Soldiers of the Karen Border Guard Force parade in a ceremony at Shwe Kokko, in Kayin State’s Myawaddy Township, to mark the group’s ninth anniversary on August 20, 2019. (Frontier)
၂၀၁၉၊ ဩဂုတ်၂၀ရက်တွင် ကျင်းပခဲ့သည့် ကရင်ပြည်နယ်ခြားစောင့်တပ်ဖွဲ့တည်ထောင်ခြင်း ကိုးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်တွင် ကျင်းပစဉ်အတွင်း BGF စစ်သားများ ချီတက်လျှောက်လှမ်းလာသည်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ပဋိပက္ခနှင့်အတူ ပြန်လည်အသက်ဝင်လာသည့် ကရင်နယ်ခြားစောင့်တပ်၏ စီးပွားရေးလုပ်ငန်းများ

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်သည် တပ်မတော်နှင့် ကရင်အမျိုးသားအစည်း အရုံး(ကေအင်န်ယူ) နှင့် ဖြစ်ပွားသည့်တိုက်ပွဲများတွင် တပ်မတော်ဘက်က ကူညီတိုက်ခိုက်ပေးခြင်းအားဖြင့် အကျိုးအမြတ်အနေနှင့် ထိုင်းနယ်စပ်တစ်လျှောက်ရှိ ၎င်းတို့၏ အငြင်းပွားဖွယ် စီးပွားရေးလုပ်ငန်းများကို ပြန်လည်စတင်နိုင်ရန် တပ်မတော်ဘက်မှ မီးစိမ်းပြန်ပြပေးမည် ဖြစ်သည်။

ဖရွန်းတီးယားမြန်မာ 

ဖေဖော်ဝါရီ ၁ရက်နေ့ အာဏာသိမ်းမှုမတိုင်ခင် ရက်သတ္တပတ်များတွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့သည် အကျပ်အတည်းများထဲတွင် ရှိနေခဲ့သည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အင်န်အယ်လ်ဒီ) ဦးဆောင်သည့်အစိုးရသည် ကရင်ပြည်နယ်ခြားစောင့်တပ်၏ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများအတွက် အဓိကအချက်အချာဖြစ်လာမည့် ရွှေကုက္ကိုလ်စီမံကိန်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ရန် တွန်းအားပေးခဲ့သည်။ တပ်မတော်ကလည်း ၎င်းတို့ အုပ်ချုပ်မှုအောက်တွင်ရှိသော ကရင်ပြည်နယ် နယ်ခြားစောင့်တပ်အား အမြတ်အစွန်းများသည့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို စွန့်လွှတ်ရန်ဖိအားပေးနေခဲ့သည်။ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် နယ်ခြားစောင့်တပ်မှ အရာရှိကြီးသုံးဦးနှင့် သူတို့၏ အဖွဲ့ဝင်များက တပ်မတော်ထံနုတ်ထွက်စာ တင်ခဲ့ကြသည်။ ထို့ပြင် အခြားအဆင့်တပ်ဖွဲ့ဝင်များကလည်း တစ်ပြိုင်တည်းအုပ်စုလိုက် နုတ်ထွက်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့ကြသည်။ နယ်ခြားစောင့်တပ်ဖွဲ့က ၎င်းတို့နုတ်ထွက်မှုနှင့် ပတ်သက်ပြီး အခြားကရင်လက်နက်ကိုင်တပ်ဖွဲ့များကိုလည်း အသိပေးခဲ့ပြီး ကရင်ပြည်နယ်အတွင်း တိုက်ပွဲများပြန်လည်ဖြစ်လာနိုင်ကြောင်း ထင်ကြေးပေးခဲ့ကြသည်။

သုံးလခန့်ကြာပြီးနောက် ကရင်ပြည်နယ်တွင်းတွင် တိုက်ပွဲများ အမှန်တစ်ကယ် ဖြစ်ပေါ်လာခဲ့သည်။ သို့သော်တပ်မတော်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲများမဟုတ်ဘဲ တပ်မတော်နှင့် ကေအင်န်ယူ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ကရင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော် (KNLA)အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်း တစ်ခါမှမမြင်ခဲ့ဘူးသည့် တိုက်ပွဲအဆင့်အထိရောက်ရှိသွားခဲ့သည်။ KNLAသည် မဟာဗျူဟာကျသည့် ထိုင်းနှင့်နယ်နမိတ်ထိစပ်နေသည့် သံလွင်မြစ်တစ်လျှောက်၏ အဓိကနေရာများကိုတိုက်ခိုက်သိမ်းယူလိုက်သည်။ တစ်ချိန်တည်းမှာပင် တပ်မတော်ဘက်မှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ထောင်သောင်းချီသည့်ရွာသားများကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သည်။ 

နယ်ခြားစောင့်တပ်သည် တပ်မတော်၏ စစ်ဆင်ရေးများတွင် ပါဝင်ကူညီပေးသည့်အတွက် ပြဿနာတက်နေသည့် စီးပွားရေးလုပ်ငန်းများကို မည်သည့်ပြဿနာမှမရှိတော့ဘဲ ရှေ့ဆက်ရန် အကျိုးအမြတ်ဖြစ်စေခဲ့သည်။ ထိုင်းမြန်မာနယ်စပ်ရှိ ၎င်းတို့၏ ကာစီနိုနှင့် တရားမဝင်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ နယ်ခြားစောင့်တပ်အဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်အရ ရွှေကုက္ကိုလ်စီမံကိန်းကိုပင် တပ်မတော်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြန်လည်စတင်ရန် ဆွေးနွေးမှုများပင် ရှိနေသည်။ သို့သော် ကရင်လက်နက်ကိုင်တပ်ဖွဲ့များ ပြန်လည်ပေါင်းစည်းနိုင်ရန် ရေရှည်အစီအစဉ်ဖြင့် မူဝါဒချမှတ်လုပ်ဆောင်နေသည့် ကေအင်န်ယူနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရသည့်အတွက် ကရင်စစ်သားများကြားတွင် တင်းမားမှုများ ထပ်မံဖြစ်ပေါ်လာသည်။


ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ဖာပွန်မြို့နယ်၊ သံလွင်မြစ်ကမ်းဘေးရှိ တပ်မတော်အခြေစိုက်စခန်းတစ်ခုကို မေ၇ရက်က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့စဉ်။ (ဓာတ်ပုံ | Karen Information Center / အေအက်ဖ်ပီ)

တပ်မတော်၏ တိုက်ပွဲခေါ်သံ

ဖေဖော်ဝါရီအစောပိုင်းက နိုင်ငံတစ်ဝှမ်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ထွက်ပေါ်လာခဲ့ပြီး ထောင်ပေါင်းများစွာသော ဆန္ဒပြပြည်သူများသည် ကရင်ပြည်နယ်၏ လမ်းမပေါ်သို့ ရောက်ရှိလာခဲ့သည်။ နယ်စပ်မြို့ဖြစ်သော မြဝတီတွင် ဆန္ဒပြပြည်သူများအပေါ် တပ်မတော်က အကြမ်းဖက်ဖြိုးခွင်းမှုများကို နယ်ခြားစောင့်တပ်က ကူညီပေးချိန်တွင် အခြားဒေသများ၌ ဆန္ဒပြပြည်သူများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLAသည် ကေအင်န်ယူ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်) က လုံခြုံရေးအစောင့်အရှောက်ပေးခဲ့သည်။

ကေအင်န်ယူသည် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ၎င်းတို့၏ သဘောထားကို ထုတ်ပြန်ချက်များကတစ်ဆင့် ပြင်းပြင်းထန်ထန် ဖော်ပြခဲ့သည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် ဧပြီတွင်ထွက်ပေါ်လာသည့် အင်န်အယ်လ်ဒီ၏ ရွေးကောက်ခံအမတ်များနှင့် တိုင်းရင်းသားခေါင်းဆောင်အချို့ဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့်လည်း ပူးပေါင်းခဲ့သည်။ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်ခဲ့သည့် ဝန်ထမ်းများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဆန္ဒထုတ်ဖော်သည့်ပြည်သူများ ကေအင်န်ယူထိန်းချုပ်ရာဒေသများတွင် လာရောက်တိမ်းရှောင်သည်ကိုလည်း လက်ခံခဲ့သည်။ ထို့နောက် အာဏာရှင်များကို ပြန်လည်တိုက်ခိုက်ရန် စိတ်အားထက်သန်သည့် လူငယ်များကို စစ်ပညာသင်ကြားပေးရန်ပင် လက်ခံပေးခဲ့သည်။

ထို့သို့ စစ်ကောင်စီကို ဆန့်ကျင်သည့်လုပ်ရပ်များကြောင့် တပ်မတော်နှင့် KNLA တို့အကြား ကရင်ပြည်နယ်မြောက်ပိုင်း၊ ဖာပွန်နှင့် ပဲခူးတိုင်းအရှေ့ဘက်၊ ကျောက်ကြီးမြို့နယ်တို့တွင် တိုက်ပွဲအများအပြား ဖြစ်ပေါ်လာသည်။

မတ် ၂၇ရက်တွင် KNLA က ဖာပွန်ရှိ တပ်မတော်၏စစ်စခန်းတစ်ခုဖြစ်သည့် သီးမူထစခန်းကို သိမ်းယူနိုင်ခဲ့ပြီး တပ်မတော်ဘက်က စစ်သားအမြောက်အမြား ကျဆုံးခဲ့သည်။ ထို့နောက် တပ်မတော်ဘက်က KNLA ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်၍ ပြန်လည်တုံ့ပြန်ခဲ့သည်။ ကရင်ပြည်နယ်အတွင်း ထိုသို့လေကြောင်း တိုက်ခိုက်ခြင်းသည် ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းရက်များတွင် ကရင်ပြည်နယ်နှင့် အခြားတိုက်ပွဲနယ်မြေများရှိ တပ်မတော်တပ်ဖွဲ့များကို ထောက်ပံ့ကူညီရန် နယ်ခြားစောင့်တပ်သားဦးရေ ၅၀ မှ ၂ဝဝအထိ ပို့ဆောင်ခဲ့ကြောင်း တပ်ဖွဲ့ဝင်များက ဖရွန်းတီးယားမြန်မာကို ပြောသည်။ ထို့ပြင် ပြည်နယ်အတွင်းရှိ မြို့များတွင် လုံခြုံရေးတိုးမြှင့်ရန်အတွက်လည်း တပ်မတော်က နယ်ခြားစောင့်တပ်ကို အသုံးချခဲ့သည်။

နယ်ခြားစောင့်တပ်ရင်းမှူး မန်းဝင်ယုံ ဦးဆောင်သည့် စစ်သား၁ဝဝသည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တပ်မတော်စစ်သားများနှင့်ပူးပေါင်းကာ KNLA ကို တန်ပြန်တိုက်ခိုက်ရန် စစ်ရေးလေ့ကျင့်မှုလည်း ရှိခဲ့သည်။

နယ်ခြားစောင့်တပ်ဖွဲ့များကို ဖာပွန်၊ ကော့ကရိတ်၊ သထုံနှင့် တနင်္သာရီဒေသများသို့ ဧပြီလကစတင် ပို့ဆောင်ပေးခဲ့ပြီး တစ်ကြိမ်ပို့ဆောင်ပါက စစ်သည်အင်အားအယောက် ၅၀ခန့် ပို့ဆောင်ပေးရကြောင်း နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ နေရာတစ်ခုအတွက် ပို့ဆောင်ပေးရသည့် တပ်သားစုစုပေါင်းအရေအတွက်နှင့် ပို့ဆောင်ပေးရသည့်အကြိမ်ရေကို အသေးစိတ်မပြောသော်လည်း ဧပြီလအတွင်း ပို့ဆောင်ပေးသည့် နယ်ခြားစောင့်တပ်သားဦးရေ ၅၀၀ မှ ၁,ဝဝဝကြား ရှိကြောင်း ၎င်းထံမှ သိရသည်။ နယ်ခြားစောင့်တပ်၏ တရားဝင်စစ်အင်အားသည် ၃,ဝဝဝခန့်ရှိသည်ဆိုသော်လည်း အရံအင်အားကိုထည့်တွက်ပါက အင်အား ၅,ဝဝဝခန့်ရှိသည်။

“တပ်မတော်ကို ကူညီဖို့ဆိုပြီး တစ်နေရာတည်းကို စစ်သား ၄၀၀၊ ၅၀၀ ပို့တာမျိုးတော့ မဟုတ်ဘူး”ဟု အမည်မဖော်လိုသည့် နယ်ခြားစောင့်တပ်သားတစ်ဦးက ပြောသည်။ “ပို့မယ့်ဒေသကလာတဲ့ နယ်မြေကျွမ်းကျင်တဲ့ တပ်သားတွေကို အဓိကရွေးချယ်ပြီးမှ စစ်ကူပို့ကြတာ”ဟု အဆိုပါ တပ်သားကဆိုသည်။

သို့သော် စစ်ကူပို့ဆောင်သည့်အစီအစဉ်သည် ထင်သလောက်အဆင်မပြေခဲ့ကြောင်း နယ်ခြားစောင့်တပ်က အမည်မဖော်လိုသူ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

“တချို့ စစ်သားတွေဆိုရင် အထက်အရာရှိကို စောဒကတက်ကြတယ်။ ကိုယ့်လူမျိုးအချင်းချင်း မတိုက်ချင်ကြဘူး။ တခြားတိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ တိုက်ရတာဆို တစ်မျိုးလေ”ဟု သူက ပြောသည်။

“တိုက်ပွဲဖြစ်တဲ့ အချိန်မှာလည်း ကေအင်န်ယူတပ်တွေက ကရင်လိုအော်ပြောတာတွေရှိတယ်။ ဒီဘက်ကလည်း ကရင်တွေဆိုတော့ အဲ့လိုအချိန်ကျရင် ကရင်စစ်သားအချင်းချင်းက မပစ်ချင်ကြတော့ဘူး။ ရှေ့တန်းမှာက နယ်ခြားစောင့်တပ်စစ်သားတွေထက် ဗမာစစ်တပ်က စစ်သားတွေကိုသုံးရင် ပိုကောင်းတယ်”ဟု သူက ပြောသည်။

အဆိုပါအရာရှိ၏ ပြောဆိုချက်အရ နယ်ခြားစောင့်တပ်၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးနိုင်မောင်ဇော်သည်လည်း ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ရှေ့တန်းတစ်နေရာတွင်ရောက်နေခဲ့သည်။ ဗိုလ်မှူးနိုင်မောင်ဇော်သည် ပြန်ကြားရေးတာဝန်ခံဖြစ်ရုံမျှမက စည်းကမ်းထိန်းသိမ်းရေး အရာရှိလည်းဖြစ်သဖြင့် ရှေ့တန်းရှိ တပ်သားများကို ကြီးကြပ်ရန် ရောက်နေခြင်းဖြစ်နိုင်သည်ဟု သူက သုံးသပ်သည်။

“ကျနော်တို့ ကရင်အချင်းချင်းတိုက်ရတာကို အဆင်မပြေကြဘူးလေ။ အဲဒါကို စိတ်ခွန်အားပေးဖို့၊ ကြီးကြပ်ဖို့ အရာရှိတွေ နေရာအသီးသီးကိုလွှတ်တဲ့သဘောပေါ့”ဟု သူကပြောသည်။

ယင်းကိစ္စများအတွက် ထပ်မံမေးမြန်းရန် ဖရွန်းတီးယားမြန်မာက ဗိုလ်မှူးနိုင်မောင်ဇော်အား ဆက်သွယ်ခဲ့လည်း မအောင်မြင်ခဲ့ပေ။ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာအကောင့်(ဖေ့စ်ဘွတ်ခ်)တွင် တင်ထားသည့် အကြောင်းအရာနှင့် ဓာတ်ပုံများအရ ၎င်းသည် ရှေ့တန်းတစ်နေရာတွင် နယ်ခြားစောင့်တပ်သားများနှင့်အတူရှိနေကြောင်း ဖော်ပြနေသည်။

မေ၇ရက်တွင် ဗိုလ်မှူးနိုင်မောင်ဇော်တင်သော ရေးသားချက်များအရ သူသည် မာနယ်ပလောဒေသရှိ နို့ဒေးကျေးရွာတွင်ကျင်းပမည့် ကရင်စာပေအခမ်းအနားကို တက်ရောက်ရန်ရောက်ရှိနေပြီး ရွာသူ၊ ရွာသားများကိုလည်း စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေသည်။

“စားစရာတွေကို ရွာသားတွေအတွက် နယ်ခြားစောင့်တပ်ဖွဲ့ကနေ ဗိုလ်မှူးကြီးစောချစ်သူ လမ်းညွှန်ချက်နဲ့ လှူဒါန်းခဲ့ပါတယ်”ဟု သူ၏အကောင့်တွင် ရေးသားထားသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF)တည်ထောင်ခြင်း ကိုးနှစ်ပြည့်အခမ်းအနားကို ၂၀၁၉၊ ဩဂုတ်လအတွင်း ကျင်းပခဲ့စဉ်က အခမ်းအနားကို လုံခြုံရေးရယူပေးနေသော BGF စစ်သားများအား တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

တိုက်ပွဲများ ဖြစ်ပွားခြင်း

နယ်ခြားစောင့်စစ်သားများ နေရာအချို့တွင်ဖြန့်ကျက်ပြီးနောက် အစောပိုင်းကာလများတွင် KNLA နှင့် နယ်ခြားစောင့်တပ်များကြား တိုက်ပွဲများ အနည်းငယ်သာဖြစ်ပွားသည်ဟု ကေအင်န်ယူ ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက တိုက်ပွဲများအခြေအနေနှင့်ပတ်သက်ပြီး ဖရွန်းတီးယားမြန်မာကိုပြောသည်။

“တစ်ခါတစ်ရံ ကရင်အချင်းချင်းတိုက်ရသလို အနေအထားတော့ရှိတာပေါ့။ နယ်ခြားစောင့်တပ်တွေက တပ်မတော်ဘက်ကနေ ရှေ့တန်းက စစ်ကူတိုက်တာကိုး။ သူတို့က အစကတည်းက တပ်မတော်လက်အောက်ခံအဖွဲ့ပဲလေ”ဟု ၎င်းက ဧပြီ ၂၅ရက်တွင် ပြောသည်။ 

နယ်ခြားစောင်တပ်သား အရေအတွက်ကို အတည်မပြုနိုင်သော်လည်း ၎င်းတို့အဖွဲ့ဝင်များ တိုးပွားလာနေသည်ဟု KNLA တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောသည်။ 

ဖာပွန်အခြေစိုက်သည့် KNLA တပ်မဟာ (၅) နယ်မြေတွင် တပ်မတော်နှင့် ထိတွေ့တိုက်ခိုက်မှု အကြိမ်များစွာဖြစ်ပွားခဲ့ပြီး တပ်မဟာ (၅) ဘက်က မဟာဗျူဟာကျသည့် နေရာများကိုသိမ်းပိုက်ခဲ့သည်။ ထို့ပြင် ဖာပွန်တွင် တပ်စွဲထားသည့်စစ်ကောင်စီ၏ တပ်အချို့ ရိက္ခာပြတ်တောက်သွားစေရန် ရိက္ခာပို့လမ်းကြောင်းများကိုလည်း KNLAက ဖြတ်တောက်ထားနိုင်ခဲ့သည်။

တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက မတ်လ၊ တတိယပတ်မှ မေလ၊ ပထမပတ်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း တပ်မတော်ဘက်က တပ်သား၂ဝဝကျော်ကျဆုံးခဲ့ပြီး ၂ဝဝကျော် အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အတည်ပြုပြောဆိုသည်။

“တခြားတပ်မဟာ နယ်မြေတွေအားလုံးမှာ တပ်ဘက်က ကျဆုံးစာရင်းတွေပါပေါင်းလိုက်ရင် ဒီထက်နှစ်ဆလောက်ဖြစ်သွားနိုင်တယ်”ဟု ၎င်းကပြောသည်။

ကျဆုံးသည့် တပ်မတော်စစ်သားများနေရာတွင် အစားထိုးမည့် နယ်ခြားစောင့်တပ်များ ဖာပွန်သို့ ဧပြီလ အစောပိုင်းကတည်းက တစ်ဖွဲဖွဲရောက်လာပြီး ဧပြီလအကုန်တွင် အင်အားအလုံးအရင်းဖြင့် ထပ်မံရောက်ရှိခဲ့ကြောင်း ဗိုလ်မှူးကြီးက ရှင်းပြသည်။

“အခုလက်ရှိ တပ်မဟာ(၅) နယ်မြေထဲမှာ နယ်ခြားစောင့်တပ်အင်အား ၅ဝဝလောက် ရောက်နေကြတယ်လို့ ထင်တယ်။ ဒီထပ်လည်း ပိုကောင်းပိုနိုင်တယ်။ ကျနော်တို့က စာရင်းအတိအကျမရှိတော့ ယေဘုယျပဲတွက်ရတာ။ လက်တလောမှာ နယ်ခြားစောင့်စစ်သားတွေ အများကြီးတွေ့တယ်”ဟု ဗိုလ်မှူးကြီးစောကလယ်ဒိုကပြောသည်။

အမည်မဖော်လိုသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးကလည်း နယ်ခြားစောင့်တပ်သားများကို ဖာပွန်ခရိုင်သို့ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက အကြိမ်ကြိမ်ပို့ခဲ့ကြောင်း မေ၆ရက်တွင် အတည်ပြုပြောဆိုသည်။

“ပထမတစ်သုတ်ကို ဧပြီလ နောက်ဆုံးအပတ်မှာပို့တယ်။ ဒုတိယအသုတ်ကိုတော့ မေ၂ရက်နေ့မှာပို့တယ်။ တစ်ကြိမ်ကို အယောက် ၁၅၀ကနေ၂ဝဝအထိရှိတော့ စုစုပေါင်း ၄ဝဝကျော်လောက်ဖာပွန်ခရိုင်မှာ ရှိနေတယ်”ဟု သူကပြောသည်။

နယ်ခြားစောင့်တပ်ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက​ မေ၆ရက်က ပြည်တွင်းအခြေစိုက် ကရင်သတင်းဌာနတစ်ခုနှင့် အင်တာဗျူးတွင် တပ်မတော်၏လုံခြုံရေးနှင့် စစ်ရေးအခြေအနေများကို ပူးပေါင်းဆောင်ရွက်ရန် အင်အား၂ဝဝခန့်ရှိသည့် တပ်ရင်းတစ်ရင်း ဖာပွန်သို့ပို့ထားသည်ဟု ပြောဆိုခဲ့သည်။ သူ၏ နယ်ခြားစောင့်တပ်သားများကို KNLA နှင့် တိုက်ခိုက်ခြင်းမပြုရန် မှာကြားထားပြီး တိုက်ပွဲဖြစ်ပါက ၎င်းဘက်မှ တာဝန်ယူဖြေရှင်းပေးမည်ဟု ပြောဆိုထားသည်။

သို့သော် သုံးရက်ခန့်ကြာပြီးနောက် မေ၉ရက်တွင် လူမှုကွန်ရက်တွင် ဗီဒီယိုဖိုင်တစ်ခု ပျံ့နှံ့လာခဲ့သည်။ ယင်းဗီဒီယိုဖိုင်တွင် နယ်ခြားစောင့်တပ်သား ၁ဝဝခန့်က မြိုင်ကြီးငူဒေသမှ သံလွင်မြစ်ကိုဖြတ်ကာ တိုက်ပွဲဖြစ်ပွားနေသည့် ဖာပွန်ခရိုင်အတွင်းသို့ ဝင်ရောက်နေကြသည်။ ဒေသတွင်းသတင်းများအရ ထိုနေ့တွင် တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်တပ်သား အများအပြားကျဆုံးခဲ့သည်။ သံလွင်သတင်းဌာန (Salween Press)၏ သတင်းတစ်ပုဒ်အရ တပ်သား၆ဝဝခန့်သည် တပ်မတော်နှင့်အတူ KNLA တပ်ဖွဲ့ဝင်များကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကရင်လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်ပြီး ဆယ်စုနှစ်အတော်ကြာအောင်လေ့လာခဲ့သည့် အလွတ်တန်းသုတေသီ မစ္စတာကင်ဂျိုးလစ်ဖ်က နယ်ခြားစောင့်တပ်ဖွဲ့များ ရှေ့တန်းတွင် တပ်မတော်နှင့်အတူ တိုက်ပွဲဝင်နေသည်မှာ အံ့သြစရာမရှိဟုဆိုသည်။ နယ်ခြားစောင့်တပ်ရင်းတစ်ခုတွင် တပ်မတော်ဘက်မှ အရာရှိ ၃၂ဦးနှင့် စစ်သည်များတရားဝင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ တပ်မတော်မှ အမိန့်ပေးပါက နယ်ခြားစောင့်တပ်က ၎င်းတို့ကိုအားဖြည့်ကူညီရန် သေချာပေါက်အသင့်ဖြစ်နေမည်ဟု ၎င်းကပြောသည်။ 

တပ်မတော်က နယ်ခြားစောင့်တပ်များကို အသုံးပြုပြီး KNLA ကို တိုက်ခိုက်သည့် တိုက်ပွဲများ သို့မဟုတ် နယ်ခြားစောင့်တပ်က တပ်မတော်၏စစ်ဆင်ရေးများကို ထောက်ပံ့ပေးခြင်းများသည် ယခင်က အကြိမ်ရေ များများစားစားမရှိခဲ့ဟု သူကပြောသည်။


၂၀၁၉၊ ဇန်နဝါရီ၃၁ရက်တွင် ကျရောက်သော နှစ်၇၀မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနားတွင် ချီတက်လာသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အဖွဲ့ဝင်များကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ကေအင်န်ယူ/အေအက်ဖ်ပီ)

စည်းလုံးညီညွတ်ရေးအတွက် အကြံပြုချက်

လွန်ခဲ့သည့်ဆယ်စုနှစ်များစွာကတည်းကပင် ကေအင်န်ယူနှင့် နယ်ခြားစောင့်တပ်တို့ကြားတွင် သွေးကွဲခဲ့သည့် သမိုင်းအဖြစ်အပျက်များစွာသည် ၁၉၉၀ပြည့်နှစ် အလယ်ပိုင်းကတည်းက အခြေတည်ဖြစ်ပေါ်ခဲ့သည်။

၁၉၉၄တွင် ပေါ်ပေါက်ခဲ့သော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ (DKBA) ကို တပ်မတော်က ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်လေးတွင် ဖိအားပေး၍ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းစေခဲ့သည်။

၁၉၉၄တွင် မိခင်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်သော တပ်ဖွဲ့ဝင်များက ခရစ်ယာန်ဘာသာဝင်အများစုဦးဆောင်သည့် ကေအင်န်ယူမှ ခွဲထွက်ရန် ဘာသာရေးအရမှိုင်းတိုက်ကာ သွေးခွဲခံရပြီးနောက် DKBA ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါခွဲထွက်အဖွဲ့သည် တပ်မတော်နှင့် ပြန်လည်ပူးပေါင်းကာ ၁၉၉၅တွင် ကေအင်န်ယူဗဟိုဌာနချုပ် မာနယ်ပလောကို တိုက်ခိုက် သိမ်းယူခဲ့သည်။ ထို့သို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့်အတွက် အကျိုးအမြတ်အနေနှင့် စီးပွားရေးလုပ်ငန်း အချို့ကို လုပ်ကိုင်ခွင့်ရခဲ့သည့်အပြင် တပ်မတော်ဘက်က မြေယာပိုင်ဆိုင်မှုများကိုပါ ပေးခဲ့သည်။ ကေအင်န်ယူအဖွဲ့ဝင်များနှင့် ၎င်းတို့ကိုထောက်ခံသူများသည် ကရင်ကိုယ်ပိုင်အုပ်ချုပ်ပြဋ္ဌာန်းပိုင်ခွင့်ကို ထိပါးစေခဲ့ဟုဆိုဟာ DKBA ကို အမျိုးသားရေးသစ္စာဖောက်အဖြစ် သတ်မှတ်ခဲ့ကြသည်။

ယနေ့အချိန်တွင် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်သည် တပ်ရင်း၁၃ခုကို ပိုင်ဆိုင်ထားပြီး ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက မြဝတီမြို့မြောက်ဘက် ကီလိုမီတာ ၂၀ကွာဝေးသည့် ဌာနချုပ် ရွှေကုက္ကိုလ်ဒေသမှ ကြီးကြပ်ကွပ်ကဲလျက်ရှိသည်။ 

သုတေသီ ဂျိုးလစ်ဖ်ကမူ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့၏ အင်အားကိုအထင်အမြင်မသေးသင့်ဟု သတိပေးထားသည်။ ဗိုလ်မှူးကြီးစောချစ်သူသည် ကရင်ပြည်နယ်မြောက်ပိုင်း၊ ဖာပွန်မြို့နယ်နှင့် တောင်ပိုင်း ဘုရားသုံးဆူဒေသတို့ထက်စာလျှင် အလယ်ပိုင်းဒေသများကို အဓိကထိန်းချုပ်ထားသည်။ 

“အခု ဖာပွန်ဘက်က တပ်မဟာ၅နယ်မြေထဲမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေက အရင်က ဖြစ်လေ့ဖြစ်ထရှိခဲ့တာ မဟုတ်ဘူး။ အခြေအနေတွေက အရမ်းရှုပ်ထွေးနေပြီး အချင်းချင်းမယုံကြည်တဲ့ ပြဿနာကြောင့် ထိတွေ့မှုတွေ အများအပြားရှိလာခဲ့တယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။

နယ်ခြားစောင့်တပ်သားများ ဖာပွန်ကိုအများအပြားရောက်ရှိခဲ့စဉ်က KNLAဘက်မှ ကရင်လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း သွေးစည်းညီညွတ်ရန် တိုက်တွန်းမှုများရှိခဲ့ပြီး တစ်ချိန်တည်းတွင် တပ်မတော်ဘက်မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များကလည်း DKBA နှင့် KNU/KNLA (PC) (ကရင်ငြိမ်းချမ်းရေးကောင်စီ) အဖွဲ့ဝင်များနှင့် သီးသန့်တွေ့ဆုံ စည်းရုံးခဲ့သည်။ 

မေ၂ရက်က ကရင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ကရင်ဘာသာဖြင့်ပေးပို့သောစာတွင် KNLA ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဘောကျော်ဟဲက လက်ရှိနိုင်ငံရေးအခင်းအကျင်းသည် ကရင်လူမျိုးတို့အတွက် နှစ်ပေါင်း ၇ဝအတွင်း ကိုယ်ပိုင်အုပ်ချုပ်ပြဋ္ဌာန်းခွင့်ရရှိရန် အခွင့်အရေးဖြစ်ကြောင်း ပြောကြားထားသည်။

“ဒီအခြေအနေကို အကျိုးရှိအောင်အသုံးချကြ၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြ”ဟုသူက တိုက်တွန်းထားသည်။ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့များကိုလည်း “နယ်ခြားစောင့်တပ်ဖွဲ့ဝင်အပေါင်းတို့၊ မင်းတို့ဟာ ကရင်လူမျိုးတွေ ဖြစ်တယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ဖို့ ဂရုစိုက်ကြပါ။ ကရင်အချင်းချင်းသတ်ဖြတ်နေတာ လုံးဝမဖြစ်သင့်ဘူး”ဟု ထောက်ပြသတိပေးခဲ့သည်။

ကေအင်န်ယူ၏ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ပူးပေါင်းဆောင်ရွက်ရေးရည်မှန်းချက်သည် ရေရှည်ဆောင်ရွက်မှသာ အောင်မြင်နိုင်မည့် အလားအလားရှိသည်ဟု ဂျိုးလစ်ဖ်က ဆိုသည်။ ၂၀၁ဝပြည့်နှစ်တွင် DKBA တပ်ဖွဲ့ဝင်အချို့က နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲကာတပ်မတော်နှင့် ပူးပေါင်းချိန်တွင် ကေအင်န်ယူ၏လွှမ်းမိုးမှုကြောင့် အချို့DKBA တပ်ဖွဲ့များသည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲမည့်အစား DKBA အဖြစ်သာ ရပ်တည်ခဲ့သည်။ အဆိုပါ DKBA နှင့်KNU/KNLA (ငြိမ်းချမ်းရေးကောင်စီ)နှစ်ဖွဲ့က ကေအင်န်ယူနှင့်အတူ တစ်သဘောထားတည်းရှိသည့်တိုင် နယ်ခြားစောင့်တပ်ကို ပူးပေါင်းပါဝင်လာရန် ကေအင်န်ယူက မစွမ်းဆောင်နိုင်ခဲ့ဟု ဂျိုးလစ်ဖ်က သုံးသပ်သည်။ အာဏာသိမ်းမှုနဲ့အတူ ကရင်ပြည်နယ်မှာ ပဋိပက္ခတွေဖြစ်ပေါ်လာခြင်းက တပ်မတော်နဲ့ပူးပေါင်းတဲ့ နယ်ခြားစောင့်တပ်ရဲ့ ရပ်တည်ချက်ကို ပိုပြီးသိသာထင်ရှားလာစေကြောင်း သူကပြောသည်။

“အခုနိုင်ငံရေးအခင်းအကျင်းက ကရင်လက်နက်ကိုင်တပ်တွေအားလုံးပေါင်းစည်းဖို့ အခွင့်အရေးတစ်ရပ်ဖြစ်နေခဲ့တယ်။ အရင်က KNLA နဲ့ နယ်ခြားစောင့်တပ်ကြား အကွဲအပြဲတွေ အများကြီးရှိခဲ့တယ်။ အခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကရင်ပြည်နယ်တွင်း အင်အားနည်းနေချိန်မှာ ကေအင်န်ယူက နယ်ခြားစောင့်တပ်ကို ညှိနှိုင်းနိုင်ရင်တော့ လက်နက်ကိုင်မဟာမိတ်တပ်ဖွဲ့သစ်တစ်ခု ဖြစ်လာနိုင်ပြီး၊ ကေအင်န်ယူက ကရင်ပြည်နယ်မှာ ပိုပြီးအခရာကျတဲ့အဖွဲ့အစည်းဖြစ်လာလိမ့်မယ်”ဟု ဂျိုးလစ်ဖ်က မှတ်ချက်ပြုသည်။


BGF ဌာနချုပ်ရှိရာ ရွှေကုက္ကိုလ်အနီးက ရထိုက်မြို့သစ်စီမံကိန်းတည်ဆောက်မှုအခြေအနေကို ၂၀၁၉၊ ဇူလိုင်လအတွင်းက မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ခြင်း

တပ်မတော်သည် ၎င်းတို့ကို စစ်ရေးအရ အထောက်အပံ့ပေးနေသည့် နယ်ခြားစောင့်တပ်ဖွဲ့ကို အကျိုးခံစားခွင့်ပေးရန် ဆောင်ရွက်ထားပုံရသည်။ နယ်ခြားစောင့်တပ်များ ကရင်ပြည်နယ်ရှိ တိုက်ပွဲနယ်မြေများသို့ ဝင်ရောက်ကာ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့အုပ်စု၏ စီးပွားရေးလမ်းကြောင်းများသည်လည်း အလိုလို ပြန်ပွင့်လာခဲ့သည်။

နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်အရ ထိုင်းမြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်တစ်လျှောက်တွင် ဖွင့်ထားသော ကာစီနိုများသည် ဧပြီအစောပိုင်းကတည်းက ပြန်ဖွင့်နေပြီဖြစ်ကြောင်းသိရသည်။

“စစ်အာဏာသိမ်းပြီးကတည်းက စီးပွားရေးလုပ်ငန်းတွေ ပုံမှန်ဖြစ်သွားတယ်။ ကာစီနိုတွေကို ဧပြီလ အစကတည်းက ပြန်ဖွင့်နေပြီး သင်္ကြန်ကာလကိုတောင် တချို့ VVIP တွေအတွက် သီးခြားဖွင့်ပေးတာမျိုး ရှိတယ်။ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ခေါင်းဆောင်တွေကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးတာတွေရှိခဲ့ပြီး အကျိုးအမြတ်တစ်ဝက်ဆီယူဖို့ သဘောတူထားတဲ့ တချို့လုပ်ငန်းတွေလည်းရှိတယ်လို့ ကြားတယ်”ဟု အမည်မဖော်လိုသည့် အဆိုပါအဖွဲ့ဝင်ကပြောသည်။

နယ်ခြားစောင့်တပ်သည် ရထိုက်မြို့သစ်စီမံကိန်းဟု အမည်ပေးထားသည့် နယ်ခြားစောင့်တပ်ဌာနချုပ်ရှိရာ ရွှေကုက္ကိုလ်တွင် လုပ်ဆောင်နေသည့် အမေရိကန်ဒေါ်လာ ၁၅ဘီလီယံတန်ကြေးရှိ အဆိုပါစီမံကိန်းကို ပြန်လည်စတင်ရန် တပ်မတော်နှင့် ညှိနှိုင်းလျက်ရှိကြောင်း သူကဆိုသည်။ အဆိုပါစီမံကိန်းသည် နယ်ခြားစောင့်တပ်နှင့် ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် ရထိုက်အင်တာနေရှင်နယ်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ဆောင်နေသည့် စီမံကိန်းဖြစ်သည်။ ရထိုက်အင်တာနေရှင်နယ်မှ စီးပွားရေးဦးဆောင်သူသည် တရုတ်နိုင်ငံတွင် တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ငန်းကို တည်ထောင်ခဲ့သဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူ ဖြစ်သည်။ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်နှစ်က အင်န်အယ်လ်ဒီအစိုးရက စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ကာ စစ်ဆေးလျက်ရှိသည်။

“အာဏာသိမ်းမှုမတိုင်ခင် အင်န်အယ်လ်ဒီအစိုးရလက်ထက်က စီမံကိန်းကို စုံစမ်းစစ်ဆေးမှုမပြီးမချင်း လုံးဝကို ရပ်ခိုင်းထားတာ။ အာဏာသိမ်းပြီးနောက်ပိုင်း တပ်မတော်နဲ့ အခုညှိနှိုင်းမှုပြီးသွားရင်တော့ အဲဒီစုံစမ်းစစ်ဆေးမှုတွေမရှိတော့ဘဲ ပုံမှန်အတိုင်း ဆက်လုပ်သွားပြီး တပ်မတော်က အကျိုးအမြတ်ကို အကျိုးတူခံစားခွင့်ရမယ့် သဘောရှိတယ်”ဟု အဆိုပါ အဖွဲ့ဝင်ကပြောသည်။

“ကျနော်တို့ အဖွဲ့ဝင်တွေကတော့ ဘယ်လိုအကျိုးအမြတ်ခွဲမလဲ၊ တပ်မတော်နဲ့ ဘယ်လိုအပေးအယူလုပ်ခဲ့လဲ ဆိုတာမျိုးအထိ အသေးစိတ်တော့ မသိရဘူးပေါ့။ ဒါပေမဲ့ ကျနော်တို့ကိုယ်တိုင် အဲဒီစီမံကိန်း ဧရိယာတွေကို လုံခြုံရေးတာဝန်ယူရင်းသိရတာက လုပ်ငန်းတွေကဧပြီလကတည်းက ပြန်စနေခဲ့ပြီ”ဟု သူက ပြောသည်။

တပ်ဖွဲ့ဝင်အချို့နှင့် ၎င်းတို့ကိုထောက်ခံသူများ၏ လူမှုကွန်ရက်ပေါ်တွင်ရေးသားဖြန့်ဝေထားသည့် သတင်းစကားများအရ နယ်ခြားစောင့်တပ်သည် တပ်မတော်နှင့် ပူးပေါင်းတိုက်စစ်ဆင်ပေးသည့် အကျိုးအမြတ်အနေနှင့် စီးပွားရေးလုပ်ငန်းများကို ယခင်အနေအထားအတိုင်း လုပ်ဆောင်နိုင်တော့မည်ဟု ဆိုထားသည်။

နယ်ခြားစောင့်တပ်ထောက်ခံသူများဖြင့် စုဖွဲ့ထားသည့် လူမှုကွန်ရက်စာမျက်နှာတွင်လည်း အကောင့်တစ်ခုက နယ်ခြားစောင့်တပ်သည် ကေအင်န်ယူကို ရှေ့တန်းမှတိုက်ခိုက်ပေးပါက စီးပွားရေးအကျိုးအမြတ်ရစေမည့် အပေးအယူကိုလုပ်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

“ငါတို့ခေါင်းဆောင်က ငါတို့ဒေသ၊ ငါတို့လူမျိုးအတွက် ဖွံ့ဖြိုးတိုးတက်အောင် အကောင်းဆုံးလုပ်ဆောင်ပေးတော့မှာ။ ကေအင်န်ယူထောက်ခံသူတွေက ငါတို့ကိုသစ္စာဖောက်လို့ပြောလည်း ဂရုမစိုက်ဘူး။ ငါတို့ခေါင်းဆောင်က ငါတို့ဒေသအကျိုးစီးပွားတစ်ခုတည်းကိုပဲ ရှေးရှုပြီး အလုပ်လုပ်နေခဲ့တာ”ဟု အဆိုပါ အကောင့်ပိုင်ရှင်က ရေးသားထားသည်။

အခြားနယ်ခြားစောင့်တပ်တပ်ဖွဲ့ဝင်တစ်ဦး အသုံးပြုနေသည့် နာမည်အတုနှင့် အကောင့်တစ်ခုကလည်း “ရွှေကုက္ကိုလ်ဒေသမှာ စီးပွားရေးလုပ်ငန်းတွေက ပြန်စတော့မှာ။ ဆောက်လုပ်ရေးတွေပြီးတာနဲ့ စီးပွားရေး စလည်ပတ်နိုင်ပြီး ဒီဒေသကြီးဖွံ့ဖြိုးတော့မှာ။ ဗမာပြည်ကလူတွေ ဆင်းရဲနေချိန်မှာ ငါတို့ဒေသက တစ်ဆင့်ပြီး တစ်ဆင့် ဖွံ့ဖြိုးတိုးတက်နေမှာ”ဟု ရေးသားထားသည်။

BGFတည်ထောင်ခြင်း ကိုးနှစ်ပြည့်အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်များ အမှတ်တရ ဓာတ်ပုံရိုက်ကူးကြစဉ်။ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ (ညာ)၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်​ဒေါ်နန်းခင်ထွေးမြင့် (အလယ်၊ နီ)နှင့် အငြင်းပွားဖွယ် ရွှေကုက္ကိုလ်တွင် တည်ဆောက်နေသော ရတိုက်မြို့သစ်စီမံကိန်းတွင် အဓိကရင်းနှီးမြှုပ်နှံသူ တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင် ရှီကျီကျန်း (ခ) ရှီလန်ကိုင် (အနောက်တိုင်းဝတ်စုံဖြင့်လူ)တို့ကို အတူတကွမြင်ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်ပြီ

နယ်ခြားစောင့်တပ်တပ်ဖွဲ့၏ အမြတ်အစွန်းများသော စီးပွားရေးလုပ်ငန်းတစ်ခုမှာ မြဝတီမြို့၊ သောင်ရင်းမြစ်တစ်လျှောက်တွင်ရှိသော တရားမဝင်ကုန်သွယ်ရေး လှေဂိတ်၂၇ခုဖြစ်သည်။ ကုန်သည်များသည် တရားမဝင်ကုန်သွယ်ရေးလမ်းကြောင်းမှ ကန့်သတ်ထားသောကုန်ပစ္စည်းများကို ထိုင်းမှမြန်မာဘက်သို့ တင်ပို့လိုခြင်း၊ အခွန်ရှောင်လိုခြင်းများ၊ ရွှေ့ပြောင်းလုပ်သားများ နယ်စပ်ကူးခြင်းများ စသည်တို့အတွက် အသုံးပြုလေ့ရှိသည်။

ကုန်ပစ္စည်းများသည် ထိုင်းဘက်ရှိ စစ်ဆေးရေးဂိတ်များကိုကျော်ဖြတ်တာ နယ်ခြားစောင့်တပ်ကွပ်ကဲသော လှေဂိတ်များမှတစ်ဆင့် မြစ်ကိုဖြတ်ပြီး မြန်မာဘက်ခြမ်းရှိ ၎င်းတို့ပိုင် ဂိုဒေါင်များတွင် သိုလှောင်ထားကြသည်။ ထိုမှတစ်ဆင့် ကုန်သည်များက နိုင်ငံအနှံ့သို့ ပြန်လည်ဖြန့်ဖြူးကြသည်။ ထိုသို့ လှေဂိတ်မှတစ်ဆင့် ကုန်သွယ်ရေးလုပ်ဆောင်နေသည်မှာ ဆယ်စုနှစ်များစွာရှိခဲ့ပြီး ထိုင်းနယ်စပ်ကုန်သွယ်မှု၏ ၆၀ရာခိုင်နှုန်းမှာ လှေဂိတ်များမှတစ်ဆင့် တင်သွင်းပို့ဆောင်ခြင်းဖြစ်သည်။ တစ်နှစ်လျှင် ကုန်ပစ္စည်းတန်ဖိုးပေါင်း အမေရိကန်ဒေါ်လာ ၁ဒသမ၅သန်းအထိ တင်သွင်းကြသည်။ 

၂၀၂၀ပြည့်နှစ်တွင် ကိုဗစ်−၁၉ကမ္ဘာ့ကပ်ရောဂါ မြန်မာနိုင်ငံတွင် စတင်ပျံ့နှံ့လာသောအခါ နယ်ခြားစောင့်တပ်၏ လှေဂိတ်များကို ပိတ်ထားရန်ဖိအားပေးခံခဲ့ရပြီး တရားမဝင်လှေဖြင့်ကုန်သွယ်သည့်လမ်းကြောင်းသည်လည်း လုံးဝမရှိသလောက် နီးပါးဖြစ်ခဲ့သည်။ ကေအင်န်ယူနှင့် DKBA ပိုင် စုစုပေါင်း ခုနှစ်ဂိတ်သည်လည်း နယ်ခြားစောင့်တပ်ပိုင် ဂိတ်များနည်းတူ ပိတ်သိမ်းခဲ့ရသည်။

ကုန်သည်များနှင့် နယ်ခြားစောင့်တပ်အရင်းအမြစ်များက ဖရွန်းတီးယားမြန်မာကို ပြောကြားချက်အရ နယ်ခြားစောင့်တပ်ဂိတ်များကို ဧပြီလကတည်းက ပြန်လည်ဖွင့်ထားခဲ့ပြီး ဘီယာ၊ အားဖြည့်အချိုရည်များ၊ ကော်ဖီမစ်များ၊ တီးမစ်များနှင့် နို့ထွက်ပစ္စည်း စသဖြင့် ကုန်ပစ္စည်းမျိုးစုံတို့ကို ပြန်လည်တင်သွင်းနေခဲ့သည်။

တင်သွင်းကုန်အများစုမှာ ထိုင်းနိုင်ငံထုတ် ယမကာနှင့် စားသောက်ကုန်များနှင့် အလှကုန်ပစ္စည်းများဖြစ်ကြောင်း စက်လှေဂိတ်တစ်ခုတွင် စက်လှေမောင်းအဖြစ် လုပ်ကိုင်နေသူ ဦးမောင်ညွှန့်ကပြောသည်။ 

“ဘီယာတို့ အချိုရည်တို့လိုမျိုးပို့တဲ့သူတွေက မြန်မာဘက်ကမ်းမှာရှိတဲ့ နယ်ခြားစောင့်တပ်ဂိတ်တွေဘက်က ဂိုဒေါင်တွေကိုပဲ ငှားပြီးသိုလှောင်ပြီး မြန်မာပြည်အနှံ့ ပြန်ဖြန့်တယ်။ အလှကုန်တို့ ကော်ဖီမစ်တို့လိုမျိုး ကုန်တွေကျ လှေနဲ့ကူးပြီးတာနဲ့ တစ်ဖက်ကကုန်ကား၊ ထရပ်ကားတွေနဲ့ တင်ပြီးတန်းပို့တယ်”ဟု ဦးမောင်ညွှန့်က ရှင်းပြသည်။

“ကျနော်တို့လှေသမားတွေက လှေကိုအခေါက်ရေအတိုင်း ဂိတ်ကို ပိုက်ဆံပေးရတယ်။ ကုန်ပို့တဲ့သူတွေကလည်း ကုန်အနည်းအများအပေါ်မူတည်ပြီး ဂိတ်ကိုပေးရတယ်။ ကျနော်တို့ကတော့ ကုန်ပို့ရင်တစ်ခေါက်(ကျပ်) ၅,၀၀၀ထောင်၊ လူကူးရင် (ကျပ်)၁,၀၀၀သတ်မှတ်ထားတယ်။ ကုန်ပို့တဲ့လူတွေကတော့ ဘယ်လောက်ပေးရသလဲ ကျနော်မသိဘူး”ဟု သူကပြောသည်။ အလုပ်များသည့်နေ့များတွင် တစ်နေ့ကိုအခေါက်ရေ ၃၀ခန့် အသွားအပြန်ကူးရလေ့ရှိကြောင်း သူက ဖြည့်စွက်ပြောသည်။

ဦးမောင်ညွှန့်သည် ကိုဗစ်ဖြစ်ပွားခဲ့သည့် ၂၀၂၀ပြည့်နှစ်ကတည်းက ပိတ်ထားခဲ့သည့်လှေဂိတ်များ ပြန်လည်ဖွင့်ပေးရန် မျှော်လင့်လျက်ရှိသည်။ ယခင်ဂိတ်မပိတ်ခင်က သူသည် ပုံမှန်ဝင်ငွေရပြီးလုံခြုံစွာ အလုပ်လုပ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

“အာဏာသိမ်းမှုဖြစ်တော့ ကျနော်လည်းစိတ်မကောင်းဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကျနော်လည်း အင်န်အယ်လ်ဒီကို မဲပေးခဲ့တာကိုး”ဟု သူကပြောသည်။

“အခုကျတော့ အလုပ်ပြီးလို့ လှေဂိတ်ကနေအိမ်ပြန်ရင်တောင် ဘယ်တော့အဖမ်းခံရမလဲ၊ အပစ်ခံရမလဲဆိုပြီး မလုံခြုံဘူး။ ဝင်ငွေရှိလာပေမဲ့ အရင်လိုမငြိမ်းချမ်းဘူး။ အရင်ကလို အေးအေးဆေးဆေးပဲ နေချင်တာ။ အခုက အားလုံးကို ကြောက်နေရတယ်”ဟု သူကပြောသည်။ 

ထိုင်းနိုင်ငံမှ ပုံမှန်တင်သွင်းနေသည့် သွင်းကုန်အချို့ကို မြဝတီချစ်ကြည်ရေးတံတားမှ တင်သွင်းခွင့်ပိတ်ပင် လိုက်ခြင်းကလည်း ဦးမောင်ညွှန့်တို့ကို ပိုမိုအလုပ်များစေနိုင်မည်ဖြစ်သည်။ မြဝတီနယ်စပ်ကို ဖြတ်ကျော်ကာ မြန်မာကိုတင်သွင်းနေသည့် သွင်းကုန်များဖြစ်သည့် အချိုရည်၊ သစ်သီးဖျော်ရည်၊ ကော်ဖီမစ်၊ နို့ထွက်ပစ္စည်းများသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်း ၃၂၀ တန်ဖိုးရှိသည်။ 

ဧပြီ၂၂ရက်ကစတင်ပြီး ကုန်ပစ္စည်းအချို့ကို နယ်စပ်လမ်းကြောင်းမှ တရားဝင်တင်သွင်းခြင်းကို ယာယီရပ်ဆိုင်းလိုက်ကြောင်း အကောက်ခွန်ဦးစီးဌာနက ဧပြီ၂၂ရက်တွင် ကြေညာခဲ့သည်။ အဆိုပါ ကုန်ပစ္စည်းများမှာ အချိုရည်မျိုးစုံ၊ ကော်ဖီမစ်၊ တီးမစ်မျိုးစုံ၊ အသင့်ဖျော်ကော်ဖီမုန့်၊ နို့ဆီနှင့် နို့စိမ်း စသည်တို့ဖြစ်သည်။ အကောက်အခွန်ဦးစီးဌာန၏ ကြေညာချက်အရ ပြည်ပမှတင်သွင်းသည့် စားသောက်ကုန်များနှင့် စပ်လျဉ်း၍ စားသောက်ကုန်ဘေးကင်းရေးစစ်ဆေးရာတွင် နယ်စပ်ဒေသများတွင် အခြေခံအဆောက်အဦးများ ပြည့်စုံမှုရှိစေရေးအတွက် ပြင်ဆင်ဆောင်ရွက်နေဆဲကာလဖြစ်သဖြင့် ယာယီရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

သွင်းကုန်များကို ပင်လယ်ရေကြောင်းကုန်သွယ်ရေးမှ ဆက်လက်တင်ပို့ခွင့်ပေးထားသော်လည်း ထိုင်းကုန်သည်များက အဆိုပါလမ်းကြောင်းသည် ပိုမိုနှေးကွေးပြီး ပိုစျေးကြီးသည်ဟု စောဒကတက်ကြသည်။ 

အကောက်အခွန်ဦးစီးဌာနက အမည်မဖော်လိုသူဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရ အဆိုပါကုန်ပစ္စည်းများသည် တင်သွင်းခွင့်ပိတ်ထားသည်ဟုဆိုသော်လည်း နယ်ခြားစောင့်တပ် ပိုင်လှေဂိတ်များကတစ်ဆင့် တင်သွင်းနေဆဲဖြစ်ကြောင်း သိရသည်။

“ပို့ကုန်တချို့လို့သာ ပြောနေတာ တင်ပို့နေတာတွေက ဒါတွေချည်းပဲဆိုတော့ တစ်ဖက်ကတင်သွင်းကုန်ကို ရပ်ထားလိုက်တဲ့ သဘောတောင်ဖြစ်သွားတယ်။ လှေဂိတ်တွေက တင်သွင်းတာတွေတော့ကျန်မှာပေါ့” ဟု အဆိုပါဝန်ထမ်းက ဆိုသည်။

တရားဝင်ကူးဖြတ်တင်ပို့သည့် ကုန်သွယ်ရေးလမ်းကြောင်းကို ယာယီပိတ်ဆို့ထားသော်လည်း လှေဖြင့် ကုန်တင်ပို့သည့် လမ်းကြောင်းရှိနေသဖြင့် ကုန်ပစ္စည်းပြတ်လတ်မည်ကို မစိုးရိမ်ရကြောင်း မြဝတီမြို့က ကုန်သည်ဦးအောင်စိုးက ဆိုသည်။ 

“ကုန်ပစ္စည်းပြတ်မှာ မစိုးရိမ်ရတဲ့အပြင် တရားဝင်တင်ပို့ခွင့်ပိတ်ထားလို့ ကုန်ပစ္စည်းတွေကို စျေးနည်းနည်းတင်ရောင်းလို့ရတောင် ပိုတောင်အဆင်ပြေတယ် ပြောရမယ်။ ဒီဘက်က ကုန်သည်တော်တော်များများက မဖြစ်မနေမှသာ တံတားဘက်က ကုန်ပို့တာကိုသုံးကြတာ။ အများအားဖြင့်က လှေဂိတ်ကနေပဲပို့နေတော့ အကောက်ခွန်က ကုန်တင်သွင်းခွင့်ယာယီပိတ်တာက သိပ်လည်းမထိရောက်ပါဘူး”ဟု ဦးအောင်စိုးကပြောသည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar