ပါဝင်လုပ်ကိုင်ဖို့နဲ့ ပြည်သူ့အသံ နားထောင်ဖို့ ကြိုးစားနေပါတယ်

ဂျပန်နိုင်ငံသည် အင်န်အယ်လ်ဒီအစိုးရ အာဏာလွှဲချိန်မှစ၍ ဘီလျံနှင့်ချီသော အကူအညီများ ပေးအပ်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ကတိပြုခဲ့ပြီးဖြစ်ရာ အများစုကို ယင်း၏ အကူအညီပေးရေးအဖွဲ့  ဂျိုက်ကာ (Japan International Cooperation Agency) မှတဆင့် စီမံကွပ်ကဲသွားမည်ဖြစ်သည်။ ဂျိုက်ကာ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲက ဂျပန်အစိုးရ၏ အလှူငွေ ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ ကြိုးပမ်းချက်များ၊ သီလဝါ အထူးစီးပွားရေးဇုန်၏ နောက်အဆင့်၊ ရန်ကုန်တောင်ပိုင်းရှိ ဆိပ်ကမ်းသစ်နှင့် လေဆိပ်သစ်တို့အတွက် အစီအစဉ်များကို Frontier မှ သောမတ်စ် ကင်း(န်) ကို ပြောကြားသည်။ 

အာဏာလွှဲယူပြီးနောက်ပိုင်း အစိုးရသစ်ရဲ့ စွမ်းဆောင်မှုနဲ့ ခင်ဗျားတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေအပေါ် အသွင်ကူးပြောင်းမှုက ဘယ်လိုသက်ရောက်ခဲ့သလဲ ဆိုတဲ့ ခင်ဗျားရဲ့ သုံးသပ်ချက်ကို သိပါရစေခင်ဗျ။

ပြည်သူတွေက ရွေးကောက်တင်မြှောက်ခဲ့တဲ့ အစိုးရသစ်ကို ကျွန်တော်တို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ပြီးတော့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချရေးတို့အတွက် အစိုးရသစ်က ဆောင်ရွက်နေတာတွေကို ကူညီဖို့ ကျွန်တေ်ာတို့အနေနဲ့ မြန်မာနိုင်ငံသားတွေလိုပဲ အတော်လေး စိတ်လှုပ်ရှားမိပါတယ်။

ကျွန်တော်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စီးပွားရေးကော်မတီလို အဓိကကျတဲ့ ကော်မတီတွေနဲ့ ရွေးကောက်ပွဲကာလကတည်းက ဆွေးနွေးနေခဲ့တာပါ။ အစိုးရသစ်ဖွဲ့ပြီးတဲ့ မတ်လကုန်နောက်ပိုင်းမှာလည်း ဂျိုက်ကာက ဘာတွေကို အထောက်အကူပြုနိုင်သလဲဆိုတဲ့ အပိုင်းအတွက် ပြည်ထောင်စုဝန်ကြီး တော်တော်များများနဲ့တင်မကဘဲ တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့က အစိုးရတွေနဲ့ ဆွေးနွေးမှုတွေ စတင်ခဲ့ပါတယ်။

လက်ရှိအစိုးရနဲ့ အလုပ်လုပ်ရတဲ့ အပိုင်းကို ဦးသိန်းစိန်အစိုးရနဲ့ နှိုင်းယှဉ်ကြည့်ရင် ဘယ်လိုကွာခြားပါသလဲ။

ဒီအစိုးသစ်ကို ရွေးကောက်ပွဲတစ်ရပ်ကနေ တင်မြှောက်ပြီးကတည်းက လူတိုင်းပြသခဲ့တာက အတော်လေး မျှတမှုရှိတယ်၊ အစိုးရသစ်က ပြည်သူ့အသံကို အတော်လေး ဂရုစိုက်တယ်၊ ဆုံးဖြတ်ချက် ချမှတ်တာတွေ၊ ဒါမှမဟုတ် ဖွံ့ဖြိုးရေး အစီအစဉ် ဆွဲတာတွေမှာ အားလုံးပါဝင်နိုင်အောင် ကြိုးစားတယ် ဆိုတာမျိုးတွေ ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ကလည်း အားလုံးပါဝင်နိုင်စေရေးနဲ့ ပြည်သူ့အသံကို ကြားသိရဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။

လောလောဆယ် ဂျိုက်ကာထံကနေ ဂျပန်ယန်း ၉၄ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၈၀၀) ချေးဖို့ အစိုးရက တင်ပြတောင်းဆိုတာကို လွှတ်တော်က အတည်ပြုခဲ့ပြီးပြီနော်။ အဲဒီကမ်းလှမ်းချက်ရဲ့ အဓိက အစိတ်အပိုင်းတွေက ဘာတွေလဲခင်ဗျ။

လွှတ်တော်ကနေ (ဒီဇင်ဘာလ လယ်က) အတည်ပြုပေးခဲ့တဲ့ စီမံကိန်း ငါးရပ် ရှိပါတယ်။ တစ်ခုကတော့ ရန်ကုန်ရဲ့ ရေပေးဝေရေး စီမံချက်ပါ။ ဒီကဏ္ဍမှာ အတည်ပြုခဲ့တဲ့ ချေးငွေသစ်က ရန်ကုန်မြို့ အနောက်ပိုင်းဒေသနဲ့ အဓိကကျတဲ့ စီးပွားရေးအချက်အချာနေရာတွေကို ရေဖြန့်ဖြူးပေးဖို့ ရန်ကုန်အနောက်ပိုင်း ကုက္ကိုလ်ဝမှာ ရေသန့်စက်ရုံသစ် တည်ဆောက်ပေးဖို့လည်း ပါပါတယ်။

လွှတ်တော်ကနေ အတည်ပြုပေးလိုက်တဲ့ နောက်အကြီးစား စီမံကိန်း တစ်ခုကတော့ ရန်ကုန်- မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးပါ။ ဒါက ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်မှု စီမံကိန်းအတွက် ဒုတိယအကြိမ်မြောက် ချေးငွေပါ။ ဒီရထားလမ်းက နိုင်ငံ့ရဲ့ကျောရိုး ဖြစ်လာနိုင်ပါတယ်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် ဂျပန်ယန်း ၈၀၀ ဘီလျံရှိတဲ့ အကူအညီပေးရေး ကမ်းလှမ်းချက် တစ်ရပ်ကိုလည်း ပြင်ဆင်နေတယ်လို့ ခင်ဗျားတို့အစိုးရက ပြောထားခဲ့တယ်နော်။ ဒီပမာဏရဲ့ ဘယ်လောက်များများကို ဂျိုက်ကာက စီမံကွပ်ကဲမှာလဲ။ ဘယ်လိုစီမံကိန်းမျိုးတွေကို ကျွန်တော်တို့ မျှော်လင့်ထားနိုင်ပါသလဲ။

လောလောဆယ်မှာ အခုလိုကူညီပေးမယ့် အကြောင်းအရာက ဘာတွေဖြစ်မလဲဆိုတာ ပြောဖို့မလွယ်သေးပါဘူး။ ဒါက ဒီနိုင်ငံရဲ့ လိုအပ်ချက်တွေပေါ်မှာ မူတည်နေလို့ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ DACU (Development Assistance Coordination Unit) ကို ဖွဲ့စည်းထားတာကို ကြည့်ရင် ကျွန်တော်တွေးမိတာက သူတို့အနေနဲ့ ဂျပန်အစိုးရက ကြေညာတဲ့ ဂျပန်ယန်းငွေ ၈၀၀ ဘီလျံအကူအညီကို အသုံးပြုဖို့ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒတစ်ရပ် ချမှတ်ပြီး သူတို့လိုချင်တဲ့ ဖွံ့ဖြိုးမှု အကူအညီ အမျိုးအစားကို သတ်မှတ်လိမ့်မယ်လို့ ထင်ပါတယ်။

လက်ရှိအစိုးရက ပြည်ပအကူအညီတွေ လက်ခံတဲ့နေရာမှာ အရင်အစိုးရနဲ့ အတော်လေး ကွဲပြားခြားနားတဲ့ ချဉ်းကပ်မှုတစ်ခုနဲ့ သွားပြီး အတော်လေး သတိထားလက်ခံနေတယ်လို့ ယူဆရပါတယ်။ ခုလို သုံးသပ်မှုအပေါ် ခင်ဗျားရဲ့ အမြင်ကို သိပါရစေ။ ပြည်ပအကူအညီတွေကို မှီခိုနေသူအဖြစ် အမြင်ခံရမှာကို အစိုးရက တွန့်ဆုတ်နေတာမျိုးကော ခင်ဗျားသတိထားမိပါသလား။

ကျွန်တော်အထင်အရတော့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းပိုင်းမှာ အရင်အစိုးရနဲ့ နှိုင်းယှဉ်မယ်ဆိုရင် လက်ရှိအစိုးရက ပိုမိုတင်းကျပ်ပါတယ်။ ရွေးကောက်ပွဲမတိုင်မီမှာ အင်န်အယ်လ်ဒီက ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းအကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခဲ့တယ်။ ဒါ့အပြင် မက်ခရိုစီးပွားရေး အခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်း လက်ရှိအစိုးရက အတော်လေး သတိထားပါတယ်။

ဥပမာ – နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ဘဏ္ဍာရေး လိုငွေပြမှုကို ဂျီဒီပီရဲ့ ၄ ဒသမ ၅ ရာခိုင်နှုန်းထက် နည်းပါးစေဖို့ အကြံပေးခဲ့ပြီး အစိုးရက အဲဒီအညွှန်းကိန်းတွေကို သတိထားနေတယ်လို့ ကျွန်တော် နားလည်မိပါတယ်။ ဒါကြောင့် စီးပွားရေး တိုးတက်မှုအတွက် အဓိကကျပြီး နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို အားပေးမယ့် ခိုင်မာတဲ့ မက်ခရိုစီးပွားရေး ဖြစ်လာဖို့ အလွန်ကောင်းမွန်တဲ့အရာ ဖြစ်တယ်လို့ ကျွန်တော် ယူဆပါတယ်။

ပါလီမန်ထဲမှာ ပြည်ပအကူအညီတွေအကြောင်း ဆွေးနွေးတဲ့အခါမှာလည်း ဆွေးနွေးမှုကောင်းများစွာ ရှိပါသေးတယ်။ သူတို့ (ဥပဒေပြုလွှတ်တော်အမတ်တွေ) က ဒီနိုင်ငံရဲ့ ပြည်သူတွေကို ကိုယ်စားပြုသူတွေ ဖြစ်တာကြောင့် ပြည်ပအကူအညီတွေကို လက်ခံမယ်၊ လက်မခံဘူး ဆုံးဖြတ်တဲ့အခါမှာ ခုလို တက်ကြွတဲ့ ဆွေးနွေးမှုတွေ၊ ဒါမှမဟုတ် ပါဝင်ဆောင်ရွက်မှုတွေ အများကြီးလိုအပ်တယ်လို့လည်း ကျွန်တော် ထင်ပါတယ်။

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်မှု အကြောင်းအရာနဲ့ပတ်သက်လို့  ခင်ဗျားတို့က ရန်ကုန် ၂၀၄၀ စီမံကိန်းကို ပြန်လည်သုံးသပ်မှု တစ်ခု လုပ်နေတယ်နော်။ မွမ်းမံပြင်ဆင်မှုတွေ ဘာလို့ လိုအပ်တာလဲ။

ကျွန်တော်တို့က ရန်ကုန်မြို့ထဲမှာရှိတဲ့ ပင်မစီမံချက်နှစ်ရပ်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တခြားပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့အတူ ဆောင်ရွက်နေပါတယ်။ ရန်ကုန်မြို့ မဟာဗျူဟာမြောက် မြို့ပြ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (the Strategic Urban Development Plan in Yangon) လို့ ကျွန်တော်တို့ အမည်ပေးထားတာ တစ်ခုက ရန်ကုန်ရဲ့ အနာဂတ်မျှော်မှန်းချက်ကို အကြံပြုခြင်းနဲ့ လာမယ့် ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ ကြုံတွေ့ရမယ့် လူဦးရေ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို ဂရုတစိုက် ဆောင်ရွက်ခြင်းပါ။

ဥပမာအားဖြင့် မြို့သစ်တချို့ ဖော်ဆောင်ခြင်း၊ ဒါမှမဟုတ် ရန်ကုန်ဧရိယာထဲမှာ သိပ်ကို အလုပ်များ ရှုပ်ထွေးနေတဲ့ အချက်အချာ စီးပွားရေးနေရာတွေရဲ့ အခြေခံလုပ်ငန်းစဉ်တွေကို တခြားနေရာတွေဆီ ခွဲထုတ်ဖို့လည်း ကျွန်တော်တို့ အကြံပြုထားပါတယ်။

ရန်ကုန်အစိုးရအပါအဝင် တခြားအဖွဲ့တွေနဲ့ ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ တခြားပင်မစီမံချက်တစ်ခုကတော့ မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်တစ်ခုပါ။ ၂၀၁၃-၁၄ ခုနှစ်အတွင်းမှာ အဲ့ဒီပင်မစီမံကိန်း နှစ်ရပ် ဖော်ဆောင်ဖို့ ကျွန်တော်တို့ အကူအညီပေးခဲ့အပြီးမှာ ရန်ကုန်မြို့ရဲ့ အခြေအနေတွေက လျင်လျင်မြန်မြန် ပြောင်းလဲသွားခဲ့ပါတယ်။

thilawa_3.jpg

တိုင်းဒေသကြီးအစိုးရ၏ တောင်းဆိုမှုအရ ၂၀၁၃-၁၄ ခုနှစ်က ရေးဆွဲခဲ့သည့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ပင်မစီမံကိန်းကို ဂျိုက်ကာက ပြန်လည်သုံးသပ်လျက်ရှိသည်။ ဓာတ်ပုံ – သိမ့်မွန်စိုး(J)

ဥပမာ – ကားစီးရေ တိုးတက်လာတာက လွန်ခဲ့တဲ့ သုံးလေးနှစ်အတွင်းမှာ လူအများ မျှော်လင့်ထားတာထက် ပိုနေပါတယ်။ ကားအရေအတွက် တိုးမြင့်လာတာကြောင့် ကြုံတွေ့ရတဲ့ ယာဉ်ကြောပိတ်ဆို့မှုကလည်း ပိုဆိုးလာပါတယ်။ အစိုးရသစ် ဖွဲ့စည်းတာကြောင့် အစိုးရရဲ့ မူဝါဒတွေလည်း ပြောင်းလာခဲ့ပြီး တခြားအကြောင်းတရားတွေလည်း ပေါ်ထွက်လာပါတယ်။

အရေးကြီးတဲ့ ပြောင်းလဲမှုတချို့လည်း ရှိပါသေးတယ်။ လာမယ့် နှစ်နှစ်ဆယ်ကျော် အတွင်းမှာ လူဦးရေ တိုးလာမယ့် အနေအထားအရ အရင်စီမံကိန်းနဲ့ နှိုင်းယှဉ်ရင် ပိုပြီး ခိုင်ခိုင်မာမာနဲ့ စီမံနိုင်စေဖို့ကို ထည့်သွင်းစဉ်းစားပြီး ရန်ကုန်မြို့တွင်းက အချက်အချာ နေရာခွဲတချို့ ဖော်ထုတ်ဖို့နဲ့ မြို့သစ်တချို့ ထားရှိဖို့ ကျွန်တော်တို့ အကြံပြုခဲ့ပါတယ်။ ပြီးတော့ ရန်ကုန်အစိုးရက ရန်ကုန်မြို့လယ်ကိုသာမက ဥပမာအားဖြင့် ရန်ကုန်မြစ် ဟိုဘက်ခြမ်းနဲ့ တောင်ဘက်ပိုင်းဒေသတွေ ဖွံ့ဖြိုးလာစေဖို့လည်း ရည်ရွယ်ထားပါတယ်။

ခုလို အဆင့်မြှင့်တင်မွမ်းမံမှုတွေက ဘယ်တော့ပြီးမယ်လို့ မျှော်လင့်နိုင်ပါသလဲ။

ကျွန်တော်တို့ ဖော်ဆောင်မှု နောက်ဆုံးအဆင့် ရောက်ခါနီးပါပြီ။ ဒါပေမဲ့ အစိုးရနဲ့ ဆွေးနွေးချက်တွေအပေါ် အခြေခံတဲ့ ကျွန်တော့်ရဲ့ နားလည်မှုအရ ကျွန်တော်တို့ရဲ့ အစီရင်ခံစာကို တင်ပြအပြီးမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပင်မစီမံကိန်းကို ပြည်သူတွေနဲ့သာမက လွှတ်တော်နဲ့လည်း ဆွေးနွေးသွားမယ်လို့ ထင်ပါတယ်။ ဒါကြောင့် အချိန်နည်းနည်းတော့ ပိုကြာနိုင်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ အခုလိုမျိုး အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးမှုနဲ့ ပါဝင်ဆောင်ရွက်မှုတို့က သိပ်ကို အရေးကြီးပါတယ်။

ခင်ဗျားက အကြံပြု ဆွေးနွေးမှုရဲ့ အရေးပါပုံကို ဖော်ပြခဲ့တယ်နော်။ ဂျိုက်ကာရဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ပေါ်ပေါက်နေတဲ့ ဝေဖန်ချက်တစ်ခုက အတိတ်ကာလက ပြည်သူလူထုနဲ့ အကြံပြုဆွေးနွေးမှု များများစားစား မရှိခဲ့ဘူးဆိုတာလည်း ပါဝင်ပါတယ်။ ခုလိုဝေဖန်မှုမျိုးအတွက် ဘာများ ပြောချင်ပါသလဲ။

ကျွန်တော်တို့ရဲ့ အလုပ်ကို အဲဒီလို မပွင့်လင်းတဲ့ ပုံစံမျိုးနဲ့ အတော်များများ ဆောင်ရွက်ခဲ့တယ်လို့ ကျွန်တော်မထင်ပေမဲ့ ဒီလိုလေ့လာမှုမျိုးရဲ့ ပိုင်ရှင်က အစိုးရ ဖြစ်နေပါတယ်။ အစိုးရနဲ့ ကောင်းမွန်တဲ့ ဆွေးနွေးမှုတချို့ ပြုလုပ်ပြီးတဲ့နောက် အစိုးရက အဆင်သင့်ဖြစ်လာပြီဆိုရင် ပြည်သူ့အမြင်နဲ့ သဘောထား မှတ်ချက်တွေကို ကြားနာဖို့၊ ဒါမှမဟုတ် ပြည်သူတွေကို ကိုယ်စားပြုနေတဲ့ လွှတ်တော်အတွင်းမှာ ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ဖို့ ရှိလာနိုင်ပါတယ်။

ဒီပင်မအစီအစဉ်တွေက ဂျိုက်ကာရဲ့ ဆောင်ရွက်မှုတွေ၊ ဒါမှမဟုတ် ဂျိုက်ကာရဲ့ အကြံပြုချက်တွေလို့တော့ လွဲမှားနားလည်တာမျိုး မဖြစ်ပါစေနဲ့။ ကျွန်တော်တို့က ဒီပင်မအစီအစဉ် ပြုလုပ်ဖို့ အစိုးရကို ကူညီနေတာဖြစ်ပြီး အစိုးရက ဒါကို ပြည်သူတွေ သိနိုင်ဖို့နဲ့ ဆွေးနွေးနိုင်ဖို့ ဆောင်ရွက်ပေးရမယ့် ပိုင်ရှင်တစ်ဦးပါ။

ရန်ကုန်မြို့တောင်ပိုင်း ကွမ်းခြံကုန်းနားမှာ ဆိပ်ကမ်းသစ်တစ်ခု ဆောက်လုပ်ဖို့ စီစဉ်ထားကြောင်း အစိုးရက လောလောလတ်လတ် ကြေညာထားတယ်နော်။ ဟံသာဝတီမှာ ဆောက်လုပ်ဖို့ အရင်က အတည်ပြုခဲ့တဲ့ လေဆိပ်အစား အဲဒီမှာပဲ လေဆိပ်သစ်တစ်ခု ဆောက်လုပ်လိမ့်မယ်လို့ ပြောနေတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။ ဂျိုက်ကာက ဒီလိုဆွေးနွေးမှုတွေမှာ ပါဝင်ပြီး အဲဒီအစီအစဉ်ကို အထောက်အကူပြုတာမျိုးတွေ လုပ်ခဲ့ဖူးပါသလား။

ရန်ကုန်မြို့တောင်ပိုင်းမှာ ရေနက်ဆိပ်ကမ်းတစ်ခုနဲ့ လေဆိပ်တစ်ခု တည်ဆောက်မယ်ဆိုတဲ့ စီစဉ်စိတ်ကူးထားတာတွေအကြောင်း ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ဒါဟာ အနာဂတ်အစီအစဉ်တစ်ခုဖြစ်ပြီး ချက်ချင်းလက်ငင်း ဆောင်ရွက်မယ့် စီမံကိန်းတွေ မဟုတ်ဘူးလို့လည်း ကျွန်တော်နားလည်ထားပါတယ်။ ယခုထက်ပိုပြီး အသေးစိတ်ကျတဲ့ ဆွေးနွေးမှုတွေကို အနာဂတ်ကာလမှာ လိုအပ်လာဖွယ် ရှိပါတယ်။

လုပ်ငန်းလည်ပတ်နေပြီဖြစ်တဲ့ ရန်ကုန်ဆိပ်ကမ်း ရှိပါတယ်။ ဂျိုက်ကာကလည်း ခုချိန်မှာ သွင်းကုန်၊ ထုတ်ကုန်လုပ်မယ့် သီလဝါ အထူးစီးပွားရေးဇုန်အတွက် အရေးကြီးတဲ့ ဆိပ်ကမ်းဖြစ်လာမယ့် သီလဝါဆိပ်ကမ်းသစ်မှာ အကူအညီတွေ ပေးနေပါတယ်။ ကျွန်တော့်အယူအဆအရ ရေတိုအစီအစဉ်တွေမှာ ခုလိုဆောက်လုပ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရေး ပိုအလေးပေးဖို့ လိုအပ်ပါလိမ့်မယ်။

လေဆိပ်နဲ့ပတ်သက်လို့ နေပြည်တော်ကို အပတ်တိုင်းနီးပါး ကျွန်တော်သွားနေရသလို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ကျွန်တော်ရောက်တိုင်း ဆောက်လုပ်ဆဲ လုပ်ငန်းသစ်တစ်ခုခုကို တွေ့တွေ့နေရတာပဲ။ ခုဆိုရင် အပြည်ပြည်ဆိုင်ရာ ဂိတ်သစ်တစ်ခုအပြင် ပြည်တွင်းဂိတ်သစ်ကိုလည်း ဖွင့်လှစ်ပြီးဖြစ်သလို ဝင်ဆံ့နိုင်စွမ်း ပမာဏကလည်း တိုးလာပါပြီ။

ပဲခူးက ဟံသာဝတီလေဆိပ်ဟာ လေဆိပ်သစ်တစ်ခု ဖြစ်ဖို့အတွက် သိပ်ကောင်းမွန်တဲ့ နေရာဖြစ်သလို တကယ်တမ်းမှာလည်း အလွန်တရာ အရေးကြီးတဲ့ စီမံချက်တစ်ခုလို့ ကျွန်တော်ယူဆမိတဲ့ ဟံသာဝတီလေဆိပ်ရဲ့ ဖြစ်နိုင်ခြေရှိမှုအခြေအနေကို လေ့လာဖို့ ပုဂ္ဂလိက ကုမ္ပဏီ အစုအဖွဲ့တချို့ကို ဂျိုုက်ကာက ကူညီနေပါတယ်။

သီလဝါဟာ စီမံကိန်းလုပ်ငန်းစဉ် ၁၀ ရာခိုင်နှုန်းကို ပိုင်ထားတဲ့ ဂျိုက်ကာအတွက် အရေးကြီးတဲ့ စီမံကိန်းဆိုတာ သိသာပါတယ်။ အောက်တိုဘာလထဲမှာ ဇုန် ၂ ရဲ့ပထမအဆင့်ကို ဖော်ဆောင်ပေးမယ့် သဘောတူညီချက်သစ် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ လောလောဆယ်ထိ သီလဝါရဲ့အောင်မြင်မှုအတွက် အဓိကကျတဲ့ အကြောင်းတရားတွေက ဘာတွေများလဲ။

သီလဝါကို တခြားစက်မှုဇုန်တွေနဲ့ သိသိသာသာ ကွဲပြားစေမယ့် အခြေခံအဆောက်အအုံ အများစု ဖော်ဆောင်ရေးမှာ ကူညီနေပါတယ်။ ဥပမာ – ဆိပ်ကမ်းက သီလဝါ အထူးစီးပွားရေးဇုန်နဲ့ နီးကပ်သွားမှာဖြစ်လို့ ဒီစက်မှုဇုန်အတွင်းမှာ ထုတ်လုပ်တဲ့၊ ဒါမှမဟုတ် ထုတ်လုပ်ပေးရမယ့် ကုန်ပစ္စည်းတွေ အသွင်းအထုတ် ပြုလုပ်ရာမှာ အထောက်အကူ ပြုနိုင်ပါတယ်။ လျှပ်စစ်ဓာတ်အားနဲ့ ဆက်သွယ်ရေးကိစ္စတွေကိုလည်း ပုံမှန်ရရှိနိုင်ပါတယ်။

ခုဆိုရင် ပဲခူးမြစ်ပေါ်က တံတားသစ်ကိုလည်း လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်လို့ သီလဝါ အထူးစီးပွားရေးဇုန်ရဲ့ ပတ်ဝန်းကျင် အနေအထားတွေ ပိုကောင်းလာမယ်လို့ မျှော်လင့်နိုင်ပါပြီ။

သီလဝါ အထူးစီးပွားရေးဇုန်နဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေထဲက ကိစ္စတစ်ခုက အဲဒီမှာ နေထိုင်သူတွေရဲ့ ရွှေ့ပြောင်းအခြေချ နေထိုင်ရေးပါ။ အောက်တိုဘာလထဲမှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်နဲ့သက်ဆိုင်တဲ့ ဟက်တာ ၁၀၀ အကျယ် ဇုန်ဧရိယာမှာ နေထိုင်သူတွေနဲ့ နစ်နာကြေးကိစ္စ သဘောတူညီချက် မရသေးဘူးလို့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေထံက စောဒကတက်ထားပြီးပါပြီ။ အဲဒီစောဒကကိစ္စ အမှန်ပဲလား၊ ရွှေ့ပြောင်းအခြေချရေး လုပ်ငန်းစဉ်ကို လက်ရှိအစိုးရလက်ထက်မှာ ကွဲပြားခြားနားစွာ လုပ်ဆောင်သွားမှာလား။

အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို အောက်တိုဘာလထဲမှာ ပြန်လည်သုံးသပ်နေချိန်က ထွက်ခဲ့တဲ့ သတင်းစာဖော်ပြချက်တွေကို ကြည့်မယ်ဆိုရင် ဆောက်လုပ်ရေး လုပ်ငန်းတွေကို ရွှေ့ပြောင်းအခြေချရေး လုပ်ငန်းစဉ်ကို အတည်ပြုပြီး စီမံကိန်းထဲပါနေတဲ့ အိမ်ထောင်စုတွေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့အကြား သဘောတူညီချက် ရပြီးမှသာ စတင်မှာ ဖြစ်ပါတယ်။

အထူးသဖြင့် ဒီစီမံချက်ရဲ့ အကျိုးဆက်ကို ခံစားနေရတဲ့ ထိလွယ်ရှလွယ် ပြည်သူတွေအတွက် ကျွန်တော်တို့ဘက်က သိပ်သတိထားတယ်ဆိုတာ မှန်ပေမဲ့ ဒီဒေသတွင်းမှာ ရှိနေသူတွေရဲ့ ဆန်းစစ်အကဲဖြတ်ချက်ကို ခြုံငုံကြည့်ရင် အတော်လေး အပြုသဘောဆောင်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးက လတ်တလောမှာ နှေးကွေးသွားတာဟာ သီလဝါမှာ ရှေ့ဆက်ဆောင်ရွက်မယ့်အပေါ် အတိုင်းအတာ ဘယ်လောက်ထိ ထိခိုက်မှု ရှိပါသလဲ။

အရင်က ဗီယက်နမ်မှာ ကျွန်တော်အလုပ်လုပ်ခဲ့တုန်းက ၁၉၉၀ ပြည့်နှစ်တွေနဲ့ ၂၀၀၀ ပြည့်နှစ်တွေအတွင်း ဟနွိုင်းမြို့နားမှာ သန်လောင်စက်မှုဇုန်လို့ ခေါ်တဲ့ စက်မှုဇုန်တစ်ခု ဖော်ဆောင်ခဲ့ဖူးပါတယ်။ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဗီယက်နမ်က အလွန်လျင်မြန်စွာ တိုးတက်ခဲ့ပေမဲ့ သီလဝါ အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံတဲ့နှုန်းက ဗီယက်နမ်မြောက်ပိုင်းက သန်လောင်ထက် ပိုမြန်ပါတယ်။

ဒီနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းတွေကို ကြည့်ရင် လောလောဆယ်မှာ အရင်နှစ်တွေထက် နှေးကွေးနေပါတယ်။ အထူးသဖြင့်တော့ မနှစ်ကထက် နှေးနေပါတယ်။ ဒါပေမဲ့ လွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ ကျွန်တော်ဖော်ပြခဲ့တဲ့ သီလဝါ အထူးစီးပွားရေးဇုန်က အခြေခံအဆောက်အအုံပိုင်း ပိုကောင်းလာမယ့် အချက်တွေကို ထည့်သွင်းတွက်ချက်မယ်ဆိုရင် သီလဝါမှာ ရင်းနှီးမြှုပ်နှံသူတွေ ပိုများလာလိမ့်မယ်ဆိုတဲ့ အထူးတလည် အကောင်းမြင်မှုကို ခံစားမိပါတယ်။

သီလဝါ အထူးစီးပွားရေးဇုန်ရဲ့ အလှတရားက ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံ Physical infrastructure ကောင်းမွန်မှုလောက် မဟုတ်ပါဘူး။ အပျော့ထည် အခြေခံအဆောက်အအုံ Soft infrastructure ပိုင်းကလည်း ရုပ်ပိုင်းဆိုင်ရာလိုပဲ အရေးကြီးပါတယ်။

ဆိုလိုချင်တာက သီလဝါမှာ ဖြည့်စွက်ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့၊ လိုင်စင်တွေ ရရှိဖို့အတွက် ဒီဇုန်ထဲမှာပဲ ဆောင်ရွက်နိုင်ပါတယ်။ တခြားစက်မှုဇုန်တွေမှာ ခင်ဗျားအနေနဲ့ နေပြည်တော်ကို သွားရမှာ ဖြစ်သလို ဆိုင်ရာ ဆိုင်ရာဝန်ကြီးဌာနတွေကိုလည်း သွားရပါမယ်။ ဒါ့ကြောင့် ရိုးရှင်းမှုနဲ့ ထိရောက်အကျိုးရှိမှုတို့က သီလဝါ အထူးစီးပွားရေးဇုန်မှာ သိသိထင်ရှားစွာ ကွဲပြားနေတဲ့ အရာတွေဖြစ်ပြီး ဒါဟာ ဆွဲဆောင်မှုအရှိဆုံး အစိတ်အပိုင်းထဲက တစ်ခုပါ။

အစိုးရရဲ့ နိုင်ငံ့စီးပွားရေးကို ကိုင်တွယ်ပုံအပေါ် ဝေဖန်မှုတချို့ ရှိနေပါတယ်။ ဒီလိုဝေဖန်မှုက မျှတတယ်လို့ ခင်ဗျားထင်ပါသလား။

အစကနဦးက စီးပွားရေး မူဝါဒပိုင်းမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိခဲ့တဲ့အပေါ် ဝေဖန်မှုတချို့ ရှိခဲ့တာကို အစိုးရသစ်ကိုယ်တိုင် ဝန်ခံခဲ့တယ်လို့ ကျွန်တော်နားလည်မိပါတယ်။ ကျွန်တော်ကတော့ အတော်လေး အားတက်သရော ဖြစ်မိတယ်။ ဥပမာပြောရရင် လွှတ်တော်ကနေ အတည်ပြုခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေက ပြည်ပရင်းနှီးမြှုပ်နှံမှုသာမက ပြည်တွင်းရင်းနှီးမြှုပ်နှံမှု တိုးမြင့်လာဖို့အတွက်လည်း အားပေးအားမြှောက် ပြုနိုင်ပါတယ်။

အသွင်ကူးပြောင်းရေးကာလမှာ အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူ အများအပြားက ဘာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်မြင်တွေ့ခဲ့ကြပြီးပါပြီ။ ဒါပေမဲ့ ခုချိန်ခါမှာ အလုပ်အကိုင်ကောင်းတွေ ဖန်တီးဖို့နဲ့ စီးပွားရေး ပိုမိုတိုးတက်စေဖို့ ဒီနိုင်ငံထဲကို ရင်းနှီးမြှုပ်နှံသူ အမြောက်အမြား ဝင်လာမှာကို အင်န်အယ်လ်ဒီက လိုလားတယ်ဆိုတာကို တော်တော်လေး ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပြီးပါပြီ။

အခုထက်ပိုပြီး အသေးစိတ်ကျတဲ့ စီးပွားရေး မူဝါဒတွေကို ကျွန်တော်တို့ အမှန်တကယ် မျှော်လင့်နိုင်သလို တကယ်လည်း မျှော်လင့်နေပါတယ်။ ဒါပေမဲ့ အခြေအနေတွေက မှန်ကန်တဲ့ လမ်းကြောင်းပေါ် အတော့်ကို ရောက်နေပြီလို့ ကျွန်တော်ထင်ပါတယ်။

အောင်မင်း ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ၂၀၁၆ ခုနှစ် ဇွန်လအတွင်းက သီလဝါအထူးစီးပွားရေးဇုန်မှ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ – တေဇလှိုင်

သောမတ်စ် ကင်း(န်)

သောမတ်စ် ကင်း(န်)

သောမတ်စ် ကင်း(န်)သည် မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်မှ စတင်ကာ ဂျာနယ်လစ်နှင့် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ Frontier တွင် ၂၀၁၆ ခုနှစ်၊ မေလက စတင်လုပ်ကိုင်ခဲ့ကာ ထိုမတိုင်မီက မြန်မာတိုင်း(မ်) အင်္ဂလိပ်စာစောင်တွင် အယ်ဒီတာအဖြစ် ခြောက်နှစ်ကြာ လုပ်ကိုင်ခဲ့သည်။

Share on facebook
Share on twitter
Share on email

More stories

တရုတ်ကုမ္ပဏီနှင့် အပစ်ရပ်လက်နက်ကိုင်အဖွဲ့တစ်ခုတို့ ဖော်ဆောင်နေသည့် လွိုင်ကော်အနီးက သတ္တုသန့်စင်ရေးစီမံကိန်းသည် ပွင့်လင်းမြင်သာမှုအားနည်း၍ အဝေဖန်ခံနေရသည်။

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar