000_hkg9387342.jpg
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ကျောက်မဲမြို့နယ်အကြားတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ စစ်ဘေးဒဏ် ခံနေရခြင်းကို အမြန်ဆုံး ဖြေရှင်းပေးရန် အရေးကြီးအဆိုကို ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့ရာ လွှတ်တော်က ဆက်လက် ဆွေးနွေးရန် သဘောတူခဲ့သည်။
“ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူဦးရေ ၃,၀၀၀ ကျော်ရှိလာပြီး ကယ်ဆယ်ရေး စခန်း ၁၇ ခု ထားရှိ ရပါတယ်။ ထိုတိုက်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းရန်နှင့် စစ်ဘေးသင့် ပြည်သူများ ကြုံတွေ့နေရသည့် ဘေးဒုက္ခကို ဖြေရှင်းပေးပါရန် နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ် အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအား တိုက်တွန်းကြောင်း အရေးကြီးအဆို တင်သွင်းအပ်ပါတယ်” ဟု ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က လွှတ်တော်သို့ တင်သွင်းခဲ့သည်။
အဆိုပါဒေသအတွင်း လှုပ်ရှားနေသော လက်နက်ကိုင် တပ်ဖွဲ့တစ်ခုက ဒေသခံပြည်သူ ကိုးဦးကို ဖေဖော်ဝါရီ ၆ ရက်နေ့၌ ဖမ်းဆီးခဲ့ကာ နောက်တစ်နေ့တွင် ခြောက်ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ညောင်ပင်လှရွာ ဆရာတော် ဦးသုစိတ္တကိုလည်း ဖမ်းဆီးထားကြောင်း၊ နေအိမ်သုံးလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုအချက်များကို သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့တို့က မှန်ကန်သည်ဟု အတည်ပြုထားကြောင်း ၎င်းကပြောသည်။
ထိုအဆိုကို နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နန်းခမ်းအေးက ထောက်ခံခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၁၂ ဦးတို့ကလည်း လက်ခံဆွေးနွေးရန် သဘောတူကြသဖြင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့၊ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် အဖွဲ့များနှင့် စုစည်းထားသည့် UNFC အဖွဲ့ဝင် PSLF/TNLA နှင့် NCA လက်မှတ်ထိုးထားသည့် RCSS အဖွဲ့တို့အကြား ၂၀၁၅ ခုနှစ် နိုဝင်ဘာမှ စတင်ပြီး တိုက်ပွဲများ မကြာခဏဖြစ်ပွားနေခြင်းကြောင့် ထောင်နှင့်ချီသည့် ပြည်သူများမှာ စစ်ဘေးဒဏ်မှ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
သတင်း- စိုးသန်းလင်း