၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည့် သဘောတူညီချက် ၃၇ ချက်အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ပြန်လည်သုံးသပ်နိုင်ရေးအတွက် ဆွေးနွေးပွဲတစ်ခုကို ငြိမ်းချမ်းရေးညီလာခံတွင် ပါဝင်ဆွေးနွေးခွင့်ရရှိထားသည့် နိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စားလှယ်များက ကျင်းပကြမည်ဖြစ်သည်။
“အချက် ၃၇ ချက်ကို ပါတီကိုယ်စားလှယ်တွေက သဘောတူတဲ့အဆင့်ကို မရောက်သေးဘူး။ ဆွေးနွေးနေတုန်း ပဲရှိသေးတယ်။ ဒီအချက်တွေကို ကြိုက်ပါတယ်ဆိုတဲ့အဆင့်ကို မရောက်ခဲ့ဘူး။ ဒီလိုဖြစ်တာတွေကိုလည်း အခုအစည်းအဝေးမှာ ပြန်ဆွေးနွေးတာလည်းပါမယ်” ဟု ငြိမ်းချမ်းရေးညီလာခံတွင် ကိုယ်စားလှယ်အဖြစ် ပါဝင်သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းကျော်ညွန့်က ပြောကြားသည်။
အစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်တွင် ဇွန် ၁၅ နှင့် ၁၆ ရက်နေ့များ၌ ကျင်းပရန် စီစဉ်ထားသည်။ ထိုအစည်းအဝေးသို့ ငြိမ်းချမ်းရေးညီလာခံတွင်ပါဝင်ကြသည့် နိုင်ငံရေးပါတီ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၅၀ အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီနှင့် လုပ်ငန်းကော်မတီများတွင် ပါဝင်သူများပါ တက်ရောက်ကြမည်ဖြစ်သည်။
မေလကုန်ပိုင်းက ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးပွဲတွင် ပြည်ထောင်စု စာချုပ်အပိုင်း (၁)အဖြစ် နိုင်ငံရေးကဏ္ဍ မူဝါဒသဘောတူညီချက် ၁၂ ချက်၊ စီးပွားရေးကဏ္ဍသဘောတူညီချက် ၁၁ ချက်၊ လူမှုရေးကဏ္ဍ သဘောတူညီချက် လေးချက်နှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ သဘောတူညီချက် ၁၀ ချက်၊ စုစုပေါင်း အချက် ၃၇ ချက်ကို သဘောတူညီခဲ့ကြသည်။
အဆိုပါသဘောတူညီချက်များမှာ အစိုးရနှင့် အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ရှစ်ဖွဲ့၊ အစိုးရ၊ လွှတ်တော်နှင့် နိုင်ငံရေးပါတီများကသာ ဆွေးနွေးသဘောတူညီထားခြင်းဖြစ်ပြီး ကျန်ရှိနေသည့် လက်နက်ကိုင်အဖွဲ့များကမူ ပါဝင်ဆွေးနွေး ဆုံးဖြတ်နိုင်ခဲ့ခြင်းမရှိပေ။
အစိုးရသစ်က ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် တိုင်းရင်းသားလက်နက်ကိုင်အများစု ပါဝင်လာရေးကို ပိုမိုအားပေး လုပ်ဆောင်သင့်ပြီး ညီလာခံကျင်းပကာ လူနည်းစုဖြင့် ဆုံးဖြတ်ချက်များ ထွက်ရှိရေး ဦးစားပေးဆောင်ရွက်နေပါက ရေရှည်တည့်တံသည့် ငြိမ်းချမ်းရေးကို ရရှိနိုင်မည်မဟုတ်ကြောင်း တအာင်း ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဒုဥက္ကဋ္ဌ တာဂျူတ်ဂျားက ပြောကြားသည်။
“ကျွန်တော်တို့ ပါဝင်လာရင် တစ်ချို့အချက်တွေက ကျွန်တော်တို့နဲ့ ကိုက်ချင်မှ ကိုက်လိမ့်မယ်။ အဲဒီတော့ ဒီအချက်တွေကို ပြင်နိုင်မလား။ ဒါကမေးစရာဖြစ်လာတယ်။ မရဘူးဆိုရင်ဒီဟာက အသစ်ပါဝင်လာမယ့် လက်နက်ကိုင်တွေအတွက် အတားအဆီးတစ်ခုဖြစ်လာနိုင်တယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင်အစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့်အဖွဲ့ ရှစ်ဖွဲ့သာရှိသည်။ အစိုးတပ်မတော်နှင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည့် ကချင်လွတ်မြောက်ရေးအဖွဲ့၊ ရခိုင်တပ်မတော်၊ တအာင်း ပလောင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့တို့ပါဝင်သည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့များအပြင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် ငါးဖွဲ့တို့ကလည်း အပစ်ရပ်စာချုပ်တွင် လက်မှတ်မရေးထိုးနိုင်သေးပေ။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်ကလည်း “အစည်းအဝေးတွေလုပ်ပြီး ဆုံးဖြတ်ချက်တွေကြီးပဲ ချနေတာထက် အဲဒီဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာ အားလုံးပါဝင်ကာ ချမှတ်နိုင်ဖို့ အရေးကြီးတယ်။ အနည်းစုနဲ့ ချမှတ်ခဲ့တဲ့ဟာက ကျန်တဲ့ မပါနိုင်သေးသူတွေကို ထပ်ပြီး ကန့်သတ်သလို ဖြစ်သွားလိမ့်မယ်” ဟုပြောသည်။
ဆုံးဖြတ်ချက်များ ထွက်ရှိရေးသာ ဦးစားပေးဆောင်ရွက်ကာ ထွက်ရှိလာသည့်ဆုံးဖြတ်ချက်များဖြင့် အခြေခံဥပဒေသစ်တစ်ရပ် ပြုစုရေးဆောင်ရွက်ခဲ့ပါက ပြင်ဆင်ပြောင်းလဲသည့် အခြေခံဥပဒေသစ်ကလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့သာ ဖြစ်ပေါ်လာနိုင်မည်ဟု တိုင်းရင်းသားလက်နက်ကိုင်နှင့် နိုင်ငံရေးပါတီတို့က စိုးရိမ်ကြသည်။
“ဒီဆုံးဖြတ်ချက်တွေနဲ့ပဲ ဖွဲ့စည်းပုံကို ပြန်ရေးတာပြင်တာလုပ်မယ်ဆိုရင် အဲဒီလိုလုပ်လိုက်တဲ့ ဖွဲ့စည်းပုံက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံနဲ့ ဘာမှမကွာတော့ဘူး။ ဒီအတိုင်းပဲဖြစ်မယ်။ ဒါကြောင့်အစိုးရနဲ့ တပ်က အားလုံးပါနိုင်ဖို့ လမ်းဖွင့် ပေးသင့်တယ်။ တစ်နိုင်ငံလုံး အပစ်ရပ်ကို တပ်ဖက်က ကြေညာပြီး ဆောင်ရွက်သင့်တယ်” ဟု တာဂျုတ်ဂျားက ဆိုသည်။
သတင်း-ဟိန်းကိုစိုး