ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
Global New Light of Myanmar သတင်းစာတွင် ဖော်ပြထားသည့် ပန်ဒါနီ၏ ဓာတ်ပုံ။
မန္တလေးတိရစ္ဆာန်ရုံသို့ ပေးပို့ခဲ့သည်ဆိုသော ကယ်ဆယ်ထားသည့် ပန်ဒါလေးတစ်ကောင်ကို ကျွမ်းကျင်သူများက သံသယဖြစ်နေကြပြီး ယနေ့ထုတ် အစိုးရပိုင် သတင်းစာများ၌ ဖော်ပြထားသော ဓာတ်ပုံတွင် အနက်ရောင်ပန်ဒါတစ်ကောင်နှင့် ပိုတူနေသည်ဟု ထောက်ပြကြသည်။
ကြေးနီရောင် အမွှေးများရှိသည့် ပန်ဒါနီများအား တခါတရံ ရည်ညွန်းခေါ်ဝေါ်လေ့ရှိသည့် ဟိမဝန္တာပန်ဒါတစ်ကောင်အား ထိုင်းနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသည့် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ဝေးလံခေါင်ဖျားသည့် ဒေသတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု Global New Light of Myanmar သတင်းစာက ရေးသားထားသည်။
“ပန်ဒါငယ်လေးကို မန္တလေးရတနာပုံ တိရစ္ဆာန်ဥယျာဉ်သို့ လှူဒါန်းခဲ့သည်” ဟု သစ်တောနှင့် ဒေသခံတာဝန်ရှိသူများအား ကိုးကားပြီး သတင်းစာက ရေးသားထားသည်။
သို့သော် သတင်းနှင့်အတူ ပါရှိသည့် ဓာတ်ပုံတွင်မူ နှာသီးဖျားမှ လက်သည်းများအထိ အနက်ရောင်ရှိသည့် တိရစ္ဆာန်ငယ်တစ်ကောင်ကို ဖော်ပြထားသည်။
“ဓာတ်ပုံကြည့်ရတာတော့ ပန်ဒါမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှ တွေ့ရလေ့ရှိတဲ့ ဟိမဝန္တာဝက်ဝံတစ်ကောင်သာ ဖြစ်ပါတယ်” ဟု သစ်တောဦးစီးဌာနမှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
ရှမ်းပြည်နယ်တွင် ပန်ဒါမရှိဟုလည်း ၎င်းကပြောကြားသည်။
“မြန်မာနိုင်ငံ မြောက်ပိုင်းမှာတော့ အနီရောင် ပန်ဒါတွေ ရှိပါတယ်။ ဒါပေမယ့် ဘယ်လောက်ရှိသေးလဲဆိုတာတော့ ကျွန်တော် မသိပါဘူး” ဟု ၎င်းကပြောသည်။
လူမှုကွန်ရက်တွင်လည်း အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဝေဖန်မှုများလည်း ရှိနေသည်။
ပန်ဒါနီများကို တရုတ်နိုင်ငံနယ်စပ်အနီး ကချင်ပြည်နယ် မြောက်ပိုင်းတွင်သာ တွေ့ရှိနိုင်သည်ဟု International Union for Conservation of Nature (IUCN) ၏ မျိုးသုန်းတော့မည့် မျိုးစိတ်များ စာရင်းတွင် ဖော်ပြထားသည်။
ယခုကဲ့သို့ ပန်ဒါမျိုးစိတ် ရှုပ်ထွေးမှုသည် ယခင်က ဖြစ်ခဲ့ဖူးသည့် တိရစ္ဆာန်မျိုးစိတ်များ မှားယွင်းဖော်ပြခဲ့သည့် ဖြစ်ရပ်များကိုလည်း အမှတ်ရစေသည်။
ကြီးမားသည့် တိဘက် Mastiff ခွေးတစ်ကောင်အား အာဖရိက ခြင်္သေ့အဖြစ် ၂၀၁၃ ခုနှစ်တွင် တရုတ် တိရစ္ဆာန်ရုံတစ်ရုံက မှားယွင်းခဲ့ဖူးပြီး နောက်ပိုင်းတွင် အမွှေးထူသည့် အဆိုပါခွေးက ဟောင်သောအချိန်မှသာ အမှန်ကို သိရှိခဲ့ကြသည်။
သတင်း- အေအက်ဖ်ပီ