A villager holds out bullet shells collected from Pang Kyin village in Shan State's Kyaukme Township on August 4. (Hkun Lat | Frontier)
ပန်ကျင်ကျေးရွာတွင် ကျန်ရစ်ခဲ့သော ကျည်ဆံခွံများကို ရွာသားတစ်ဦးက ပြသခဲ့သည်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ပဋိပက္ခနယ်မြေက လယ်သမားတစ်ဦးအတွက် တရားမျှတမှု

ရှမ်းပြည်နယ်အတွင်းက ပဋိပက္ခတိမ်တိုက်ဖုံးလွှမ်းနေသောအရပ်များရှိ ဒေသခံများသည် နှစ်ပေါင်းများစွာ မကျေနပ်မှုများကို မျိုသိပ်ထားခဲ့သော်လည်း လယ်သမားတစ်ဦးကို တပ်မတော် စစ်သားတစ်ဦးက ပစ်သတ်လိုက်သောအခါ ဒေသခံတစ်သောင်းကျော်က တရားမျှတမှုအတွက် ချီတက်ဆန္ဒပြခဲ့ကြသည်။

အင်ဒရူးနာခမ်စန်နှင့် ဟိန်းသာရေးသားသည်။

ဒေါ်နန်းရွှေသည် ခင်ပွန်းဖြစ်သူ မြန်မာစစ်သားတစ်ဦးက ပစ်သတ်၍ သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့ရသော မနက်ခင်းကို ပြန်လည်သတိရရင်း ဝမ်းနည်းစွာဖြင့် ပြန်ပြောင်းပြောပြနေသည်။

“အဲဒီမနက်က ပြောင်းဖူးတွေကိုခွဲဖို့ လယ်ထဲသွားမယ်လို့ ကျွန်မတို့ ပြောနေကြတာ။ သွားခဲ့ရင်ကောင်းမှာ။ ဒါဆို လွတ်ရင်လွတ်နိုင်တယ်၊ ဒါပေမဲ့ ကျွန်မတို့က တပ်မတော်စစ်သားတွေကို ကြောက်နေတာ”ဟု သူက ပြောသည်။

ထိုအချိန်သည် ဇွန် ၂၉ ရက်ဖြစ်ပြီး ထိုနေရာတဝိုက်တွင် စစ်သားများ ကင်းလှည့်နေကြသည်ကို သူတို့သိထားခဲ့သည်။ မကြာသေးခင်ရက်များက ယင်းဒေသတစ်ဝိုက်တွင် အစိုးရတပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ကြားတွင် ထိပ်တိုက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

ထိုအခြေအနေတွင် လယ်ထဲသို့သွားခြင်းထက် ရွာထဲတွင်နေထိုင်ခြင်းက ပို၍ဘေးကင်းလိမ့်မည်ဟု ဒေါ်နန်းရွှေ နှင့် သူ့ခင်ပွန်း ဦးအိုက်စု (ခေါ်) လုံးဆုတို့က ယူဆခဲ့သည်။ သူတို့သည် တပ်မတော်ကအရပ်သားများနေထိုင်သည့် အိမ်ခြေများကို ပစ်ခတ်လိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ကြပေ။

“သေနတ်သံကို ပထမဆုံးစကြားတော့ ကျွန်မက အိမ်မှာပဲပုန်းနေဖို့ ပြောပါတယ်။ ဒါပေမဲ့ ကျောင်းက အုတ်နဲ့ဆောက်ထားတော့ ပိုလုံခြုံလိမ့်မယ်။ ကျောင်းကိုပြေးတာပိုကောင်းမယ်လို့ သူကပြောတယ်လေ” ဟု ဒေါ်နန်းရွှေက အမှတ်ရစွာပြောနေသည်။

ခင်ပွန်းသည်ဖြစ်သူကို တပ်မတော်စစ်သားတစ်ဦးက သတ်ဖြတ်ခဲ့သည့် ကြေကွဲဖွယ်ဖြစ်စဉ်တို့ကို ဒေါ်နန်းရွှေက ဖရွန်းတီးယားမြန်မာသို့ ဩဂုတ်လအတွင်းက ပြန်ပြောပြခဲ့သည်။ အဆိုပါဖြစ်စဉ်သည် ၎င်းတို့နေထိုင်ရာ ကျောက်မဲမြို့နယ်၊ ပန်ကျင်ကျေးရွာတွင် ဇူလိုင်၂၉ရက်နံနက်ခင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ယင်းသည် ကြောင်းကျိုးသင့်သော စဉ်းစားချက်ဖြစ်သည်။ ပန်ကျင်ရွာမှအိမ်အများစုမှာ သက်ကယ်၊ ပါးလျသော သစ်သားပါးပါးတို့ဖြင့် ဆောက်ထားခြင်းကြောင့် သေနတ်ကျည်ဆံများအလွယ်တကူ ဖောက်ထွင်းဝင်နိုင်သည်။ ဒေါ်နန်းရွှေနှင့် ဦးလုံးဆုတို့ ကျောင်းသို့ထွက်ပြေးစဉ်မှာပင် အိမ်နီးချင်းအမျိုးသမီး ဒေါ်နန်းဆိုင်၏ အိမ်မှာ အဝေးကပစ်လိုက်သော ကျည်ဆံထိမှန်သွားခဲ့သည်။ 

ဒေါ်နန်းဆိုင်၏ အိမ်နံရံများတွင် ကျည်ဆံပေါက်များ အနည်းဆုံး ဒါဇင်ဝက်ခန့် ဖောက်ထွင်းထားသည်ကို ဖရွန်းတီးယားမြန်မာက မြင်တွေ့ခဲ့ရသည်။ ကျည်ဆံများကြောင့် ဟင်းအိုးတစ်လုံး ချိုင့်ဝင်သွားပြီး နေရောင်ခြည်သုံးဆိုလာပြားတစ်ခုလည်း ကွဲကြေသွားသည်ကို မြင်တွေ့ခဲ့ရသည်။

“ စစ်သားတွေရွာထဲဝင်လာတော့ အမျိုးသမီးတစ်ဦးက တပ်မတော်လာနေတယ် လို့အော်ခဲ့တယ်” ဟု ဒေါ်နန်းဆိုင်က ဆိုသည်။ ဒေါ်နန်းရွှေနှင့် ဦးလုံးဆုတို့ကဲ့သို့ပင် ဒေါ်နန်းဆိုင်သည်လည်း စစ်သားများ ဤနေရာတဝိုက်တွင် ရှိနေကြောင်းသိသည်။ အရေးကြုံလာပါက အလျင်အမြန်ထွက်ပြေးနိုင်ရန် ယင်းမတိုင်မီညကတည်းက လိုရမယ်ရ အထုတ်ငယ်တစ်ထုတ်ကို သူက ထုတ်ပိုးထားခဲ့သည်။ သို့သော် အထုတ်ကိုဆွဲ၍ ဘေးလွတ်ရာသို့ ပြေးမည်ပြုစဉ် သေနတ်သံများကို ကြားလိုက်ရသည်။ 

တင်ပါးတွင် စူးခနဲအောင့်သည့် ခံစားမှုတစ်ခုကို သိရှိလိုက်ရချိန်တွင် သူ့ကိုသေနတ်ကျည်ဆံထိမှန်ပြီဖြစ်ကြောင်း သူသိလိုက်ပြီဖြစ်သည်။ ကျည်ဆံထိမှန်၍ အလွန်တုန်လှုပ်သော်လည်း နာကျင်လှသည့် ဝေဒနာကိုအန်တု၍ သူသည် မြေးတစ်ဦး၏ အကူအညီဖြင့် နီးစပ်ရာ ရေဆန်းရွာသို့ ခြေလျင်ခရီးဖြင့် သွားရောက်ခဲ့သည်။ ထိုသို့ရောက်သော် ရွာကလူများက သူ့ကို အနီးဝန်းကျင်ရှိ ဆေးရုံတစ်ခုသို့ ကားဖြင့်ခေါ်သွားခဲ့သည်။ ဆေးရုံရောက်လျှင် ဝန်ထမ်းများက သွေးတိတ်အောင်ကုသပေးပြီး သူ့အသက်ကို ကယ်တင်ပေးခဲ့သည်။

ဇွန်၂၉ရက်က သေနတ်ဖြင့် အပစ်ခတ်ရ၍ ဒေါ်နန်းဆိုင်သည် ကျည်ဆံထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်။
(ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ပန်ကျင်ရွာ၌မူ ဒေါ်နန်းရွှေ၊ ဦးလုံးဆုနှင့် သူတို့၏အဒေါ်ဖြစ်သူတို့သည် ကျောင်းခန်းထဲတွင် ငုတ်တုတ်ထိုင်နေကြသည်။ ထိုအချိန်တွင် တပ်မတော်စစ်သားနှစ်ဦး သူတို့ပုန်းခိုနေရာ ကျောင်းဆောင်အနီးသို့ ရောက်လာပြီး တံခါးကိုထု၍ ဖွင့်ခိုင်းသည်။ ဦးလုံးဆုက တံခါးဖွင့်လိုက်သောအခါ စစ်သားနှစ်ဦးက သူ့ကိုစတင်ပစ်ခတ်တော့သည်။ လွတ်လိုလွတ်ငြား အခန်းထဲကနေ၍ အပြင်ဘက်က ကွင်းပြင်ထဲသို့ ဒရောသောပါး ပြေးလွှားခဲ့သော်လည်း စစ်သားများက သူ့ကို သေသည်အထိ နှစ်ကြိမ်တိုင်တိုင် ပစ်သတ်ခဲ့သည်။

ဦးလုံးဆုပစ်သတ်ခံရသည့်အကြောင်းကို ပန်ကျန်က ရွာဦးကျောင်းကြမ်းပြင်ပေါ်တွင် ထိုင်လျက် ဒေါ်နန်းရွှေက ပြန်ပြောင်းပြောပြနေခြင်းဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ယင်းရွာဦးကျောင်းသည် လွန်ခဲ့သော ၃၅နှစ်ကျော်က သူတို့နှစ်ဦး ပထမဆုံး ဆုံတွေ့ခဲ့ရာနေရာလည်းဖြစ်သည်။ ထိုစဉ် သူက ၁၉နှစ်ဖြစ်ပြီး ဦးလုံးဆုက ၂၄နှစ်ဖြစ်၍ နှစ်ဦးစလုံးကျောင်းသားများဖြစ်ကြသည်။ သူသည် ယင်းဒေသတစ်ဝိုက်က ဒေသခံအများစုကဲ့သို့ပင် ပန်ကျင်ရွာတွင် ကျောင်းလာတတ်နေသည့် ဝူလောင်ရွာသူဖြစ်သည်။ မကြာမီသူတို့လက်ထပ်ခဲ့ကြပြီး ဝူလောင်တွင် နေထိုင်ကြသည်။ ဦးလုံးဆုသည် ဝူလောင်တွင် ရွာသူကြီးဖြစ်လာပြီး သူတို့တွင် သားသမီးခြောက်ဦး ထွန်းကားသည်။

၂၀၁၆တွင် ပြင်းထန်သောတိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဝူလောင်တွင် ထိခိုက်သေကြေမှုများဖြစ်ပေါ်ခဲ့သည်။ တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ ရဟတ်ယာဉ်ပေါ်က ပစ်ခတ်မှုများကြောင့် ရွာသားများသေကြေခဲ့ရပြီး၊ အိမ်များ မီးလောင်ပျက်စီးခဲ့ရသည်။ တိုက်ပွဲများပြီးဆုံးသွားသော် ၎င်းတို့မိသားစုသည် ဘဝသစ်ပြန်စရန်မျှော်လင့်ချက်ဖြင့် ပန်ကျင်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

တပ်မတော်စစ်သားများက ဦးလုံးဆုကို ပစ်သတ်ချိန်တွင် သူသည် အသက်၅၉နှစ်ရှိပြီဖြစ်၍ အရပ်သားတစ်ဦးကဲ့သိုပင် ဝတ်ဆင်ထားသည်။ သူ၏ ခင်ပွန်းသည်မှာ ရိုးသားသည့် သာမန်ပြောင်းဖူးစိုက်တောင်သူတစ်ဦးဖြစ်ပြီး RCSS နှင့်လည်း အဆက်အသွယ်မရှိ၍ သူ့ကို တပ်မတော်စစ်သားများက ပစ်သတ်စရာအကြောင်းလည်း မရှိလောက်ဟု ထင်ထားခဲ့ကြောင်း ဒေါ်နန်းရွှေက ဆိုသည်။ သူထင်ထားခဲ့သည်မှာ မှားယွင်းခဲ့သည်။ ဦးလုံးဆုကို တပ်မတော်စစ်သားနှစ်ဦးက အရပ်သားတစ်ဦးဖြစ်လင့်ကစား အမေးအမြန်းမရှိ ပစ်သတ်ခဲ့သည်။ 

ဦးလုံးဆုပစ်ခတ်ခံရချိန်တွင် အခြားဒေသခံတစ်ဦးဖြစ်သည့် ဦးလုံးမောင်ခေသည် ထိုနေရာမှ ၁၁ကိုက်ခန့်အကွာ လမ်းမပေါ်တွင် မတ်တပ်ရပ်နေသည်။ ဦးလုံးမောင်ခေမှာ ယင်းနေ့နံနက်အစောပိုင်းကပင် ဖမ်းဆီးခံခဲ့ရပြီး ပန်ကျင်ရွာကို လိုက်ပြရန် စစ်သားအချို့က သေနတ်ဖြင့်ချိန်၍ ခြိမ်းခြောက်ခိုင်းစေခဲ့သူဖြစ်သည်။

ကွယ်လွန်သူ ခင်ပွန်းသည် ဦးလုံးဆုနှင့် တွဲရိုက်ထားသည့် မိသားစုပုံကို ဒေါ်နန်းရွှေက ဖရွန်းတီးယားမြန်မာကို ပြသခဲ့သည်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

“စစ်သားတွေက ကျောင်းထဲမှာ လူရှိလားလို့ ကျွန်တော့်ကို မေးခဲ့တယ်။ ကျွန်တော်လည်း မသိတော့ အထဲမှာ ဘယ်သူမှမရှိဘူးလို့ ပြောခဲ့တာပေါ့၊ သူတို့လုံးဆုကိုလည်းတွေ့သွားရော ကျွန်တော့်ကို ရိုက်နှက်ကြပါလေရော”ဟု ဦးလုံးမောင်ခေက ပြောသည်။

ရိုက်နှက်ခံရသည့် ဒဏ်ကြောင့် ဦးလုံးမောင်ခေသတိလစ်သွားသည်။ တပ်မတော်က သူမေ့မြောနေချိန်တွင် ရေကန်ငယ်တစ်ခုအနီး သူ့ကို စွန့်ပစ်ထားခဲ့သည်။ နှိပ်စက်ထားသည့် ဒဏ်တို့ကို ငါးရက်ကြာအောင် ကျောက်မဲဆေးရုံတွင် ကုသလိုက်ရသည်။

“မေးရိုးတွေနာလွန်းလို့ ကျွန်တော့်မှာ အစာစားဖို့ အဆင်မပြေသေးဘူး”ဟု သူ့ပါးစပ်ကို ဟရုံသာ အဖွင့်အပိတ်လုပ်ပြရင်း ဦးလုံးမောင်ခေက ပြောသည်။

ပန်ကျင်ရွာမှပစ်ခတ်မှုများသည် တပ်မတော်၊ RCSS နှင့် ဒေသတွင်းရှိ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား စစ်ရေးတင်းမာမှုကြောင့်ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ဇွန်၂၅ ရက်မှ ဇူလိုင် ၂၁ရက်အတွင်း RCSS ၏ အဆိုအရ ၎င်းသည် တပ်မတော်နှင့် အနည်းဆုံး အကြိမ် ၂၀ ခန့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ 

ဖရွန်းတီးယားမြန်မာက မြေပြင်သို့ သွားရောက်ကွင်းဆင်းသတင်းရယူစဉ်အတွင်း ရွာများတွင် တပ်မတော်စစ်ကြောင်းများကို မတွေ့ခဲ့ရသော်လည်း မန္တလေး-လားရှိုး အဝေးပြေးလမ်းကို ကျွနု်ပ်တို့ ဖြတ်သန်းခဲ့စဉ် စစ်တပ်ယာဉ်တန်းကြီးနှစ်ခုကို ကြုံတွေ့ခဲ့ရ၍ ယင်းဒေသတွင် တပ်မတော်က တပ်များ ထူထပ်စွာချထားကြောင်း သိနိုင်သည်။ ပထမယာဉ်တန်းကို သီပေါမြို့မှ မိုင်၂၀ခန့်အကွာတွင် တွေ့ရပြီး၊ ထိုနေရာသည် လွန်ခဲ့သော လများက တိုက်ပွဲများဖြစ်ပွားခဲ့ရာ နေရာဖြစ်သည်။ အကြမ်းဖျင်းပြောရလျှင် ကားကြီး ၁၂ စီးကို လမ်းဘေးတွင်ရပ်ထားပြီး၊ ယာဉ်အစီးတိုင်းတွင် စစ်သား ၁၅ ယောက်မှ ၂၀ ယောက်ခန့်ပါဝင်သည်။

ကျောက်မဲမြို့နယ်မှ ထွက်ခွာလာပြီးနောက် ကျွနု်ပ်တို့သည် ပထမစစ်ယာဉ်တန်းထက် အရေအတွက်ပိုနည်းသော နောက်ထပ်ယာဉ်တန်းတစ်ခုကို ထပ်မံတွေ့ရှိခဲ့ရပြီး ၎င်းယာဉ်တန်းတွင် လက်နက်များပို၍ တပ်ဆင်ထားသည်ကို တွေ့ရှိခဲ့ရသည်။ စစ်သား ခြောက်ယောက်ဝန်းကျင်ကို တင်ဆောင်ထားသော ကားငယ် ၁၀ စီးခန့်သည် နောင်ချိုမြို့အနီးရှိ တောင်ထူထပ်သော အတက်အဆင်းလမ်းများကို ကွေ့ကောက်၍သွားနေသည်။ အချို့ကားများသည် ပုံစံပြောင်းထားပြီး ဆုံလည်စက်သေနတ်များ တပ်ဆင်ထားသည်။ 

ဟဲကွီးရွာသား ဦးလုံးမောင်ခေသည် တပ်မတော်စစ်သားများက ရိုက်နှက်၍ သူရရှိသွားသော ဒဏ်ရာကို ဖရွန်းတီးယားမြန်မာသတင်းထောက်များကို ပြသစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ပန်ကျင်ရွာသို့ရောက်ရှိစဉ် ဖရွန်းတီးယားမြန်မာသည် RCSS စစ်သားနှစ်ဦးနှင့် အမှတ်မထင် တွေ့ဆုံခဲ့သည်။ ကျွန်ုပ်တို့၏ ၃ နာရီခန့်ကြာမြင့်သည့် တွေ့ဆုံမေးမြန်းမှုပြုလုပ်ပြီးချိန်တွင် လူငယ်နှစ်ဦးရောက်ရှိလာပြီး၊ ကျွန်ုပ်တို့ ပြောဆိုနေသည်များကို နားထောင်နေခဲ့ကြသည်။ မြို့အနှံ့သွားရာတွင်လည်း နောက်က တစ်ကောက်ကောက်လိုက်ခဲ့ကြသည်။ နောက်မှ ရွာသားများပြောပြချက်အရ ၎င်းတို့မှာ ကျွန်ုပ်တို့ကို လေ့လာရန်လွှတ်လိုက်သော RCSS စစ်သားများဖြစ်ကြောင်း သိရသည်။ သို့သော် ၎င်းတို့သည် ကျွန်ုပ်တို့ သတင်းရယူနေစဉ် တားမြစ်ခြင်း၊ ဟန့်တားနှောက်ယှက်ခဲ့ခြင်း မရှိပေ။

ပဋိပက္ခများနှင့် ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့သော်လည်း ထိုဒေသတစ်ဝိုက်က တစ်ကျော့ပြန် ပြဿနာများသည် မကြာသေးခင်က ပြုလုပ်ခဲ့သော မူးယစ်ဆေးဝါးများမီးရှို့ခြင်းအခမ်းအနားတစ်ခုနောက်ပိုင်း စတင်ခဲ့သည်ဟုဆိုနိုင်ကြောင်း ဟဲကွီးကျေးရွာမှ ဘုန်းတော်ကြီး ဦးစန္ဒိမာက မိန့်ကြားသည်။ နှစ်စဉ်နှစ်တိုင်း အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖြစ်သော ဇွန်၂၆ရက်တွင် တပ်မတော်က ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးသည့် အခမ်းအနား ကျင်းပမြဲဖြစ်သည်။ ယခုနှစ်တွင်လည်း ယခင်ထက် ပိုမိုများပြားသော ပမာဏဖြင့် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို တပ်မတော်က ခါတိုင်းလိုပင် လုပ်ဆောင်ခဲ့သည်။ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း၈၀၀ဖိုးထက် မလျော့သော မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်အတွင်းက နေရာသုံးခုအပါအဝင် မြန်မာနိုင်ငံအနှံ့ မြို့ကြီးများတွင် အစိုးရက မီးရှို့ဖျက်ဆီးခဲ့သည်။

RCSS အဖွဲ့ကလည်း ၎င်းတို့၏ အစီအစဉ်ဖြင့် ကျောက်မဲမြို့နယ်တွင် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကျင်းပရန် စီစဉ်ခဲ့သည်။ သို့သော် တပ်မတော်က ယင်းသို့လုပ်ဆောင်ခြင်းသည် ၎င်းကိုစိန်ခေါ်သည့် လုပ်ရပ်အဖြစ်ရှုမြင်ရာ နှစ်ဘက်အခြေအနေမှာ တင်းမာနေခဲ့သည်။ ပိုဆိုးသည်မှာ မီးရှို့ဖျက်ဆီးရန် စီစဉ်ထားသောမူးယစ်ဆေးဝါးများသည် အစိုးရစစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များထံက သိမ်းဆည်းရမိသောပစ္စည်းများဖြစ်ကြောင်း RCSSက ပိုစတာများစိုက်ထူခဲ့ပြီး ယင်းက တင်းမာနေသော အခြေအနေကို မီးလောင်ရာလေပင့်သကဲ့သို့ဖြစ်စေခဲ့ကြောင်း ဦးစန္ဒိမာက ပြောကြားသည်။

တပ်မတော်နှင့်နီးစပ်သော အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကမူ RCSS အဖွဲ့သည် မူးယစ်ဆေးဝါးမီးရှို့ခြင်းအခမ်းအနားကို အကြောင်းပြု၍ ထိုဒေသတွင် အင်အားချဲ့ထွင်ရန် စီစဉ်နေကြောင်း ဖရွန်းတီးယားမြန်မာကို ပြောသည်။ ယင်းလက်နက်ကိုင်အဖွဲ့သည် ထိုအခမ်းအနားအတွက် ကျောက်မဲသို့ တပ်သား ၅၀၀ စေလွှတ်ခဲ့သည်ဟု သူက ဆိုသည်။ ယင်းအရေအတွက်သည် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးရန် လိုအပ်သည်ထက် များပြားလှသော ပမာဏဖြစ်သည်ဟု သူကဆိုသည်။

ထိုဒေသတစ်ဝိုက်က အငြင်းပွားဖွယ်ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုဖြစ်သော အထက်ရဲရွာရေအားလျှပ်စစ် စီမံကိန်းသည်လည်းပဋိပက္ခကို ပိုမိုတင်းမာစေသော အကြောင်းရင်းခံတစ်ခုဖြစ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က သုံးသပ်သည်။ “ထိုနောက်ဆုံးလူ့အခွင့်အရေး ချိုးဖောက်မှုများသည် ဗမာပြည်၏ ပဋိပက္ခဖြစ်ပွားနေသောဒေသများတွင် အကြီးစားသဘာဝသယံဇာတအရင်းအမြစ်များ ထုတ်ယူမှုနှင့် အခြေခံအဆောက်အအုံစီမံကိန်းများ၏ လူ့အသက်သေဆုံးသည်အထိ အန္တရာယ်ကြီးမားသည့် ဘေးထွက်ဆိုးကျိုးများကို မီးမောင်းထိုးပြနေ”ကြောင်း အဆိုပါအဖွဲ့က ဇူလိုင်လအတွင်း ထုတ်ပြန်ချက်တစ်ခုတွင် ဆိုသည်။

၂၀၁၅၊ ဖေဖော်ဝါရီတွင် ထိုင်းမြန်မာနယ်စပ်ရှိ ဌာနချုပ်လွယ်တိုင်းလျန်တွင် ပြုလုပ်ခဲ့သော အခမ်းအနားတစ်ခုအတွင်း RCSS စစ်သားများ ချီတက်နေသည့် မြင်ကွင်းတစ်ခု။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

၎င်းတို့အဖွဲ့အစည်းအနေဖြင့် တိုက်ပွဲများကိုရှောင်ရှားနိုင်ရန် ကြိုးစားပါကြောင်း၊ သို့သော် တပ်မတော်က ၎င်းတို့ထိန်းချုပ်ရာနယ်မြေများအတွင်းသို့ ကြိုတင်အသိပေးခြင်းမရှိဘဲ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ကျောက်မဲမြို့က RCSS အဖွဲ့၏ ဆက်ဆံရေးတာဝန်ခံ မနန်းမိုးက ပြောသည်။ တင်းမာမှုများရှိခဲ့သည့်တိုင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသောအဖွဲ့ဖြစ်၍ RCSS သည် သြဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိကျင်းပခဲ့သော ၂၁ရာစုပင်လုံညီလာခံသို့ တက်ရောက်ခဲ့သည်။

“ကျွန်မတို့အနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ်ပဲလိုလားပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မထိခိုက်စေချင်ပါဘူး” ဟု မနန်းမိုးက ပြောသည်။ လွန်ခဲ့သည့် ဇူလိုင်လဝန်းကျင်က တိုက်ပွဲများသည် “နားလည်မှုလွဲ၍” ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သူက ဆိုသည်။

သို့သော် တပ်မတော်သည် RCSS ထိန်းချုပ်ရာနယ်မြေကို အကြောင်းမကြားဘဲ ထပ်မံဝင်ရောက်လာပါက RCSS နှင့် မလွဲမသွေတိုက်ပွဲဖြစ်ပွားနိုင်သည်ကို သတိထားသင့်ကြောင်း မနန်းမိုးက ဆိုသည်။ “တပ်မတော်က ကျောက်မဲဆက်ဆံရေးရုံးကို အကြောင်းမကြားဘဲ တောထဲကို ဒါမှမဟုတ် နယ်မြေထဲကို ဝင်လာခဲ့မယ်ဆိုရင် တိုက်ခိုက်မှုတွေ ထပ်ဖြစ်နေအုံးမှာပဲ” ဟုသူကပြောသည်။

ထိုမူးယစ်ဆေးမီးရှို့ဖျက်ဆီးမည့်အခမ်းအနားကျင်းပရေးနှင့်ပတ်သက်ပြီး ညှိနှိုင်းမရဖြစ်နေစဉ် ဇွန်၂၅ရက်တွင် တပ်မတော်နှင့် RCSS အဖွဲ့တို့အကြား တိုက်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့သည်ဟု ဦးစန္ဒိမာက ပြောသည်။ တပ်မတော်ကခွင့်မပြုဟု ပြောဆိုထားသော်လည်း RCSSက ၎င်းစီစဉ်ထားသည့်အတိုင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ရက်ပိုင်းအတွင်း တပ်မတော်သည် ထိုဒေသတွင် အင်အားအလုံးအရင်း အလျင်အမြန်ဖြည့်တင်းခဲ့ပြီး များမကြာမီတိုက်ပွဲများလည်းဖြစ်ပွားခပ်စိတ်စိတ်ဖြစ်လာခဲ့သည်။ တပ်မတော်စစ်သားများ ဟဲကွီးရွာသို့ရောက်လာကြပြီး၊ ရွာသားများကိုခေါ်ယူကာ မူးယစ်ဆေးမီးရှို့သည့်အခမ်းအနားနှင့်ပတ်သက်၍ မေးမြန်းခဲ့ကြသည်။

“သူတို့ သုံးညလောက်နေခဲ့တယ်၊ နေ့တိုင်း မနက်ဆိုသူတို့ထွက်သွားကြပြီး၊  RCSS နဲ့တိုက်ခိုက်ကြတယ်။ နောက် ညအိပ်ဖို့ ဒီကိုပြန်လာကြတယ်”ဟု ဦးစန္ဒိမာကပြောသည်။ 

“တစ်နေ့တော့ ကျည်တစ်တောင့်က ဘုန်းကြီးကျောင်းကိုတောင် လာမှန်တယ်။ ဘုန်းကြီးလည်း ကျည်ဆံကိုယူ၊ သူတို့နဲ့ ထိပ်တိုက်တွေ့ပြီး ‘ဘုန်းကြီးရော ပြေးရတော့မလား’ လို့မေးရတော့တာပေါ့။ သူတို့က ဒီမှာအန္တရာယ်မရှိပါဘူး လို့ပြောခဲ့တယ်လေ”ဟု ဦးစန္ဒိမာက ပြောသည်။ 

ပန်ကျင်ရွာတွင် တိုက်ခိုက်မှုများအလွန် ရွာသားဦးလုံးဆုအပစ်သတ်ခံရပြီးနောက်တွင် ဒေသတစ်ဝိုက်က နယ်ခံတစ်သောင်းဝန်းကျင်ခန့် ဆန္ဒဖော်ထုတ်ကြသည်။ ဇူလိုင်၁၀ရက်တွင် ၁၀,၀၀၀ မှ ၁၅,၀၀၀ ခန့်ရှိမည်ဟုခန့်မှန်းရသော ဒေသခံများသည် ရွာများမှကျောက်မဲမြို့သို့ ဦးလုံးဆုသေဆုံးမှုနှင့် ဒေသခံများညှဉ်းပန်းနှိပ်စက်ခံရမှုတို့အတွက် ဆန္ဒပြရန် ချီတက်လာခဲ့ကြသည်။ ကနဦးတွင် အာဏာပိုင်များက ဆန္ဒပြသူများ ကျောက်မဲမြို့တွင်းသို့ဝင်ရောက်ခြင်းမှ တားမြစ်ရန်ကြိုးပမ်းခဲ့သော်လည်း နောက်ဆုံးတွင်တော့ လက်လျှော့ခဲ့ကြသည်။ 

ဦးလုံးဆုသေဆုံးမှုအပေါ် မည်သည့်အတွက်ကြောင့် လူပေါင်းသောင်းနှင့်ချီပါဝင်သော ဤမျှပြင်းထန်သည့် တုံ့ပြန်မှုမျိုးဖြစ်ပေါ်ခဲ့ပါသနည်း။ ကျောက်မဲဒေသခံများတွင် အဖြေမျိုးစုံရှိနေသည်။ “ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်းပန်တာတို့၊ စုံစမ်းစစ်ဆေးတာတို့လည်းမရှိဘူး။ ဒါကြောင့် ကျုပ်တို့ ဆန္ဒဖော်ထုတ်မှုမရှိဘူးဆိုရင် အစိုးရစစ်တပ်က ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတာ ဘယ်သူကမှ သိမှာမဟုတ်ဘူး”ဟု ဆန္ဒဖော်ထုတ်ရန် ဟဲကွီးမှ ရွာသားများကို စုဆောင်းရာတွင် ကူညီပေးခဲ့သူ ဦးစန္ဒိမာက ပြောကြားသည်။ 

“အချိန်အတော်ကြာအောင် ကျေးရွာတိုင်းနီးပါး ဒီလိုဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့လာရတာ၊ ရွာသားတွေက သူတို့ရဲ့ ဒေါသအစိုင်အခဲတွေကို ရင်ထဲမှာမျိုသိပ်ထားခဲ့ကြတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ လူတွေကဆန္ဒဖော်ထုတ်ဖို့ သတ္တိရှိလာကြတယ်” ဟု ဆရာတော်က ပြောကြားသည်။

ပန်ကျင်ကျေးရွာက ဒေသခံတစ်ဦး ပေါင်းရှင်းနေသည်ကို မြင်တွေ့ခဲ့ရသည်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ဦးလုံးဆု၏အဖြစ်သည် အပြစ်မဲ့အရပ်သားတစ်ဦးကို ဗြောင်ကျကျတိုက်ခိုက်ခဲ့ခြင်းဖြစ်၍ ထိုသို့သေဆုံးရခြင်းကို အထူးပင် စိတ်မကောင်းဖြစ်ရကြောင်း၊ ပြင်းထန်သောတိုက်ပွဲတစ်ခုတွင် မတော်တဆထိခိုက်မိခြင်းကဲ့သို့ ဆင်ခြေပေး၍မရကြောင်း ဒေသခံအချို့က ပြောသည်။

“ကျွန်တော်တို့မှာ တိုက်ပွဲတွေနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ဒါက စစ်ဖြစ်နေတဲ့အချိန်မှ မဟုတ်တာ။ အရပ်သားတစ်ယောက်ကို အကြောင်းမဲ့ပစ်သတ်တာက စစ်ပွဲမှမဟုတ်ဘဲ၊ ကျွန်တော်တို့ ဒါကိုလုံးဝလက်မခံနိုင်ဘူး”ဟု ပန်ကျင်ရွာမှ အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြောသည်။

တပ်မတော်ကိုထောက်ခံသော ကျောက်မဲဒေသခံတစ်ဦးကမူ ယင်းဆန္ဒပြမှု၏ နောက်ကွယ်တွင် နိုင်ငံရေးရည်ရွယ်ချက်တစ်ခုရှိသူဟု ယူဆကြောင်းဆိုသည်။ ထို့ပြင် RCSS က ကျူးလွန်ကြောင်း အထောက်အထားအခိုင်အမာရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဒေသခံများက အဘယ်ကြောင့် ဆန္ဒမပြကြသနည်းဟု သူကမေးခွန်းထုတ်သည်။ ဥပမာ – RCSS စစ်သားတစ်ဦးက တအာင်းအမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုကျူးလွန်ခဲ့သည်ဟု စွပ်စွဲချက်များအခိုင်အမာရှိခဲ့သော်လည်း အဆိုပါလက်နက်ကိုင်အဖွဲ့သည် ယင်းကိစ္စ မဖြစ်ပွားခဲ့ဟုငြင်းဆိုခဲ့ပြီး မည်သည့်စုံစမ်းစစ်ဆေးမှုကိုမှလည်း မပြုလုပ်ခဲ့ပေ။

ဆန္ဒပြပွဲပြီးနောက်တွင် ပန်ကျင်ရွာမှဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်မည်ဟု တပ်မတော်က ကြေညာခဲ့သည်။ ထို့ပြင် ဆန္ဒပြပွဲစီစဉ်ခဲ့သူသုံးဦးကို ကြိုတင်ခွင့်ပြုချက်မယူသည့်အပြင် ကိုဗစ်-၁၉ ကာလအတွင်း လူစုလူဝေးပြုလုပ်မှုကြောင့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေနှင့် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေတို့ဖြင့် အမှုဖွင့်သွားမည်ဟု တပ်မတော်က ထုတ်ပြန်ခဲ့သည်။

စီစဉ်သူများအား တရားစွဲဆိုခြင်းကို ရှုံ့ချကြောင်း ဆရာတော်ဦးစန္ဒိမာက ဆိုသည်။ ၎င်းတို့သည် ယခုအခါ အာဏာပိုင်များဖမ်းဆီးခြင်းမှ လွတ်မြောက်အောင် ပုန်းအောင်းနေကြပြီဖြစ်သည်ဟု ဆရာတော်က ဆိုသည်။ ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ဒေသခံများအကြားတွင်လည်း အရေးယူခံရမည်လောဟူသည့် ကြောက်စိတ်များဖုံးလွှမ်းနေပြီဟု ဆရာတော်က ဆိုသည်။

“စစ်တပ်က ဆန္ဒပြပွဲကို ကိုဗစ် – ၁၉ တားမြစ်ချက်တွေ ချိုးဖောက်တယ်လို့ပြောတယ်။ ဒါပေမဲ့ တပ်မတော်က ရွာတွေထဲဝင်လာပြီး ပစ်ခတ်တယ်။ လူတွေက ကြောက်ရွံ့ပြီး ဘုန်းကြီးကျောင်းတွေ၊ စစ်ဘေးရှောင်စခန်းတွေဆီ ထွက်ပြေးရတယ်။ ဒါလဲ ကိုဗစ် – ၁၉ တားမြစ်ချက်တွေ ချိုးဖောက်တာပဲလေ”ဟု ဦးစန္ဒိမာ ကပြောသည်။

ဖရွန်းတီးယားမြန်မာနှင့် တွေ့ဆုံခဲ့သောဒေသခံများကမူ တပ်မတော်သည် လုံလောက်သော စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လိမ့်မည်ဟု မယုံကြည်ကြပေ။ သို့တိုင် ထပ်မံဆန္ဒပြရန်မူ ၎င်းတို့သည် တရားစွဲဆိုခံရမည်ကို ကြောက်ရွံ့နေကြပြီဖြစ်သည်။ 

တပ်မတော်သည် တာဝန်ယူမှု၊ တာဝန်ခံမှုတွင် အားကောင်းသော အစဉ်အလာတစ်ရပ်မရှိခဲ့ပေ။ တပ်မတော် စစ်ဆေးရေးအဖွဲ့၏ ကိုင်တွယ်ချဉ်းကပ်ပုံသည်လည်း ကျောက်မဲတွင် အငြင်းပွားဖွယ်ဖြစ်စဉ်အချို့ကို ဖြစ်ပေါ်စေခဲ့သည်။ ဦးလုံးဆုပစ်သတ်ခံရချိန်တွင် အနီးတွင်ရှိနေသည့် ဒေါ်နန်းရွှေ၊ ဒေါ်နန်းဆိုင်နှင့် ဦးလုံးမောင်ခေတို့အပါအဝင် အရပ်သားများကိုလည်း စစ်ဆေးရေးအဖွဲ့က စုံစမ်းမေးမြန်းခြင်းအလျှင်းမရှိခဲ့ပေ။

ယင်းသို့ဖြစ်ရသည်မှာ အရပ်သားများက ကြောက်ရွံ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဇူလိုင်၁၅ရက်တွင် ပန်ကျင်သို့မလာရောက်မီ အစောင့်စစ်သားများကို ကြိုတင်စေလွှတ်ခဲ့သည်။ ဦးလုံးဆု၏အဖြစ်ကြောင့် တပ်မတော်ဟုဆိုလျှင် သွေးပျက်နေသည့် ရွာသားများသည် ကြိုတင်စေလွှတ်လိုက်သော အစောင့်စစ်သားများကို တွေ့လျှင်တွေ့ချင်း ရွာမှထွက်ပြေးကုန်ကြသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ရောက်လာသောအခါ မေးမြန်းရန် အရပ်သားများမရှိကြတော့ပေ။ ထိုအချိန်တွင် တပ်မတော်ယာဉ်တန်းသည် လက်နက်များဖြင့် အပစ်ခတ်ခံခဲ့ရပြီး တပ်မတော်ကမူ ယင်းပစ်ခတ်မှုကို RCSS အဖွဲ့က လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲသည်။

စစ်ဆေးရေးအဖွဲ့ဝင်များသည် စုံစမ်းမေးမြန်းဖို့ထက် ခြိမ်းခြောက်ဖို့ပို၍အားသန်နေသည်ဟု သူ့အနေနှင့် ခံစားရကြောင်း တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမေးမြန်းခဲ့သူများအနက် တစ်ဦးဖြစ်သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ကျောက်မဲ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက ပြောသည်။

အဆိုပါဖြစ်စဉ်ကို အဘယ်ကြောင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC)ထံသို့ တိုင်ကြားခဲ့သနည်းဟု တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့က သူ့ကို မေးမြန်းခဲ့ကြောင်း ၎င်းကဆိုသည်။ 

“ကျွန်တော်တို့ မျက်မြင်သက်သေတွေကို ဒီကိစ္စကို တိုင်ကြားပေးမယ်လို့ ကတိပေးခဲ့တယ်” ဟု စိုင်းထွန်းဝင်းက ပြောဆိုခဲ့သည်။ လူ့အခွင့်အရေးကော်မရှင်က အဆိုပါကိစ္စကို စုံစမ်းစစ်ဆေးပေးရန်လိုအပ်သည်ဟုလည်း ၎င်းက ထပ်မံပြောကြားခဲ့ပြီး တပ်မတော်သည် ယင်းအမှုကို စုံစမ်းစစ်ဆေးရာတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ပွင့်လင်းမြင်သာမှုအားနည်းကြောင်း ၎င်းကဆိုသည်။

ဦးလုံးဆုသေဆုံးမှုနှင့်ပတ်သက်၍ တပ်မတော်က စုံစမ်းစစ်ဆေးမှုပြုလုပ်နေကြောင်း လွန်ခဲ့သော စက်တင်ဘာ၄ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။ အဆိုပါအမှုသည် “မှားယွင်းပစ်ခတ်မှုဖြစ်ကြောင်း”၊​ ပစ်ခတ်လိုက်သည့်တပ်သားသည် “နောက်တစ်နေ့တိုက်ပွဲတွင် ကျဆုံးသွားကြောင်း”၊ ထို့ကြောင့် အနီးကပ်ကွပ်ကဲနေသည့် စစ်သည်များကို စစ်စည်းကမ်းအရ အရေးယူရန် စီစဉ်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဖရွန်းတီးယားမြန်မာက သွားရောက်သည့် အချိန်ကာလအတောအတွင်း ပန်ကျင်ရွာလေးမှာ ကျေးလက်ဓလေ့အတိုင်း ဆိတ်ငြိမ်အေးချမ်း၍ သာယာလျက်ရှိသည်။ လယ်ကွင်းများက ရှုမငြီးနိုင်အောင် စိမ်းစိုသစ်လွင်၍၊ ကျွဲများက ရွှံ့အိုင်ထဲလူးကာ၊ ကလေးငယ်များကလည်း ရွာလမ်းများတွင် ပြေးလွှားဆော့ကစားနေကြသည်။

သို့သော်လည်း ရွာသားများက ကျွနု်ပ်တို့ကို ရွာအနှံ့လိုက်လံပြသစဉ် မကြာခဏရပ်၍ ကျည်ဆံပေါက်ရာများကို လက်ညိုးထိုးပြကြသည်။ ကျည်ဆံပေါက်များသည် သစ်သားခြံစည်းရိုးများ၊ သွပ်မိုးများ၊ အုတ်လှေကားများတွင် နေရာအနှံ့ရှိနေသည်ကို မြင်တွေ့ခဲ့ရသည်။ ဒါသည် မကြာသေးခင်က ဖြစ်ပွားခဲ့သော ရက်စက်ကြမ်းကြုတ်သည့်ဖြစ်စဉ်များအတွက် အစဉ်မြည်ဟီးနေမည့် သတိပေးခေါင်းလောင်းဖြစ်ပေမည်။ ထို့ပြင် ယင်းသေနတ်ကျည်ဆံပေါက်များက နောက်ထပ်အန္တရာယ်များလာဦးမည်ဟု ခြိမ်းခြောက်သကဲ့သို့ ရှိနေသည်။

“သူတို့တစ်ကြိမ်လာဖူးပြီးသွားရင် ဒီဒေသကို ခြယ်လှယ်ဖို့ ခဏခဏ လာလာနေကြအုံးမှာပဲ။ သူတို့ မကြာခင် ထပ်ရောက်လာနိုင်သေးတယ်” ဟု စိုင်းထွန်းဝင်း ကပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Andrew Nachemson

Andrew Nachemson

Andrew Nachemson is a journalist covering politics, human rights, and Chinese development in Southeast Asia. Prior to joining Frontier, he was based in Cambodia for three years.
Share on facebook
Share on twitter
Share on email

More stories

ကချင်ပြည်နယ် ကျောက်စိမ်းမြေ၊ ဖားကန့်က ကလေးလုပ်သားတစ်ဦးဖြစ်တဲ့ မောင်စည်သူရဲ့ ဘဝဇာတ်ခုံကို ဒီတစ်ပတ်ရှုစားကြရမှာဖြစ်ပါတယ်။

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar