ပင်လုံနဲ့ ခွဲထွက်ခွင့်အရေး ဆွေးနွေးကြည့်ရအောင်

ခွဲထွက်ခွင့်မပေးတဲ့ ပြဿနာက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကနေ နောက်ဆုံးထွက်ပေါ်လာမယ့် သဘောတူညီချက်ကို အဟန့်အတား မဖြစ်စေသင့်ပါ။

စည်သူအောင်မြင့် ရေးသားသည်။

ကျင်းပပြီးခဲ့တဲ့ ဒုတိယ အကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံမှာ အကြီးအကျယ် ငြင်းခုံဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာ တစ်ခုကတော့ ခွဲထွက်ခွင့် ဆိုင်ရာ ကိစ္စပါ။

ညီလာခံအတွင်း ဆွေးနွေးဖို့ တင်ပြလာတဲ့ အကြောင်းအရာတွေထဲမှာ “နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ” ဆိုတဲ့ စကားရပ် တစ်ခုလည်း ပါဝင်ပါတယ်။ ညီလာခံမှာ ဆွေးနွေးဖို့ အဲဒီအချက် တင်လာတာနဲ့ တပြိုင်နက်တည်း အဲဒီအချက်ကို ပြည်ထောင်စုစာချုပ်မှာ ထည့်သွင်းပြဋ္ဌာန်းဖို့ မသင့်တဲ့အကြောင်း ပထမဦးဆုံး ကန့်ကွက်လာတာကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီပဲ ဖြစ်ပါတယ်။

နောက်ပိုင်း ဒီအချက်ကို စာသားတချို့ ဖြည့်စွက်ဖို့၊ ဒါမှမဟုတ် တခြား အလားတူ စာသားကို အသုံးပြုဖို့ အကြီးအကျယ် ငြင်းခုံဆွေးနွေးခဲ့ကြပေမဲ့ သဘောတူညီချက် မရတဲ့အတွက် နောက်ဆုံး ညီလာခံကနေ ပြည်ထောင်စု သဘောတူစာချုပ် ချုပ်တဲ့အခါ အဲဒီအချက်ရော၊ အဲဒါနဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ အချက်အလက်တွေကိုပါ ချန်လှပ်ထားခဲ့ကြရပါတယ်။

လက်ရှိ ငြိမ်းချမ်းရေး ညီလာခံတွေကနေတဆင့် ပြည်ထောင်စုစာချုပ်မှာ ထည့်သွင်းမယ့် အချက်အလက်တွေကို ထည့်သွင်းတဲ့အခါ၊ တနည်း နောင်အသစ်ရေးဆွဲမယ်လို့ မျှော်လင့်ရတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ဒီအချက်ကို ထည့်သွင်း ဆွေးနွေးသင့်သလား၊ ခွဲထွက်ခွင့်နဲ့ပတ်သက်ပြီး ဘယ်လို သဘောထားရှိသင့်သလဲဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

“နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ” ဆိုတဲ့အချက်ကို ဘာကြောင့် ထည့်သွင်းဖို့ မသင့်တော်ကြောင်း SNLD က အကိုးအကားနဲ့ စနစ်တကျ ကြေညာချက် ထုတ်ပြီး ကန့်ကွက်ခဲ့တာ တွေ့ရပါတယ်။

SNLD ဘက်က ပထမ ပြောတာက ပြည်ထောင်စုကို စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေ၊ သံသယစိတ်တွေနဲ့ အခြေခံပြီး တည်ဆောက်မယ့်အစား အပြန်အလှန် နားလည်မှု၊ လေးစားမှုနဲ့ ယုံကြည်မှုအပေါ် အခြေခံမှ ပြည်ထောင်စု တည်တံ့ခိုင်မြဲမယ် ဆိုပြီး ထောက်ပြပါတယ်။ နောက်တစ်ချက်က ဒီစာသားကို ထည့်သွင်းလိုက်ခြင်းဟာ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နဲ့ ပင်လုံစိတ်ဓာတ်ကို ဆန့်ကျင်နေတယ်၊ ဒါတင်မက လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြည်ထောင်စုမူကို ဆန့်ကျင်နေတယ် ဆိုပြီး ထောက်ပြတဲ့အချက်ပါ။ ဒီအချက်တွေ ဘယ်လောက် မှန်မမှန် အနီးခေတ် မြန်မာနိုင်ငံသမိုင်းကို ပြန်ပြီး လေ့လာကြည့်ဖို့ လိုပါတယ်။

၁၉ ရာစု မြန်မာနိုင်ငံကို နယ်ချဲ့ဗြိတိသျှတွေ ကျူးကျော်စစ် သုံးကြိမ်ဆင်နွဲှပြီး တိုက်ခိုက်သိမ်းပိုက်ခြင်း မပြုသေးခင် ဗမာ၊ မွန်၊ ရှမ်း၊ ရခိုင်ပဒေသရာဇ်တွေနဲ့ တခြားတိုင်းရင်းသားအုပ်စုတွေဟာ ကိုယ့်ဖာသာကိုယ် သီးခြားစီ နေခဲ့ကြတာပါ။ အဲဒီ ခေတ်ကာလ တလျှောက်လုံး အင်အားကြီးလာတဲ့ ပဒေသရာဇ် စစ်ဘုရင်က တခြားပဒေသရာဇ်တွေကို တိုက်ခိုက်သိမ်းပိုက်၊ လက်အောက်ခံ နယ်ပယ်အဖြစ် သိမ်းသွင်းနေခဲ့ကြလို့ စစ်ပွဲတွေနဲ့ ပြည့်နှက်နေတဲ့ ခေတ်ကာလလို့ ဆိုရင်လည်း မမှားပါဘူး။

ဗမာပဒေသရာဇ်နဲ့ မွန်ပဒေသရာဇ် တိုက်ကြ ခိုက်ကြသလို၊ ရှမ်းတွေ၊ ရခိုင်တွေနဲ့လည်း တိုက်ကြခိုက်ကြတာပါပဲ။ တစ်ခါတစ်ရံ အိမ်နီးချင်း ထိုင်းပဒေသရာဇ်တွေ နဲ့တောင် တိုက်ခိုက်ကြပါသေးတယ်။ အဲဒီပဒေသရာဇ် နယ်ပယ်တွေကို ဗြိတိသျှက တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့အခါကျမှ လက်ရှိ မြန်မာပြည်မြေပုံ ဆိုတဲ့ ပုံသဏ္ဍာန် ပေါ်ပေါက်လာတာပါ။ ဒီနယ်မြေကြီးကို ဗြိတိသျှက ဗမာပြည်မနဲ့ တောင်တန်း ဒေသဆိုပြီး ခွဲခြားအုပ်ချုပ်ခဲ့ပါတယ်။

ဗမာ အပါအဝင် တိုင်းရင်းသားတွေဟာ နယ်ချဲ့လက်အောက်က လွတ်မြောက်ဖို့ တိုက်ပွဲဝင်ခဲ့ကြပြီးနောက်ပိုင်း လွတ်လပ်ရေးရကာနီး ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက် ရှမ်းပြည်နယ် ပင်လုံမှာ ဗမာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တောင်တန်းဒေသ တိုင်းရင်းသားတွေ သမိုင်းဝင် ပင်လုံစာချုပ်ဆိုတာ ချုပ်ဆိုခဲ့ကြပါတယ်။

တိုင်းရင်းသားတွေအနေနဲ့လည်း တန်းတူညီမျှမှု မရှိလို့၊ ဖိနှိပ်ခံရလို့၊ ခွဲခြားခံရလို့ လက်နက်စွဲကိုင် ပုန်ကန်တိုက်ပွဲဝင်ကာစက သီးခြားနိုင်ငံတွေ ထူထောင်ဖို့ စိတ်ကူးရှိခဲ့ကြတာပါ။ ဒါငြင်းလို့ မရပါဘူး။ ဒါပေမဲ့ ခေတ်သစ်ကို ရောက်လာတဲ့အခါ ဘယ်တိုင်းရင်းသား လက်နက်ကိုင် အုပ်စုကမှ လက်တွေ့မကျတဲ့ သီးခြားသမ္မတနိုင်ငံ ထူထောင်မယ်ဆိုတဲ့စကား မပြောတော့ပါဘူး။ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းကြမယ်၊ ပြည်ထောင်စုထဲကနေ ခွဲထွက်မှာ မဟုတ်ဘူးစတဲ့ စကားတွေကိုပဲ ပြောနေကြတာပါ။

ပင်လုံစာချုပ်ကို အနှစ်ချုပ်လိုက်ရင် အချက် နှစ်ချက် ပါဝင်တာ တွေ့ရပါတယ်။ တောင်တန်းဒေသ တိုင်းရင်းသားတွေအနေနဲ့ ကိုယ့်ဖာသာကိုယ် သီးခြား လွတ်လပ်ရေးရအောင် ကြိုးစားမယ်၊ ကိုယ့်နိုင်ငံကိုယ် သီးခြား ထူထောင်မှာ မဟုတ်ဘဲ မြေပြန့် ပြည်မကြီးနဲ့ ပေါင်းပြီး လွတ်လပ်ရေးကို အတူတကွ ရယူမယ်၊ လွတ်လပ်ရေးရပြီးရင် တန်းတူရည်တူ ရှိတဲ့ ပြည်ထောင်စု တစ်ခု ဖွဲ့စည်းကြမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒီအတွက် နောင်လွတ်လပ်တဲ့ ပြည်ထောင်စုနိုင်ငံ ပေါ်ပေါက်လာရင် ကျင့်သုံးဖို့ ဆိုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုကို ၁၉၄၇ ခုနှစ်မှာပဲ ရေးဆွဲခဲ့ကြပါတယ်။

၁၉၄၇ စက်တင်ဘာမှာ တိုင်းပြုပြည်ပြု လွှတ်တော်က အတည်ပြုခဲ့တဲ့ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို လွတ်လပ်ရေးရတဲ့ ၁၉၄၈ ဇန်နဝါရီ ၄ ရက်မှာ စတင် အသက်ဝင် ကျင့်သုံးခဲ့တာ တွေ့နိုင်ပါတယ်။ ပြောရရင် အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဗမာခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ သဘောတူညီမှု ရခဲ့ကြတဲ့ တစ်ခုတည်းသော ဖွဲ့စည်းပုံ အခြေခံဥပဒေပါပဲ။

အဲဒီ အခြေခံဥပဒေထဲမှာ ပြည်မ၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နဲ့ ချင်းဝိဒေသတိုင်းဆိုတာ ဖွဲ့စည်းပါဝင်ပြီး နောင်ပြည်နယ်တွေ အသစ်ဖွဲ့စည်း ထည့်သွင်းဖို့လည်း ပြဋ္ဌာန်းချက်မှာ ဖော်ပြထားခဲ့ပါတယ်။ ပြည်နယ်တွေကို ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဆန့်ကျင်တဲ့ ကိုယ်ပိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲ ပြဋ္ဌာန်းခွင့်လည်း ပေးထားတာပါ။

အရေးအကြီးဆုံး တစ်ချက်ကတော့ အခန်း ၁၀ မှာ “ ခွဲထွက်နိုင်သော အခွင့်အရေး” ဆိုပြီး ထည့်သွင်းထားခြင်း ပါပဲ။ အဲဒီ ပုဒ်မ ၂၀၁ မှာ “ ဤအခြေခံဥပဒေ၌သော်လည်းကောင်း၊ ပုဒ်မ ၁၉၉ အရ ပါလီမန်က ပြုသော အက်ဥပဒေ၌သော်လည်းကောင်း အခြား ပြဋ္ဌာန်းချက် ပြုထားခြင်းမရှိလျှင် အောက်၌ပြဋ္ဌာန်းထားသော စည်းကမ်းချက်များနှင့်အညီ ပြည်ထောင်စုနိုင်ငံမှ ခွဲထွက်နိုင်ရန် ပြည်နယ်တိုင်း၌ အခွင့်အရေး ရှိရမည်” ပုဒ်မ ၂၀၂“ ဤအခြေခံ ဥပဒေ အာဏာတည်သည့်နေ့မှ ဆယ်နှစ်အတွင်း ခွဲထွက်နိုင်သော အခွင့်အရေးကို အသုံးမပြုရ” ဆိုပြီး အတိအလင်း ဖော်ပြထားတာ တွေ့နိုင်ပါတယ်။ ပြောရရင် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ အဲဒီအချက်တွေကို ထည့်သွင်းထားရခြင်းဟာ ပင်လုံကတိကဝတ်၊ ပင်လုံစာချုပ်ကြောင့်လို့ ဆိုရင် မမှားပါဘူး။  

၁၉၆၂ ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်ပြီး စစ်အာဏာသိမ်းပါတယ်။ ဗမာတွေနဲ့ တိုင်းရင်းသားတွေ သဘောတူညီထားခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နင်းခြေလိုက်ပါတယ်။ နောက်ပိုင်း စစ်အာဏာရှင်တွေ လက်အောက်မှာ သူတို့ စိတ်တိုင်းကျ ရေးဆွဲပြဋ္ဌာန်း၊ ကျင့်သုံးခဲ့တဲ့ ၁၉၇၄ နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေဆိုရင် တိုင်းရင်းသားတွေ သဘောတူ လက်ခံဖို့ဝေးလို့ ဗမာတွေတောင် လက်ခံကြတဲ့ ဖွဲ့စည်းပုံမျိုး မဖြစ်ခဲ့ပါဘူး။

တိုင်းရင်းသားတွေအနေနဲ့လည်း တန်းတူညီမျှမှု မရှိလို့၊ ဖိနှိပ်ခံရလို့၊ ခွဲခြားခံရလို့ လက်နက်စွဲကိုင် ပုန်ကန်တိုက်ပွဲဝင်ကာစက သီးခြားနိုင်ငံတွေ ထူထောင်ဖို့ စိတ်ကူးရှိခဲ့ကြတာပါ။ ဒါငြင်းလို့ မရပါဘူး။ ဒါပေမဲ့ ခေတ်သစ်ကို ရောက်လာတဲ့အခါ ဘယ်တိုင်းရင်းသား လက်နက်ကိုင် အုပ်စုကမှ လက်တွေ့မကျတဲ့ သီးခြားသမ္မတနိုင်ငံ ထူထောင်မယ်ဆိုတဲ့စကား မပြောတော့ပါဘူး။ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းကြမယ်၊ ပြည်ထောင်စုထဲကနေ ခွဲထွက်မှာ မဟုတ်ဘူးစတဲ့ စကားတွေကိုပဲ ပြောနေကြတာပါ။

တကယ်တော့ ဒါဟာ ပင်လုံစိတ်ဓာတ်လို့ ဆိုရင်လည်း မမှားပါဘူး။ ဒီလိုအခြေအနေ၊ မျက်မှောက်ခေတ် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အကောင်အထည်ဖော်နေချိန် နောင် အသစ်ရေးဆွဲမယ့် ဖွဲ့စည်းပုံထဲမှာ “နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ” ဆိုတဲ့ စာသားမျိုး ထည့်သွင်းဖို့ လိုမလို အသေအချာ စဉ်းစားသုံးသပ်ကြဖို့ လိုပါတယ်။

ကိုယ့်ဖာသာကိုယ် သီးခြားစီ နေလို့ရရဲ့သားနဲ့ အတူတကွ ပူးပေါင်းဖို့ ဆန္ဒပြုခဲ့ကြတဲ့၊ တကယ်လည်း လာပြီး ပူးပေါင်းထားကြတဲ့ တိုင်းရင်းသားတွေကို အတိတ်က ပင်လုံစာချုပ်နဲ့ နှစ်ဖက်သဘောတူခဲ့ကြတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို လျစ်လျူရှုပြီး ခွဲမထွက်ရဆိုတဲ့ စာသား အတင်းအကြပ် ထည့်သွင်းဖို့ မကြိုးစားသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်

စည်သူအောင်မြင့်

စည်သူအောင်မြင့်သည် ၁၉၉၇ တွင် သတင်းထောက်တစ်ဦး ဖြစ်လာသည်။ Living Colour စီးပွားရေးမဂ္ဂဇင်း နှင့် အခြားစာစောင်အများအပြား၌ ရေးသားခဲ့သည်။ ၂၀၁၃ မတိုင်မီက ပြည်ပ မီဒီယာများအတွက် သတင်းများ၊ ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များ ပေးပို့ဆောင်ရွက်ခဲ့သည်။ လက်ရှိတွင် မီဒီယာ များ၌ အလွတ်တန်း ပင်တိုင်ဆောင်းပါးရှင်အဖြစ် ရေးသားပေးပို့လျက်ရှိသည်။

Share on facebook
Share on twitter
Share on email

More stories

ကလေးသူငယ်များကိုပဋိပက္ခ၏ ဆိုးကျိုးဒဏ်ခံစားရခြင်းမှအကာအကွယ်ပေးရန်လည်း ခိုင်ခိုင်မာမာ အရေးယူဆောင်ရွက်ရန်လိုအပ်ပါသည်။

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar