မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့ထားမှုများ ဖယ်ရှားပေးမည့် သမ္မတအိုဘားမား၏ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့ မာစီရယ်လ်က ကာကွယ်ပြောဆိုလိုက်ပြီး လုပ်ငန်းရှင်ကြီးများနှင့် စစ်အစိုးရ ခေါင်းဆောင်ဟောင်းများအား ပိတ်ပင်တားမြစ်ထားမှုက တိုင်းပြည်၏ စီးပွားရေး တိုးတက်မှုနှုန်းကို ထိခိုက်စေနိုင်သည်ဟု စက်တင်ဘာ ၂၂ ရက်နေ့က ပြောကြားလိုက်သည်။
စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ ပြီးဆုံးချိန်တန်ပြီဖြစ်ကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အားပေးမြှင့်တင်မှုများ ပိုမိုဆောင်ရွက်ရန် မူဝါဒအပြောင်းအလဲ ပြုလုပ်ရမည့် အချိန်ကျရောက်လာပြီဟု ၎င်းကပြောကြားသည်။
“ပိတ်ဆို့အရေးယူမှုတွေ ဆက်လက်ထားရှိခြင်းကြောင့် မြန်မာနိုင်ငံက ပေးဆပ်ရမှုတွေ ရှိလာမယ်လို့ ကျွန်တော်တို့ သိထားပါတယ်။ ပိတ်ဆို့မှုတွေက အမေရိကန်သာမက အခြားနိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေကိုပါ အားမပေးဘူး ဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။
“ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ဘယ်လိုအကောင်းဆုံး ကူညီနိုင်မလဲလို့ ကျွန်တော်တို့ ကြည့်လိုက်တဲ့အခါ ပိတ်ဆို့ အရေးယူမှုတွေကို ဆက်လက်ထားရှိတာနဲ့ မရှိတော့တာကို ယှဉ်ထိုး ချိန်ဆကြည့်ရမှာ ဖြစ်ပါတယ်။ အဲဒီမှာ ပိတ်ဆို့မှုတွေ ဆက်လက်ထားရှိခြင်းဖြင့် ပေးဆပ်ရမယ့်တန်ဖိုးက ဖယ်ရှားပစ်လိုက်တာထက် ပိုပြီးများနေပါတယ်” ဟု ၎င်းကပြောသည်။
နိုင်ငံရေးနှင့် စီးပွားရေး လုပ်ငန်းများနှင့် ဆက်စပ်နေသည့် အဖွဲ့အစည်း ၇၃ ခုနှင့် လူပုဂ္ဂိုလ် ၃၈ ဦးနှင့်အပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများအား ပယ်ဖျက်တော့မည်ဟု အမေရိကန် သမ္မတ ဘားရတ်အိုဘားမားက စက်တင်ဘာ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။ အဆိုပါ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များတွင် ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အဆင့်မြင့်ခေါင်းဆောင်ဟောင်းများ၊ ၎င်းခေါင်းဆောင်များနှင့် ဆက်စပ်နီးကပ်နေသည့် စီးပွားရေးသမားများနှင့် ၎င်းတို့၏ စီးပွားရေးအဖွဲ့အစည်းများ ပါဝင်သည်။
ထို့ပြင် ကမ္ဘာကုန်သွယ်ရေးအဖွဲ့က ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပေးအပ်ရန် သတ်မှတ်ထားသည့် Generalised System of Preferences ဟုခေါ်သည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးများကိုလည်း အိုဘားမား အစိုးရအဖွဲ့က မြန်မာနိုင်ငံအပေါ် ပြန်လည် ပေးအပ်မည် ဖြစ်သည်။
သို့သော် ပိတ်ဆို့အရေးယူမှုများအား ဖယ်ရှားမည့် ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ခဲ့ကြသည်။ ပိတ်ဆို့အရေးယူမှုများ မရှိတော့ပါက ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်ရေးတွင် တပ်မတော်အပေါ် ဖိအား လျော့ကျသွားနိုင်သလို မြန်မာနိုင်ငံ၏ အမည်ဆိုးဖြင့် ကျော်ကြားသည့် ကျောက်စိမ်း ရောင်းဝယ်မှုအား သန့်စင်ရှင်းလင်းရန်လည်း ခက်ခဲသွားစေနိုင်မည်ဟု ဆိုသည်။
မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှုများ ပိတ်ပင်ထားမှုနှင့် တပ်မတော် အရာရှိများနှင့် အရာရှိဟောင်းများအား အမေရိကန်သို့ လာရောက်ခွင့် ပိတ်ပင်ထားသည့် ကွန်ဂရက်လွှတ်တော်၏ တားမြစ်ချက်ကိုမူ ဆက်လက်ထားရှိဦးမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ တပ်မတော်အား ဆက်ဆံရာတွင် သတိထားဆက်ဆံသည့် မူဝါဒကို အမေရိကန်အစိုးရ ဆက်လက် ကျင့်သုံးသွားမည်ဟု မာစီရယ်လ်က ပြောကြားပြီး နှစ်နိုင်ငံ တပ်မတော်အချင်းချင်း ဆက်ဆံဆောင်ရွက်ရန်ရှိပါက မြန်မာအရပ်သားအစိုးရ၏ ခွင့်ပြု သဘောတူညီချက် ရရှိပြီးမှသာ ဆောင်ရွက်မည်ဟု ပြောကြားသည်။
ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများကို အမေရိကန်က တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်သလို နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက် ဖြစ်ထွန်းစေရန်အတွက် အမေရိကန်အစိုးရက ဆက်လက်တိုက်တွန်း အကြံပြုသွားမည်ဟုလည်း ၎င်းကပြောကြားသည်။
“ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးက မပြီးဆုံးသေးပါဘူး။ လုပ်စရာတွေ အများကြီး ကျန်ရှိနေပါသေးတယ်” ဟု မာစီရယ်လ်က ပြောသည်။
“ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အောင်မြင်စေဖို့အတွက် နိုင်ငံရေးအရ ဖွံ့ဖြိုးတိုးတက်မှုတွေ အများကြီးဖြစ်ထွန်းဖို့ လိုအပ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိထားကြပါတယ်။ ဒါပေမယ့် စီးပွားရေး တစ်ပြေးညီ တိုးတက်ဖြစ်ထွန်းစေဖို့လည်း အရေးကြီးပါတယ်။ ဒီမိုကရေစီက ပြည်သူပြည်သားတွေအတွက် တကယ့်ကို အကျိုးအမြတ်တွေ ယူဆောင်လာမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) နှင့် အသေးစား ချေးငွေလုပ်ငန်းများ သဘောတူ လက်မှတ်ရေးထိုးသည့် အခမ်းအနားကိုလည်း သတင်းစာရှင်းလင်းပွဲ ကျင်းပသည့် စက်တင်ဘာ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည်။
USAID က နည်းပညာအကူအညီများနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် အသေးစား စီးပွားရေးလုပ်ငန်းချေးငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းပေးအပ်မည်ဖြစ်သည်။
သတင်း-ရှောင် ဂလေစင်