ဗဟိုချုပ်ကိုင်မှု လျှော့ချသော စာသင်ကျောင်းများသို့ ဘဏ္ဍာငွေခွဲဝေရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၅၄ သန်းအား ထပ်ဆောင်းရံပုံငွေအဖြစ် ထောက်ပံ့မည်ဟု သြစတြေးလျ၊ ဒိန်းမတ်နှင့် ဖင်လန်နိုင်ငံတို့က မတ် ၁၈ ရက်နေ့တွင် ကြေညာသည်။
ပညာရေးဝန်ကြီးဌာနက ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သည့် ထိုစီမံကိန်းသည် ကျောင်းဖွံ့ဖြိုးမှု ရန်ပုံငွေ အစီအစဉ်နှင့် ပညာသင်ထောက်ပံ့ကြေး အစီအစဉ်များကို တိုးချဲ့ရန်နှင့် အရည်သွေးတိုးတက်စေရန် အဓိက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယနေ့အထိ ဒေါ်လာ ၈၈ ဒသမ ၅ သန်း အသုံပြုခဲ့ပြီး မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများသို့ ရန်ပုံငွေများ ခွဲဝေချပေးခဲ့သလို ဆင်းရဲနွမ်းပါးပြီး ကျောင်းထွက်လုနီးပါးဖြစ်သော ကလေးများအား ပညာသင် ထောက်ပံ့ကြေးများ ပံ့ပိုးပေးခဲ့သည်။
မြန်မာနိုင်ငံတဝှမ်းလုံးရှိ ကျောင်းပေါင်း ၄၉,၅၀ဝ ကျောင်းက ကျောင်းဖွံ့ဖြိုးမှု ရန်ပုံငွေများကို တစ်နှစ်လျှင် နှစ်ကြိမ် လက်ခံရရှိခဲ့ကြပြီး ၅၅ မြို့နယ်မှ ကျောင်းထွက်လုနီးပါး ဖြစ်နေသည့် ကလေးငယ် နှစ်သိန်းခန့်မှာလည်း ပညာသင် ထောက်ပံ့ကြေးများကို နှစ်စဉ်လက်ခံရရှိခဲ့ကြသည်။
ထပ်ဆောင်း ရန်ပုံငွေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ စာသင်ကျောင်းများသို့ ကျောင်းဖွံ့ဖြိုးမှု ရန်ပုံငွေ ခွဲဝေချထားရာတွင် အားလုံး အကျိုးဝင်မှုကို တိုးတက်စေရေး၊ ဆရာ အရည်အသွေးတိုးတက်စေရန် အားဖြည့်ရေးနှင့် ဆင်းရဲနွမ်းပါးသော ကလေးများ၏ အတန်းကူးပြောင်းနှုန်း တိုးတက်စေရေးတို့တွင် အဓိက ပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်သည်။
“ဒီလို ပံ့ပိုးကူညီပေးခြင်းက ပဋိပက္ခဒေသက ကလေးငယ်တွေအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ရှိတဲ့ ကလေးငယ်တွေအတွက် အခြေခံပညာရေးကို ပိုမိုလက်လှမ်းမီစေနိုင်မှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး Ms. Andrea Faulkner က ပြောကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီးကလည်း “တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ဆင်ရဲနွမ်းပါးပြီး ကျောင်းထွက်လုနီးပါးဖြစ်နေတဲ့ ကလေးငယ်တွေကို ပံ့ပိုးကူညီနိုင်မှာဖြစ်လို့ ဒီစီမံကိန်းက မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ စီမံကိန်းတစ်ခုလို့ ဖင်လန်နိုင်ငံက ရှုမြင်ပါတယ်။ ရခိုင်ပြည်နယ်ကဲ့သို့ ပဋိပက္ခဖြစ်ပွားလျက်ရှိတဲ့ ဒေသတွေက ကလေးငယ်တွေအားလုံးကို ခွဲခြားဆက်ဆံမှုမရှိဘဲ ပံ့ပိုးပေးနိုင်ပြီး လူတိုင်း အကျုံးဝင်ပါဝင်မှုကို အလေးထား ဆောင်ရွက်ဖို့ ပါဝင်တာဖြစ်လို့ အထူးဝမ်းမြောက်မိပါတယ်” ဟု ပြောကြားသည်။
ယခုရန်ပုံငွေကို ကမ္ဘာ့ဘဏ်က ဦးဆောင်လျက်ရှိသည့် အလှူရှင်ပေါင်းစုံ၏ ဘက်စုံ ရန်ပုံငွေအစီအစဉ်မှ တစ်ဆင့် ဆောင်ရွက်သွားမည် ဖြစ်သည်။