပေးရမယ့်သူတွေဖြစ်လာပြီ”ဟု သူကပြောသည်။

ပုံအညွှန်း
  • ဖေဖော်ဝါရီ၁ရက် – စစ်အာဏာသိမ်းမှုကြောင့် ဘဏ်များပိတ်ခဲ့သည်။
  • ဖေဖော်ဝါရီ၂ရက် – ဘဏ်များပြန်ဖွင့်ရာ ငွေထုတ်ယူသူများဖြင့် ပြည့်နှက်ခဲ့သည်။
  • ဖေဖော်ဝါရီ၈ရက် – CDMတွင် ဝန်ထမ်းများပါဝင်သဖြင့် ဘဏ်များ ပြန်ပိတ်သည်။
  • ဖော်ပြထားသော ကိန်းဂဏန်းများမှာ အမေရိကန်ဒေါ်လာဖြင့်ဖြစ်သည်။
  • Interbank Dealing – ဘဏ်အချင်းချင်းအကြား ရောင်းဝယ်မှု။
  • Customer Dealing – အများပြည်သူနှင့်ဘဏ်များအကြား ရောင်းဝယ်မှု။

ပုံမှန်ပြန်ဖြစ်နိုင်မလား

ယင်းအခက်အခဲများရှိသည့်တိုင် ဖေဖော်ဝါရီနောက်ဆုံး သီတင်းပတ်တွင်မူ ဘဏ်လုပ်ငန်းကဏ္ဍမှာ လှုပ်ရှားမှုပိုမိုများပြားလာသည်။

ဗဟိုဘဏ်က ဘဏ်အချင်းချင်းအကြားနှင့် ဘဏ်နှင့်အများပြည်သူအကြားရောင်းဝယ်မှုအပါအဝင် နိုင်ငံခြားငွေရောင်းဝယ်မှုဈေးကွက်ဆိုင်ရာအချက်အလက်များကို နေ့စဉ်ထုတ်ပြန်နေသည်။ ဇန်နဝါရီလအတွင်း အများပြည်သူနှင့်ဘဏ်များအကြား နိုင်ငံခြားငွေရောင်းဝယ်မှုမှာ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ သန်း၇၀နီးပါးရှိခဲ့ပြီး ဘဏ်အချင်းချင်းအကြား နိုင်ငံခြားငွေအရောင်းအဝယ်မှာ ဒေါ်လာသန်း၂၀ခန့် ရှိခဲ့သည်။

ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ CDMစတင်လုပ်ဆောင်သည့် ဖေဖော်ဝါရီ၈ရက်မှစ၍ နောက်နှစ်ပတ်တာ ကာလအတွင်း နိုင်ငံခြားငွေရောင်းဝယ်မှာ ကျဆင်းသွားသဖြင့် အများပြည်သူနှင့်ဘဏ်များအကြားဈေးကွက်သာမက ဘဏ်အချင်းချင်းအကြား နိုင်ငံခြားငွေရောင်းဝယ်မှုဈေးကွက်ပါ ရပ်တန့်သွားခဲ့သည်။

သို့သော် ဖေဖော်ဝါရီ၂၂ရက်တွင် နိုင်ငံခြားငွေအရောင်းအဝယ်ဈေးကွက်အခြေအနေမှာပြန်လည်တိုးတက်လာခဲ့ပြီး အများပြည်သူနှင့်ဘဏ်အကြားရောင်းဝယ်မှုသည် ပျမ်းမျှအားဖြင့်ဒေါ်လာ၁၂ဒသမ၃သန်းနှင့် ဘဏ်အချင်းချင်းအကြား အရောင်းအဝယ်မှာ တစ်ရက်လျှင် ဒေါ်လာ၄ဒသမ၅သန်း ရှိလာခဲ့သည်။ ယင်းပမာဏများသည် ဇန်နဝါရီလအတွင်းက ပျမ်းမျှအရောင်းအဝယ်ပမာဏ၏ ငါးပုံတစ်ပုံမျှသာ ဖြစ်သော်လည်း ဦးဝင်းသော်က အဆိုပါအခြေအနေကို “ပုံမှန်နီးပါး” ပြန်ရောက်လာပြီဟု ပြောဆိုခဲ့သည်။

ဖေဖော်ဝါရီ၂၂ရက်တွင် ပြုလုပ်ခဲ့သည့် ၂ငါးလုံးအရေးတော်ပုံ ဆန္ဒထုတ်ဖော်မှုအပြီး နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများလျော့နည်းသွားသဖြင့် ဘဏ်များအကြား အရောင်းအဝယ်များ၊ ဘဏ်အချင်းချင်းငွေလဲလှယ်မှုဈေးကွက်နှင့် ပို့ကုန်နှင့်သွင်းကုန်များအတွက် နိုင်ငံတကာငွေပေးချေမှုများ ပြန်လည်စတင်နိုင်ခဲ့သည်ဟု သူကပြောသည်။

“အခုအချိန်မှာ အရာရာတိုင်းဟာ ပုံမှန်ပြန်ဖြစ်လာပြီ”ဟု ဦးဝင်းသော်ကပြောသည်။ သို့သော်“ ပုံမှန်ပြန်ဖြစ်လာပြီ” ဆိုသည့်ပြောဆိုမှုသည် ပုံကြီးချဲ့ပြောဆိုသည့် အသွင်ဆောင်နေသည်။ လက်ရှိတွင် ပြည်တွင်းပုဂ္ဂလိကဘဏ်များ ပိတ်ထားဆဲဖြစ်ပြီး လူအများစုသည် ငွေအမြောက်အများကို ထုတ်ယူနိုင်သည့်အခြေအနေလည်း မရှိသေးပေ။

ပြည်တွင်းပုဂ္ဂလိကဘဏ်များက တာဝန်ရှိသူများသည် ဘဏ်များပိတ်ထားသည့် အခြေအနေကို တရားဝင်ဖွင့်ဟ ဆွေးနွေးရန် တွန့်ဆုတ်နေကြသည်။ ဗဟိုဘဏ်သည် ဘဏ်များအကြား နိုင်ငံခြားငွေကုန်သွယ်မှုဈေးကွက်ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီဖြစ်သဖြင့် ဘဏ်များအချင်းချင်း နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားနိုင်ပြီဟု ကမ္ဘောဇဘဏ်အကြီးတန်းအကြံပေး ဦးသန်းလွင်က ဖရွန်းတီးယားမြန်မာကို ဖေဖော်ဝါရီ၈ရက်က ပြောသည်။

ငွေသားလက်ဝယ်ပိုင်ဆိုင်မှုအရ မြန်မာနိုင်ငံ၏ တတိယအကြီးဆုံးဘဏ်ဖြစ်သည့် စီဘီဘဏ်၏ အကြီးတန်းအကြံပေး ဦးဖေမြင့်ကမူ ဘဏ်ခွဲများအားများ ပိတ်ထားဆဲဖြစ်သော်လည်း ဆန္ဒပြမှုများလျော့နည်းသွားပါက ပုံမှန်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပြန်လည်လုပ်ဆောင်နိုင်မည်ဟု ပြောကြားခဲ့သည်။

ဘဏ်လုပ်ငန်းနယ်ပယ်က အခြားသတင်းရင်းမြစ်များကမူ နိုင်ငံခြားငွေအရောင်းအဝယ် ပိုမိုမြင့်တက်ခဲ့ကြောင်း အတည်ပြုကြသည်။ သို့သော် အများစုမှာ ဘဏ်များက ပုံမှန်အားထားရသည့် လုပ်ငန်းကြီးများ၏ ငွေကြေးလည်ပတ်မှုအတွက်သာ ဖြစ်ခဲ့ဟန်တူပြီး ယင်းမှာလည်း ဖေဖော်ဝါရီလအတွက် ဝန်ထမ်းများကို လစာပေးရန်လိုအပ်ချက်ကို အဓိကထားပုံရသည်။ ယင်းအခြေအနေသည် မတ်လအတွင်း ဆက်ရှိ၊ မရှိကို အသေအချာမသိရသေးပေ။ သို့သော် CDMလုပ်ဆောင်နေသည့် ဘဏ်ဝန်ထမ်းများ လုပ်ငန်းခွင်သို့ မကြာမီပြန်လည်ဝင်ရောက်လိမ့်မည်ဟူသော ယူဆချက်များလည်း ရှိနေသည်။

“အခုအချိန်က ခန့်မှန်းဖို့ အရမ်းခဲယဉ်းတယ်။ ဒါပေမဲ့ အခုအခြေအနေကြီး ပိုကြာလာလေ ဘဏ်အတွက်ရော၊ စီးပွားရေးအတွက်ပါ ဖြစ်လာမယ့် အခြေအနေကို ပိုပြီးစိတ်ပူမိလာတယ်”ဟု ဘဏ်တစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ၂၃ရက်က ရန်ကုန်မြို့ရှိ စီဘီဘဏ် ATM စက်တွင် ငွေထုတ်ရန် တန်းစီစောင့်ဆိုင်းနေသူများကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ| အေအက်ဖ်ပီ)

ကြုံလာနိုင်ဖွယ်ရှိသော အကျပ်အတည်းများ

အကယ်၍ ဘဏ်များ အမှန်တကယ်ပြန်ဖွင့်နိုင်ခဲ့လျှင် မည်ကဲ့သို့အခြေအနေများနှင့် ကြုံတွေရမည်နည်း။

အင်မတန်ကသောင်းကနင်းနိုင်မည့် အခြေအနေများဖြစ်လာနိုင်သည့် ရှေ့ပြေးလက္ခဏာများကိုကြိုမြင်နေရသည်။ ငွေအပ်ထားသူများသည် ၎င်းတို့၏ ဘဏ်အပ်ငွေများကို ပြန်လည်ထုတ်ယူရန် စိတ်အားထက်သန်နေသည့်နည်းတူ ငွေချေးထားသူများကလည်း စီးပွားရေးကျဆင်းမှုကြောင့် ချေးငွေပေးဆပ်ရန် ပျက်ကွက်မှုများမြင့်တက်လာနိုင်သည့် အခြေအနေတွင် ဘဏ်များသည် ဖိအားများစွာကိုရင်ဆိုင်ရမည်ဖြစ်သည်။

သို့သော် ပုဂ္ဂလိကဘဏ်တော်တော်များသည် မူလကပင်ဘဏ္ဍာရေးအရ ခိုင်မာသည့်အခြေအနေတစ်ခုတွင် ရှိမနေပေ။ အဘယ်ကြောင့်ဆိုသော် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကတည်းပင် ရယူထားသည့်ချေးငွေ အမြောက်အများအတွက် အတိုးအရင်းပြန်မဆပ်နိုင်သောချေးငွေ (non-performing loans)များနှင့် ဝန်ပိနေပြီးသားဖြစ်သည်။ ထိုအခြေအနေတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါရိုက်ခတ်မှုက ဘဏ်များအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိလာပြန်သည်။ ချေးငွေရယူထားသူများသည် သတ်မှတ်ကာလအတိုင်း အတိုးရောအရင်းပါ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှုများ ဖြစ်ပေါ်လာသည်။ အဆိုပါ အခြေအနေများကြောင့် အင်န်အယ်လ်ဒီအစိုးရက ပုဂ္ဂလိကဘဏ်များ ၎င်းတို့၏ အတိုးအရင်းပြန်မဆပ်နိုင်သောချေးငွေ (non-performing loans) များ ပြန်လည်ပေးသွင်းစေမည့် နောက်ဆုံးကာလကို ၂၀၂၃၊ နှစ်လယ်ပိုင်းအထိ ပြောင်းရွှေ့သတ်မှတ်ပေးခဲ့သည်။

ဘဏ်များအတွက် ကြိုတင်တွက်ဆထားသည့် အခြေအနေများသည် အမှန်တစ်ကယ်ဖြစ်ပေါ်လာသည်။ အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ၂ရက်က ဘဏ်များပြန်လည်ဖွင့်လှစ်လိုက်သောအခါ ငွေထုတ်ယူရန် စောင့်ဆိုင်းနေသည့် လူအုပ်ကြီးက ကြိုဆိုနှုတ်ဆက်ကြသည်။

သို့သော်ဘဏ်များ စိတ်သက်သာရာရဖွယ် အကြောင်းအရင်းတစ်ခုရှိခဲ့သည်။ အဆိုပါနေ့တွင် လည်ပတ်နေသော ငွေစက္ကူအချို့ကို ဗဟိုဘဏ်က ဖျက်သိမ်းမည်ဟူသော ကောလာဟလတစ်ခု ပျံ့နှံ့လာသည်။ ယင်းကောလာဟလကြောင့် အချို့က ဘဏ်တွင် အပ်နှံထားသော ငွေများကို သွားရောက်ထုတ်ယူရန် လက်တွန့်သွားခဲ့သည်။ ယင်းနေ့တွင်ပင် ဗဟိုဘဏ်က အဆိုပါကောလာဟလ မမှန်ကန်ကြောင်း ငြင်းချက်ထုတ်ပြန်ခဲ့သည်။

ထိုအချိန်တွင် စစ်တပ်ပိုင်မြဝတီဘဏ်သည် နိုင်ငံရေးအကျပ်အတည်းများကြားမှပင် ပြည်တွင်းဘဏ်များပုံမှန်လည်ပတ်နေကြောင်း ပြသနိုင်ရန် ဘဏ်ခွဲများကိုဖွင့်လှစ်ခဲ့သည်။ ပြည်တွင်းဘဏ်များပုံမှန်ဖွင့်လှစ်ကာ နေ့စဉ်ဝန်ဆောင်မှုပေးနေကြောင်းကိုလည်း အစိုးရပိုင်မီဒီယာများတွင် ထပ်ခါထပ်ခါ ထုတ်လွှင့်ခဲ့သည်။ စစ်တပ်ပိုင်မြဝတီဘဏ်ဖြစ်သည့်အတွက် ထိုသို့လုပ်ဆောင်ချက်များသည် အံ့ဩစရာမရှိပါ။

မြဝတီသည်ငွေကြေးလက်ဝယ်ပိုင်ဆိုင်မှုအရ မြန်မာနိုင်ငံတွင် ခြောက်ခုမြောက်အကြီးဆုံးပုဂ္ဂလိကဘဏ်ဖြစ်ပြီး စျေးကွက်ဝေစု ၁၁ရာခိုင်နှုန်းခန့် ပိုင်ဆိုင်ထားသည်။ သို့သော် နေ့စဉ် လူအများအပြားသည် ၎င်းတို့၏ အပ်ငွေများကို ပြန်လည်ထုတ်ရန်ကြိုးပမ်းလာသည့်အခါ ဘဏ်အာဏာပိုင်များသည် ဖေဖော်ဝါရီ၁၆ရက်တွင် တုံကင်စနစ်နှင့် ငွေထုတ်ယူသည့် ပမာဏကိုကန့်သတ်ရန် စတင်ဆောင်ရွက်ခဲ့သည်။ ငွေစာရင်းတစ်ခုအတွက် တစ်နေ့လျှင် အများဆုံး ငွေကျပ်သိန်း၅၀ သာထုတ်ပေးရန် သတ်မှတ်ခဲ့သည်။ နှစ်ရက်အကြာတွင် တစ်နေ့လျှင် လူအယောက်၁၀၀ကိုသာ ဝန်ဆောင်မှုပေးရန် ထပ်မံကန့်သတ်လိုက်ပြီး ငွေစာရင်းတစ်ခုလျှင် ထုတ်ယူနိုင်သည့်ပမာဏကို ကျပ်၁၀သိန်းအထိ လျှော့ချလိုက်သည်။ ဖေဖော်ဝါရီ၂၃ရက်တွင် မတ်အစောပိုင်းအထိ ငွေထုတ်ယူမှုများကို ဆိုင်းငံ့လိုက်ကြောင်းကြေညာလိုက်သည်။

ဖေဖော်ဝါရီ၁၆ရက်က ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်ရှိ မြဝတီဘဏ်ခွဲသို့ ဖရွန်းတီးယားမြန်မာက သွားရောက်ကြည့်ရှုသောအခါ လူ၅၀၀နီးပါး တန်းစီး၍ တိုကင်ရရန် စောင့်ဆိုင်းနေသည်ကို တွေ့ရှိခဲ့ရသည်။

“တစ်ချို့လူတွေက ပိုက်ဆံထုတ်ဖို့ မနက်၅နာရီကတည်းက ရောက်နေကြတယ်။ ကျွန်မကတော့ ၇နာရီလောက် ရောက်လာတာ။ တိုကင်နံပါတ် ၁၆၈ရတယ်”ဟု တန်းစီစောင့်ဆိုင်းနေသူ ဒေါ်သီတာဦးက ပြောသည်။

အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်သည် ဖေဖော်ဝါရီ၂၂ရက်ကစတင်၍ ပင်စင်လစာများထုတ်ပေးရာတွင် အလားတူအခက်အခဲများ ကြုံတွေ့ခဲ့ရပြီး ပင်စင်စားများ ထုတ်ယူနိုင်သည့်ပမာဏကို ကန့်သတ်ခဲ့သည်။

ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းက သတင်းအရင်းအမြစ်များကမူ ဘဏ်များကို ပြန်လည်ဖွင့်လှစ်သည့်အခါ ငွေကြေးပြတ်တောက်ခြင်းမှ တားဆီးနိုင်ရန် ငွေထုတ်ယူခြင်းနှင့် အခြားဝန်ဆောင်မှုများကို ကန့်သတ်သည့်နည်းလမ်းအပြင် ရွေးချယ်စရာမရှိတော့ဟု ယူဆကြသည်။

“မြဝတီဘဏ် တစ်ခုတည်းမဟုတ်ဘူး။ ဘဏ်တိုင်းအတွက် လိုအပ်တဲ့ကန့်သတ်ချက်တွေလုပ်ဖို့လိုတယ်လို့ ကျွန်တော်ထင်တယ်”ဟု အသေးစားပုဂ္ဂလိကဘဏ်တစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ “စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ ဘဏ်တွေအားလုံးတစ်ချိန်တည်း တူတူပြန်ဖွင့်နိုင်ဖို့ ကျွန်တော်တို့ကြားမှာ သဘောတူညီမှုရဖို့လိုနေတယ်”ဟု သူကပြောသည်။

ဖေဖော်ဝါရီ၂၈ရက်တွင် ဗဟိုဘဏ်သည် မတ်၁ရက်မှစတင်၍ ငွေသားထုတ်ယူခြင်းကို ကန့်သတ်လိုက်သည့် ညွှန်ကြားချက်တစ်ခု ထုတ်ခဲ့သည်။ တစ်ဦးချင်းစီအနေဖြင့် တစ်ပတ်လျှင် ကျပ်သိန်း၂၀နှင့် အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ကျပ်သိန်း၂၀၀အထိသာထုတ်ယူခွင့်ပြုခဲ့သည်။  ATM စက်များမှ ငွေစာရင်းတစ်ခုလျှင် တစ်နေ့ ကျပ်ငါးသိန်းသာထုတ်ယူခွင့်ပေးခဲ့သည်။ ယင်းကြေညာချက်တွင် အဆိုပါကန့်သတ်ချက်များ မည်သည့်အချိန်တွင် ပယ်ဖျက်မည်ကို မဖော်ပြထားပေ။

အစိုးရအဖွဲ့အစည်းများနှင့် အများပြည်သူတို့က ငွေသားသုံးစွဲမှုကို လျှော့ချပြီး အစိုးရဌာနများနှင့် လူပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းများအကြား ငွေပေးချေမှုပြုလုပ်ရာတွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် တိုးမြှင့်ဆောင်ရွက်သွားရန်လိုအပ်သည်ဟု အဆိုပါညွှန်ကြားချက်တွင် ဖော်ပြသည်။

“ဘဏ်နှင့်ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ငွေသားစီမံခန့်ခွဲမှုပိုမိုကောင်းမွန်စေရန်အတွက်”ဟု ရေးသားထားသည့် ညွှန်ကြားချက်ကို ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက လက်မှတ်ရေးထိုးထားသည်။

သို့သော် ထုတ်ယူငွေကန့်သတ်လိုက်ခြင်းဖြင့် ဘဏ်များအပေါ် ရိုက်ခတ်လာနိုင်သည့်အခြေအနေကို လျှော့မတွက်သင့်ပေ။ ကျပ်ငွေအပေါ် တင်းကျပ်သော ထုတ်ယူခွင့်ကန့်သတ်ချက်ကို မြန်မာနိုင်ငံတွင် ၂၀၀၃၊ ဖေဖော်ဝါရီက နောက်ဆုံးအကြိမ်ကျင့်သုံးခဲ့သည်။စည်းမျဉ်း၊ စည်းကမ်းဖြင့် စနစ်တကျချည်နှောင်ထားခြင်းမရှိသည့် ငွေရေးကြေးရေးအဖွဲ့အစည်းများပြိုကွဲသွားသည့်အခါ အများစုသည် ပုဂ္ဂလိကဘဏ်များတွင် အပ်နှံထားသည့် ငွေများအပေါ် အာရုံစိုက်လာကြသည်။ ငွေထုတ်ယူမှုကို ကန့်သတ်လိုက်ခြင်းသည် အများပြည်သူအကြား စိုးရိမ်ပူပန်မှုကို ပိုမိုမြင့်တက်စေခဲ့သည်။ နောက်ဆုံးတွင် အကြီးစားဘဏ်သုံးခု ပြိုလဲသွားပြီး ဘဏ်လုပ်ငန်းကဏ္ဍ ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိရန် ဆယ်စုနှစ်တစ်ခုကြာအချိန်ယူခဲ့ရသည်။

လက်ရှိအခြေအနေအရ မြန်မာနိုင်ငံ၏ပုဂ္ဂလိကဘဏ်များသည်လည်း လအနည်းငယ်ခန့် ခက်ခဲသောအခြေအနေနှင့် ကြုံတွေ့ရနိုင်ဖွယ်ရှိနေသည်။ ဘဏ်အချို့မှာ ဆက်လက်ရပ်တည်ရန် မလွယ်ကူသည့် အကျပ်အတည်းများ ကြုံတွေ့ရနိုင်သည်။ ဘဏ်ခွဲများပိတ်ထားရခြင်းနှင့် ထုတ်ငွေများကိုကန့်သတ်လိုက်ခြင်းသည် စီးပွားရေးလုပ်ငန်းများကို ထိခိုက်စေနိုင်ပြီး တစ်ဦးချင်းစီ၏ စုဆောင်းငွေကိုထုတ်ယူခွင့်လည်း အဟန့်အတားဖြစ်စေသည်။ သို့သော် ယင်းအခြေအနေများသည် CDMလုပ်ဆောင်နေသည့် မနွယ်နွယ်အေးပြောသကဲ့သို့ စစ်အစိုးရကို တွန်းလှန်ရန် “ပေးဆပ်ရမည့်တန်ဖိုး”ပင် ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar