ပဒိုမန်းရှာရုပ်ထုဖွင့်ပွဲသို့ သားသမီးများ တက်ရောက်ခွင့် မရရှိ

ပန်းတနော်၊ ဖေဖော်ဝါရီ ၁၅

ကေအင်န်ယူ အထွေထွေအတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလာဖန်း၏ ရုပ်ထုဖွင့်ပွဲကို ၎င်း၏ ဇာတိကျေးရွာတွင် ကျင်းပခဲ့ရာသို့ ၎င်း၏ သားသမီးများ လာရောက်ခွင့် မရရှိခဲ့ဟု သိရသည်။

၂၀၀၈ ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ပဒိုမန်းရှာ၏ ကိုယ်တစ်ပိုင်း ကြေးရုပ်ထု ဖွင့်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာတွင် ယခုလ ၁၄ ရက်နေ့က ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်ရန် ပဒိုမန်းရှာ၏ ပြည်ပရောက် သား၊ သမီးများက ကြိုးစားခဲ့ကြသော်လည်း လာရောက်ခွင့် မရရှိခဲ့ဟု ပဒိုမန်းရှာ၏ အကိုတော်စပ်သူ အသက် ၇၉ နှစ်ရှိပြီဖြစ်သည့် ဦးမန်းတင်ရွှေက ပြောကြားသည်။

ပဒိုမန်းရှာ၏ သမီးနှစ်ယောက်မှာ အင်္ဂလန်နိုင်ငံတွင် ရောက်ရှိနေပြီး သားတစ်ဦးမှာ ကနေဒါနိုင်ငံတွင် ရောက်ရှိနေကာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မွေးစားသားတစ်ယောက်ရှိသည်ဟု ၎င်းက ပြောကြားသည်။

၎င်းတို့မှာ လက်ရှိအချိန်အထိ အစိုးရ၏ အမည်ပျက်စာရင်းထဲတွင် ပါဝင်နေဆဲဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန် အခွင့်အလမ်းမရခြင်းဖြစ်သည်ဟု ဦးမန်းတင်ရွှေက ပြောသည်။

“ကျွန်တော်တို့ မနေ့ညက ဒီအကြောင်းနဲ့ပတ်သက်လို့ ဖုန်းပြောဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံမှာနေတဲ့ နန်ဇိုရာဖန်း မျက်ရည်ကျတာကို ကျွန်တော်မြင်ပါတယ်။ ပြီးတော့ သူ့အသံတွေက တုန်နေတာကို ကျွန်တော်ကြားပါတယ်။ တစ်နေ့တော့ ဝင်ခွင့်ရလာမှာပါလို့ သူရဲ့ မျှော်လင့်ချက်ကို နန့်ဇိုရာဖန်းက ပြောသွားပါတယ်” ဟု ဦးမန်းတင်ရွှေက ပြောကြားသည်။

“ဒီအတွက်တော့ ကျွန်တော် တကယ်စိတ်မကောင်းပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရုပ်ထုဖွင့်ပွဲတွင် ပဒိုမန်းရှာ၏ ဓာတ်ပုံကို သယ်ဆောင်လာကြစဉ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ရုပ်ထုဖွင့်ပွဲတွင် ပဒိုမန်းရှာ၏ ဓာတ်ပုံကို သယ်ဆောင်လာကြစဉ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

၎င်းတို့ မြန်မာနိုင်ငံသို့ လာရောက်ခွင့်ရရှိရေးအတွက် ကျောင်းကုန်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ  အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးစခင်ဇော်လင်းက အစိုးရပိုင်းနှင့် ညှိနှိုင်းပေးခဲ့သော်လည်း မအောင်မြင်ခဲ့ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဖဒိုမန်းရှာသည် ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ) ၏ အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့ပြီး ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ၎င်း၏နေအိမ်တွင် အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရသည်။

၎င်း၏ ရုပ်ထုဖွင့်ပွဲ အခမ်းအနားသို့ ဧည့်သည် ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

“ရုပ်ထု လုပ်ဖြစ်တဲ့ အဓိကအကြောင်းအရာကတော့ လူတွေကြောင့်ပါ။ ကျွန်တော်တို့ရွာကို လူတွေလာတဲ့အခါမှာ ပဒိုမန်းရှာရုပ်ထု ဘယ်မှာလဲ၊ ဘယ်မှာလဲလို့ လူတွေမေးကြတဲ့အခါ ရုပ်တုကမရှိတော့ ကျွန်တော်တို့ရော၊ ရွာရော သိမ်ငယ်သလို ဖြစ်နေတာပေါ့” ဟု ဦးမန်းတင်ရွေက ပြောကြားသည်။

“ဒါပေမယ့် ဒါကို ကျွန်တော့်ညီကတော့ ကြိုက်နှစ်သက်မှာ မဟုတ်ပါဘူး” ဟု ၎င်းကပြောသည်။

ရုပ်ထုအတွက် ရွာတွင် တိုင်ပင်ကြည့်သည့်အခါ ဘုန်းကြီးနှင့် ရွာကလူများကပါ အားပေးထောက်ခံကြသည့်အတွက် ရုပ်ထုဖွင့်ပွဲအထိ ဖြစ်မြောက်လာခြင်းဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

“၂၀၁၆ ခုနှစ်ကတည်းက ရွာကလူတိုင်းက ရုပ်ထုကို ဖြစ်မြောက်စေချင်ကြပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော် ရုပ်ထုဖွင့်ပွဲအတွက် သက်ဆိုင်ရာသို့ ခွင့်တောင်းချိန်တွင် အကျဉ်းချုံးပြီးသာ ကျင်းပရန် ပြောကြားခဲ့သည်။

“အခမ်းအနားအတွက် ဆွမ်းကျွေးမယ်၊ ရုပ်ထုဖွင့်ပွဲလည်း ပါမယ်ဆိုတော့ ကျွန်တော်တို့ ပန်းတနော်စခန်းမှူးကို သွားပြီး အကြောင်းကြားလိုက်ပါတယ်။ သူတို့က ပြန်ပြောတယ်။ အခမ်းအနား လုပ်ရင်လည်းလုပ်ပေါ့။ ဒါပေမယ့် ခမ်းခမ်းနားနားကြီး မလုပ်ပါနဲ့။ အကျဉ်းချုံးလေးပဲ လုပ်ပါလို့ ပြောပါတယ်” ဟု ဦးမန်းတင်ရွှေကပြောသည်။

လက်ရှိအခြေအနေက အစိုးရနှင့် ကေအင်န်ယူတို့သည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အတူတကွ ပါဝင်နေပြီး အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေချိန်ဖြစ်သည့်အတွက် သက်ဆိုင်ရာက ပွဲကို အကျဉ်းချုံးလုပ်ပါဟု ညွှန်ကြားချက်မှာ မဖြစ်သင့်ဟု ကေအင်န်ယူ၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးမန်းငြိမ်းမောင်က ပြောကြားသည်။

တောကျောင်းကျေးရွာတွင် စိုက်ထူထားသည့် ပဒိုမန်းရှာ၏ ရုပ်ထု။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

တောကျောင်းကျေးရွာတွင် စိုက်ထူထားသည့် ပဒိုမန်းရှာ၏ ရုပ်ထု။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၏ ဥက္ကဋ္ဌဖြစ်သူ ရဲဘော်သံခဲကလည်း ယခုကဲ့သို့ ရုပ်ထုဖွင့်ပွဲပြုလုပ်ခြင်းက နိုင်ငံတော်အတွက် အဆိပ်အတောက် တစ်စုံတစ်ရာ ဖြစ်စေမည်မဟုတ်ဟု ပြောကြားသည်။

“ပြီးတော့ ပဒိုမန်းရှာလားဖန်းသည် ကေအင်ယူခေါင်းဆောင်များထဲမှ ဒီမိုကရေစီအတွက် တိုက်နေကြသော သာမန်ခေါင်းဆောင်တွေထက် သာလွန်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။ ပဒိုမန်းရှာသည် လေးစားထိုက်သော ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သောကြောင့် ၎င်းအနေဖြင့် ဒီမိုကရက်တစ် ကျောင်းသားတပ်ဦးကိုယ်စား လာရောက် ဂုဏ်ပြုရခြင်းဖြစ်သည်ဟုလည်း ၎င်းကပြောကြားသည်။

“ကျွန်တော်အနေဖြင့် ပြောချင်တာတစ်ခုက ပဒိုမန်းရှာလားဖန်းသည် ခြင်္သေ့မင်းကဲ့သို့ ရဲရင့်ပြီး၊ တစ်တောလုံးအတွက် ဒီမိုကရေစီကို တိုက်ခိုက်ခဲ့သူဖြစ်တဲ့အတွက်ကြောင့် သူသေသော်လည်း သူ၏အမည်နဲ့ သူ့၏ အတွေးအခေါ်များသည် သေလိမ့်မည် မဟုတ်ပါ” ဟု ၎င်းကဆက်လက်ပြောကြားသည်။

ပဒိုမန်းရှာ၏ အမည်မှန်မှာ ချစ်ဆွေဖြစ်ပြီး တော်လှန်ရေးကို စတင်ဝင်ရောက်ချိန်တွင်မှ ပဒိုမန်းရှာလာဖန်းအဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ ၎င်းကရင်အမည်၏ အဓိပ္ပါယ်သည် နေလိုလလို အလင်းပေးနိုင်သူဖြစ်သည်ဟု ဦးမန်းတင်ရွေက ပြောပါသည်။

“ကျွန်တော်အနေနဲ့ သူနဲ့ပတ်သက်လို့ အမှတ်တရ စကားပြောရမယ်ဆိုရင် သူ့ကိုဆုံးရှုံးရတဲ့အတွက် အရမ်းကို နှမြောတသ ဖြစ်မိပါတယ်” ဟု ၎င်းကပြောသည်။

ပဒိုမန်းရှာသည် အခြားသော တိုင်းရင်းသားများထံမှ ချစ်ခြင်းမေတ္တာကို ရရှိသလို ၎င်းကလည်း အခြားသော တိုင်းရင်းသားများကို တန်ဖိုးထား ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်သည်ဟု ၎င်းကပြောသည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar