ပါဂျောင်အတွက် တရားမျှတမှုကို မျှော်လင့်နေကြဆဲ

၁၉၈၈ အရေးအခင်းနောက်ပိုင်းမှာ စစ်အာဏာရှင်လက်အောက်က ထွက်ပြေးခဲ့ကြပြီးနောက် တောတွင်းမှာ အချင်းချင်းသတ်ဖြတ်မှုနဲ့ ကြုံတွေ့ခဲ့ကြသူတွေက တရားမျှတမှုနဲ့ ဖြေရှင်းမှုတွေကို စောင့်စားနေကြဆဲဖြစ်ပါတယ်

ထွန်းခိုင် ရေးသားသည်။

ရှစ်လေးလုံး အရေးအခင်းလို့ လူသိများတဲ့ အစိုးရဆန့်ကျင်ရေး တစ်နိုင်ငံလုံး လှုပ်ရှားမှုကြီးကို စစ်တပ်က အာဏာသိမ်း ပစ်ခတ်ဖမ်းဆီး ဖြိုခွင်းခဲ့တဲ့နောက် လှုပ်ရှားမှုမှာ ပါဝင်တဲ့ မြန်မာကျောင်းသားတချို့ဟာ လက်နက်ကိုင်တပ်ဖွဲ့တွေရှိရာ တောထဲကို ထွက်ပြေးခဲ့ကြပါတယ်။

ကျောင်းသားအများစုဟာ ကရင်ပြည်နယ်ထဲမှာ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ထားတဲ့ ထိုင်းမြန်မာနယ်စပ် ဒေသကို ထွက်ပြေးသွားခဲ့ကြပါတယ်။ သူတို့ဟာ All Burma Students’ Democratic Front (ABSDF) အမည်ရတဲ့ ကျောင်းသားတပ်မတော်တခု ဖွဲ့စည်းပြီး စစ်တပ်ကို လက်နက်ကိုင် တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ခဲ့ကြပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ ကချင်ပြည်နယ်က ကျောင်းသားအများစုကတော့ တရုတ်-မြန်မာ နယ်စပ်ကိုထွက်ခွာသွားပြီး သူတို့အရင် တောခိုခဲ့ကြတဲ့ ကျောင်းသားတွေနဲ့ ပူးပေါင်းခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ABSDF (မြောက်ပိုင်း) ဆိုပြီး ဖွဲ့စည်းခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ABSDF (မြောက်ပိုင်း) ရဲ့ ပါဂျောင်စခန်းဟာ အဖွဲ့ဝင်အချင်းချင်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ကြီးကြောင့် ထင်ရှားသွားခဲ့ပါတော့တယ်။

စစ်အစိုးရကို တော်လှန်ဖို့ ရည်ရွယ်ချက်တွေနဲ့ တောထဲရောက်လာခဲ့တဲ့ တပ်ဖွဲ့ဝင် ၃ဝဝ လောက်ထဲက သုံးပုံတစ်ပုံလောက်ဖြစ်တဲ့ ၁ဝဝ လောက်ဟာ အစိုးရသူလျိုတွေဆိုပြီး ဖမ်းဆီးခံခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်စတင်ခဲ့တဲ့ ၁၉၈၉ ကနေ ၁၉၉၂ ခုနှစ်အတွင်း လူပေါင်း ၃၉ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ လွတ်မြောက်လာသူတွေက ပြောပါတယ်။ အဲဒီထဲမှာ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့က တပြိုင်တည်း သတ်ဖြတ်ခံခဲ့သူ ၁၅ ဦးလည်း ပါဝင်ပါတယ်။

ဒီလိုသတ်ဖြတ်မှုကို နိုင်ငံတကာ သတင်းစာတွေက ရေးသားခဲ့ကြပေမယ့် စစ်အစိုးရကို တိုက်ခိုက်တော်လှန်ဖို့ ဆောင်ရွက်နေမှုတွေ အားလျော့သွားမှာစိုးရိမ်ကြတဲ့အတွက် ဒီဖြစ်ရပ်ကြီးကို နောက်ပိုင်းကာလတွေမှာ ပြောဆိုမှု သိပ်မရှိကြတော့ပါတယ်။ ဒါပေမယ့် ၂ဝ၁၂ ခုနှစ်နောက်ပိုင်းမှာ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ထွန်းလာမှုနဲ့အတူ ဒီကိစ္စနဲ့ ပတ်သက်ပြီး လွတ်မြောက်လာကြသူတွေက ထုတ်ဖော်ပြောဆိုတာတွေ ရှိလာသလို စာအုပ်တွေလည်း ထွက်ရှိလာပါတော့တယ်။

ပါဂျောင်သတ်ဖြတ်မှုကို ABSDF အမှန်တရားနှင့် တရားမျှတရေးကော်မတီက ရန်ကုန်မြို့မှာ ၂ဝ၁၅ ခုနှစ်၊ မတ်လက ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ အသေးစိတ်ဖော်ပြထားပါတယ်။

ဒါဟာ ပါဂျောင်ဖြစ်ရပ်နဲ့ပတ်သက်ပြီး ABSDF က ပထမဆုံးသော တရားဝင် ဖော်ပြမှုလည်း ဖြစ်ပါတယ်။ ABSDF ဟာ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို ၂ဝ၁၅ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ထဲမှာ ပါဝင်ပါတယ်။

အစီရင်ခံစာထဲမှာတော့ ကရင်ပြည်နယ်မှာရှိတဲ့ ABSDF ဌာနချုပ်အနေနဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ချိန်တုန်းက နယ်မြေဝေးကွာမှုနဲ့ ဆက်သွယ်ရေးအခက်အခဲတွေကြောင့် ABSDF (မြောက်ပိုင်း) စခန်းအပေါ် ထိထိရောက်ရောက် မထိန်းချုပ်နိုင်ခဲ့ဖူးလို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကွပ်ကဲမှုဖွဲ့စည်းပုံကလည်း လျော့ရဲနေခဲ့တယ်လို့ ဆိုပါတယ်။

 class=

class=

အသက်ရှင်ကျန်ရစ်သူတွေနဲ့ သေဆုံးခဲ့သူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေ ကျန်းမာရေးအတွက် ကူညီပံ့ပိုးပေးဖို့အတွက် ABSDF ကို အစီရင်ခံစာက တိုက်တွန်းထားပါတယ်။

ဒါပေမယ့် ၂၇ နှစ်တိုင် ကြာမြင့်ခဲ့သည့်တိုင် ပါဂျောင် ဖြစ်ရပ်နဲ့ ပတ်သက်ပြီး တရားမျှတမှုတွေကို လွတ်မြောက်ခဲ့ကြသူတွေက မျှော်လင့်နေကြဆဲပါ။

ပါဂျောင်ဖြစ်ရပ်မှာ တပ်ဖွဲ့ဝင်အချင်းချင်း ညှဉ်းပန်းသတ်ဖြတ်မှုတွေအတွက် အဓိကတာဝန်ရှိတယ်လို့ စွပ်စွဲထားခံထားရသူတွေထဲမှာ ABSDF (မြောက်ပိုင်း)ရဲ့ စစ်ရေးတာဝန်ခံ ကိုသံချောင်းလည်း ပါဝင်တယ်။

လွတ်မြောက်လာသူတွေက ဒီသတ်ဖြတ်မှုမှာ ကိုသံချောင်းအပါအဝင် ရော်နယ်အောင်နိုင်၊ ဒေါက်တာနိုင်အောင်၊ ကျော်ကျော်၊ မျိုးဝင်း၊ လှဆိုင်း၊ အောင်ကြီး၊ စိန်အေး၊ နေထွန်း၊ ထွန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်နဲ့ ကျော်ထင်ဦး အစရှိသူတွေမှာ တာဝန်ရှိတယ်ဆိုပြီး စွပ်စွဲထားထာဖြစ်ပါတယ်။

ရှမ်းပြည်တောင်ပိုင်းတပ်မတော် (SSA-South) မှာ တာဝန်ထမ်းဆောင်နေတဲ့ ကိုသံချောင်းကိုတော့ တပ်မတော်က ၂ဝဝ၆ ခုနစ်မှာ ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်တသက်တကျွန်း သုံးခါနဲ့ ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခံခဲ့ရပါတယ်။

အဲဒီနောက် ကိုသံချောင်းဟာ သာယာဝတီအကျဉ်းထောင်မှာ ၁၂ နှစ်လောက် နေခဲ့ရပါတယ်။ ၂ဝ၁၈ ခုနှစ်၊ ဧပြီလမှာ သမ္မတဦးဝင်းမြင့်က မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့် ပေးခဲ့ချိန်မှာ ကိုသံချောင်းလည်း ပါဝင်လာပြီး ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

ကိုသံချောင်း အကျဉ်းထောင်ထဲမှာ ရှိနေခဲ့စဉ်ကတည်းက ABSDF (မြောက်ပိုင်း) မှာ ဖမ်းဆီးနှိပ်စက်ခံခဲ့ရသူတွေက သူတို့အတွက် အမှန်တရား ဖော်ထုတ်ပေးဖို့နဲ့ တောင်းပန်ဖို့အတွက် ABSDF တပ်ဖွဲ့နဲ့ သတ်ဖြတ်မှုမှာ တာဝန်ရှိတဲ့သူတွေကို တောက်လျှောက် တောင်းဆိုခဲ့ကြတာပါ။

ရန်ကုန်တက္ကသိုလ်မှာ သင်္ချာဘာသာရပ်ကို သင်ယူနေစဉ် ABSDF (မြောက်ပိုင်း) ကို တောခိုသွားတဲ့ ကိုရဲလင်းဟာ ဖမ်းဆီး နှိပ်စက်ခံရတဲ့သူတွေထဲက တယောက်ဖြစ်ပါတယ်။

ကိုသံချောင်း မလွတ်မြောက်မီ အကျဉ်းထောင်ထဲရှိနေစဉ်တုန်းက မြောက်ပိုင်းကိစ္စကို အမှန်အတိုင်း ထုတ်ဖော်ပြောမယ်လို့ ပြောကြားခဲ့တာကို တဆင့်စကား ကြားခဲ့ဖူးတဲ့အတွက် လွတ်လာချိန်မှာ ကိုသံချောင်းနဲ့ မျက်နှာခြင်းဆိုင်ဖြေရှင်းနိုင်ဖို့ သူက မျှော်လင့်ထားခဲ့ပါတယ်။

သတ်ဖြတ်မှုမှာ တာဝန်ရှိတယ်လို့ စွပ်စွဲခံထားရသူတွေအနက် ကိုသံချောင်းတစ်ယောက်ထဲပဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောကြားခြင်းမရှိသေးတဲ့ အသက်ရှင်ကျန်ရစ်သူဖြစ်ပါတယ်။ အခြားစွပ်စွဲခံရသူတွေကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားဝင် ဝန်ချတောင်းပန်တာ၊ ဒါမှမဟုတ် ဝန်ခံတာတွေ မပြုလုပ်ကြသေးပါဘူး။

စွပ်စွဲခံရသူတစ်ဦးဖြစ်တဲ့ ဒေါက်တာနိုင်အောင်ကတော့ ဒီသတ်ဖြတ်မှုမှာ သူ့ ပရောဂမပါဘူးလို့ ငြင်းဆိုဖူးပါတယ်။

ကိုရဲလင်း။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ကိုရဲလင်း။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

“သူတို့ဆုံးဖြတ်ပြီးမှ ကျွန်တော်တို့ သိရတဲ့ကိစ္စ၊ ကျွန်တော် သိရတဲ့အချိန်မှာ ကျန်တဲ့သူတွေ ဆက်မသတ်ဖို့နဲ့ ပြန်ပြီးတော့မှ သူတို့ လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့သွားပြီး ကြိုးစားပေးပါတယ်” ဟု ဒေါက်တာနိုင်အောင်က သူပထမဆုံးအကြိမ် မြန်မာနိုင်ငံကို တရားဝင်ပြန်ရောက်လာခဲ့တဲ့ ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လတုန်းက ရန်ကုန်လေဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

လွှတ်မြောက်လာသူတွေကတော့ သူတို့ဟာ ဝန်ချတောင်းပန်မှုမရရုံမက ABSDF ရဲ့ တရားဝင် တပ်သားစာရင်းမှာတောင် ထည့်သွင်းသတ်မှတ်တာ မခံခဲ့ရဘူးလို့လည်း ဝေဖန်ခဲ့ကြပါတယ်။

ABSDF က ၁၉၈၈ ခုနှစ်နောက်ပိုင်း ကျဆုံးသွားတဲ့ ကျောင်းသား တပ်မတော်သားစာရင်း ထုတ်ပြန်ချိန်မှာ ပါဂျောင် စခန်းမှာ သေဆုံးသွားတဲ့သူတွေကို ချန်လှပ်ထားခဲ့လို့ ဖြစ်ပါတယ်။

ညှဉ်းပန်းနှိပ်စက်ခံရတဲ့သူတွေကို အကာအကွယ်မပေးဘဲ သတ်ဖြတ်မှုအတွက် စွပ်စွဲခံရတဲ့သူတွေကို အကာအကွယ် ပေးတဲ့ ABSDF လုပ်ရပ်ဟာ သတ်ဖြတ်မှုအတွက် သွယ်ဝိုက်ပြီး တာဝန်ရှိတဲ့သူတွေဖြစ်သွားပြီလို့ လွတ်မြောက်လာသူ တယောက်ဖြစ်တဲ့ ကိုညီညီကျော်က ပြောပါတယ်။

သတ်ဖြတ်မှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ကိုသံချောင်းဟာလည်း ထောင်က ပြန်လည်လွတ်မြောက်လာချိန်မှာ သူယခင်က သတင်းစကားပါးခဲ့သလို မြောက်ပိုင်းပြန်တေနဲ့ တွေ့ဆုံခြင်း မရှိတော့ဘဲ SNLD ပါတီရဲ့ အကူအညီနဲ့ ရှမ်းပြည်နယ်က RCSS တပ်ဖွဲ့ဆီကို ချက်ခြင်း ပြန်လည်ရောက်ရှိသွားပါတယ်။

သတ်ဖြတ်ခံခဲ့ရတဲ့မိသားစုဝင်တွေက သူ့ကို အမှုနှစ်ခုနဲ့ တရားစွဲဆိုထားပေမယ့် သူထောင်က ပြန်လည် လွတ်မြောက်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုင်ငံရေးအကျဉ်းသားများ စာရင်းထဲမှာ ထည့်သွင်းခဲ့မှုကိုလည်း မြောက်ပိုင်းပြန်တွေက ဝေဖန်ခဲ့ကြပါသေးတယ်။

“အင်မတန် ရှက်စရာကောင်းတဲ့ကိစ္စပဲ။ ABSDF က ဒီလိုလူမျိုးတယောက်ကို ဘယ်လိုစံချိန်စံညွှန်းတွေနဲ့နိုင်ငံရေး အကျဉ်းသားတယောက်အဖြစ် သတ်မှတ်သလဲ။ သူ့ကို လွှတ်ပေးလိုက်တဲ့သူတွေမှာ တာဝန်ရှိတယ်” လို့ မြောက်ပိုင်းပြန် တယောက်ဖြစ်တဲ့ ကိုရဲလင်းက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်က ဖြစ်ပွားခဲ့တဲ့ ညှင်းပန်းသတ်ဖြတ်မှုအတွက် စွပ်စွဲခံရသူတွေဘက်က မျက်နှာချင်းဆိုင် ဖြေရှင်းပေးတာမျိုးကို ညှင်းပန်းနှိပ်စက်ခံခဲ့ကြရသူတွေဘက်က မျှော်လင့်နေကြဆဲဖြစ်ပါတယ်။

“လူတွေကိုပြန်ပြီး သတ်ချင် ဖြတ်ချင်တာ၊ အရေးယူချင်တာ၊ ထောင်ချချင်တာ မဟုတ်ဘူး။ ဒီအဖြစ်အပျက်ပေါ်မှာ သမိုင်းသင်ခန်းစာအဖြစ် စံထားနိုင်ဖို့အတွက် မျှော်လင့်တယ်” လို့ ကိုညီညီကျော်က ပြောပါတယ်။

ခေါင်းစီးဓာတ်ပုံ- ပါဂျောင်လူသတ်မှုကနေ လွတ်မြောက်လာခဲ့သူ ကိုရဲလင်းက ရဲဖော်ရဲဖက်များ၏ ဓာတ်ပုံကို ကိုင်ဆောင်ထားစဉ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar