ယခုနှစ်အတွင်း ပဋိပက္ခများကြောင့် ထွက်ပြေးလာခဲ့ကြသည့် မူဆလင်ဒုက္ခသည်များအား ပထမအသုတ်အဖြစ် နေရပ်သို့ ပြန်လည်ပို့ဆောင်ရာတွင် ရိုဟင်ဂျာတစ်သိန်းအထိ ပြန်ပို့ရန် ဘင်္ဂလားဒေရှ့်က လိုလားသည်ဟု တာဝန်ရှိသူများက သောကြာနေ့တွင် ပြောကြားသည်။
လူတစ်သိန်း၏ အမည်စာရင်းများကို မြန်မာအာဏာပိုင်များထံ သောကြာနေ့က ပေးပို့ခဲ့သည်ဟု အကြီးတန်းဝန်ကြီး Obaidul Quader က ပြောကြားသည်။ ထို့ကြောင့် နှစ်နိုင်ငံ သဘောတူညီထားချက်အရ နေရပ်သို့ ပြန်လည် ပို့ဆောင်သည့် လုပ်ငန်းများကို ဇန်နဝါရီလနှောင်းပိုင်းတွင် စတင်နိုင်လိမ့်မည်ဟု ၎င်းကဆိုသည်။
သြဂုတ်လနှောင်းပိုင်းတွင် စစ်တပ်၏ နှိမ်နင်းမှုများ စတင်ချိန်က စတင်ပြီး မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ၆၅၅,၀၀၀ ကျော်သည် ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။ အဆိုပါထွက်ပြေးမှုများမှာ လူမျိုးစုအလိုက် ရှင်းလင်းခြင်းများ ဖြစ်သည်ဟု အမေရိကန်နှင့် ကုလသမဂ္ဂတို့က ပြောကြားကြသည်။
အစောပိုင်း ပဋိပက္ခများအတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ကြကာ ဘင်္ဂလားဒေရှ့်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသည့် လူ ၃၀၀,၀၀၀ ကျော် ရှိနေပြီးဖြစ်ကာ အရေအတွက် ထပ်တိုးလာခြင်းဖြစ်သည်။
ဒုက္ခသည်များ နေရပ်ပြန်လည်ပို့ဆောင်ရေးကို ဇန်နဝါရီ ၂၃ ရက်နေ့တွင် စတင်ရန်အတွက် နှစ်နိုင်ငံအစိုးရများက နိုဝင်ဘာလတွင် သဘောတူညီခဲ့ကြသည်။ သို့သော် ကြောက်ရွံ့နေကြသည့် ရိုဟင်ဂျာများက နေရပ်ပြန်ရေးအတွက် သဘောတူညီကြရေးကို အကူအညီပေးရေးအဖွဲ့များနှင့် သံတမန်များက သံသယရှိနေကြသည်။
ရိုဟင်ဂျာများအား တိုင်းရင်းသားများအဖြစ် မြန်မာနိုင်ငံတွင် လက်ခံထားခြင်းမရှိသလို ၎င်းတို့ နိုင်ငံသားဖြစ်ရေးကိုလည်း တားဆီးထားသည်။
အမည်စာရင်းများကို နှစ်နိုင်ငံ လုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများက အတည်ပြုပြီးသည်နှင့် တပြိုင်နက် နေရပ်ပြန်ပို့ရေးလုပ်ငန်းများကို စတင်လိမ့်မည်ဟု Quader က ပြောသည်။
“လုံခြုံစိတ်ချစွာနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ဖို့အတွက် ပူးတွဲလုပ်ငန်းအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ပေါ် အခြေခံပြီးတော့ ပထမအသုတ် ရိုဟင်ဂျာ တစ်သိန်းရဲ့ အမည်စာရင်းကို မြန်မာအစိုးရထံ ဒီနေ့ ပို့ဆောင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဒုက္ခသည်စခန်းများ တည်ရှိသည့် ကော့ဘဇာသို့ သွားရောက်စဉ် သတင်းထောက်များကို ပြောကြားသည်။
“လုပ်ငန်းအဖွဲ့ရဲ့ နောက်တစ်ကြိမ် အစည်းအဝေးကို မြန်မာနိုင်ငံမှာ ကျင်းပပါလိမ့်မယ်။ အဲဒီမှာ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်တွေ ဘယ်လိုစတင်မလဲဆိုတာ ဆုံးဖြတ်ပါလိမ့်မယ်” ဟု ၎င်းကပြောသည်။
“စာရင်းကို စောနိုင်သမျှ စောစောအတည်ပြုပါလိမ့်မယ်။ စာရင်းကို အတည်ပြုပြီးတဲ့နောက် နေရပ်ပြန်ပို့ရေးလုပ်ငန်း စတင်ပါလိမ့်မယ်” ဟု Quader ကပြောသည်။
ရိုဟင်ဂျာဒုက္ခသည်များအား အကူအညီပေးရေးဆိုင်ရာ အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်သူ Abul Kalam Azad က ဒုက္ခသည်တစ်သိန်း၏ အမည်စာရင်းအား မြန်မာနိုင်ငံသို့ ပေးပို့ရန်အတွက် လုပ်ငန်းအဖွဲ့မှ ဘင်္ဂလားဒေရှ့် အဖွဲ့ဝင်များ၏ ကြသပတေးနေ့က အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
စာရင်းအား မြန်မာအာဏာပိုင်များက အတည်ပြုပြီးနောက် ဒုက္ခသည်များ၏ ဆန္ဒကို ဘင်္ဂလားဒေရှ့်က ရယူပြီး နေရပ်ပြန်ပို့ရေးကို စတင်နိုင်လိမ့်မည်ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။
အေအက်ဖ်ပီက ချဉ်းကပ်မေးမြန်းခဲ့သည့် စခန်းများမှ ရိုဟင်ဂျာအများစုကမူ ရခိုင်ပြည်နယ်က လုံခြုံမှုမရှိသည့်အတွက် ၎င်းတို့အနေဖြင့် မပြန်လိုကြဟု ပြောကြားကြသည်။ မြန်မာနိုင်ငံက ဒုက္ခသည်အများအပြားအား ပြန်လာခွင့် ပေးမပေးကိုလည်း သံသယဖြစ်မိသည်ဟု သံတမန်များက ထုတ်ဖော်ပြောကြားထားသည်။
ဘင်္ဂလားဒေရှ့်တွင် ရိုဟင်ဂျာတစ်သန်းခန့် နေထိုင်နေကြပြီး အများစုမှာ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ရောက်ရှိနေကြခြင်းဖြစ်သည်ဟု Azad ကပြောကြားသည်။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်းတွင် ရောက်ရှိသွားကြသည့် အရေအတွက် ခုနစ်သိန်းခန့် ရှိမည်ဟု ယူဆရသည့် ဒုက္ခသည်များကို ပြန်လည်ခေါ်ယူရန် မြန်မာက သဘောတူညီထားသည်။
သတင်း-အေအက်ဖ်ပီ