ကချင်လွတ်မြောက်ရေးတပ်မတော်ဌာနချုပ် လိုင်ဇာအနီး ဇန်နဝါရီလအတွင်းက ကင်းလှည့်နေသော ကေအိုင်အေစစ်သားများကို မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ | ယောင်းထန်)

နောက်ဆုံးတိုက်ပွဲ – အာဏာသိမ်းမှုအလွန် ကချင်မြေက စစ်ပြင်မှု

တပ်မတော်အာဏာသိမ်းလိုက်ချိန်ကစပြီး လူငယ်တွေ ကချင်လွတ်မြောက်ရေးတပ်မတော်ကို အစုလိုက်အပြုံလိုက် ဝင်ရောက်ခဲ့ကြပါတယ်။ အဲဒီအထဲက လက်နက်ကိုင်တော်လှန်တဲ့နည်းလမ်းကလွဲပြီး ကျန်တာရွေးချယ်စရာမရှိဘူးလို့ ခံယူထားတဲ့ ကချင်လူငယ်တစ်ချို့နဲ့ ဖရွန်းတီးယားမြန်မာက စကားပြောကြည့်ခဲ့ပါတယ်။

အင်မလီ ဖစ်ရှ်ဘိန်း၊ နုနုလုဆန်နှင့် ဂျော်တူးခေါင် ရေးသားသည်။

သူငယ်ချင်းအိမ်မှာ ညသွားအိပ်မယ်လို့ ဇောင်းတူက သူ့မိဘတွေကို မတ်၁၃ရက်၊ ညနေမှာ ပြောပြီးထွက်သွားပါတယ်။

နောက်နေ့မနက်၆နာရီခွဲမှာတော့ အသက်၂၃နှစ်သာရှိသေးတဲ့ ဇောင်းတူဟာ မြစ်ကြီးနားကနေ ကားတစ်စီးနဲ့ တစ်နေရာကို လိုက်ပါသွားခဲ့ပါတယ်၊။ ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)ရဲ့ ဗဟိုဌာနချုပ်လိုင်ဇာမှာ နာမည်စာရင်းပေးသွင်းပြီး တပ်ထဲဝင်ရောက်ခဲ့ပါတယ်။

ဖေဖော်ဝါရီ၁ရက်က စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကေအိုင်အေကို တပ်သားသစ်တွေ အစုလိုက်အပြုံလိုက် ဝင်ရောက်လာပြီး အများစုက လူငယ်တွေဖြစ်တယ်လို့ ဇောင်းတူ (နာမည်လွှဲ)က  ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။ အဲဒီလူငယ်တွေထဲမှာ သူ့လိုလူတွေလည်း အများအပြားပါ။

အခြေခံစစ်သင်တန်းတက်နေတဲ့ လိုင်ဇာကနေ ဖရွန်းတီးယားမြန်မာကရဲ့မေးခွန်းတွေကို သူကအင်တာနက်စာပို့စနစ် Signal ကတစ်ဆင့် ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ ဧပြီလဆန်းပိုင်းမှာ နေ့တိုင်းဆိုသလို လူသစ်တွေ အများအပြားရောက်ရှိလာကြောင်း သူကဆိုပါတယ်။ အရေအတွက် ဘယ်လောက်ဆိုတာကိုတော့ သူကပြောနိုင်ခြင်းမရှိပါဘူး။

တခြားသူတွေက သူ့အကြောင်းပြချက်နဲ့သူရှိကြပေမဲ့ ဇောင်းတူက ကေအိုင်အေထဲဝင်ရတဲ့ အကြောင်းကတော့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့်ပါ။ လမ်းပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတဲ့သူတွေကို စစ်တပ်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေဆုံးတဲ့အထိ အကြီးအကျယ်အကြမ်းဖက်ဖြိုခွင်းတဲ့အပေါ် စိတ်ပျက်၊ ဒေါသထွက်မိတာကြောင့် အာဏာသိမ်းစစ်အစိုးရကို ပြန်လည်တိုက်ခိုက်ဖို့ ကေအိုင်အေကို ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။

ကချင်တွေက ကိုယ့်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိမယ့် ဖက်ဒရက်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာအောင် တိုက်ပွဲဝင်နေတာလို့လည်း သူကဆိုပါတယ်။ တကယ်တော့ ကေအိုင်အေအဖွဲ့ဟာ အဲဒီတော်လှန်ရေးရည်မှန်းချက်ကို ၁၉၆၀ပြည့်နှစ်တွေကတည်းက စွဲကိုင်လာခဲ့တာဖြစ်ပါတယ်။

“ပိုပြီး ငြိမ်းချမ်းတဲ့အနာဂတ်အတွက် ကျနော်တိုက်ပွဲဝင်နေပါတယ်။ တော်တော်များများကတော့ ဒါဟာ နောက်ဆုံးတိုက်ပွဲပဲဆိုတဲ့ အသိစိတ်နဲ့ ကေအိုင်အေတပ်ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ”လို့ ဇောင်းတူက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို ရရာနည်းနဲ့ဆန့်ကျင်တဲ့အခြေအနေဟာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရဖို့ နှစ်ပေါင်းများစွာ တိုင်းရင်းသားလူမျိုးစုတွေ ဆင်နွှဲလာတဲ့ လက်နက်ကိုင်တော်လှန်ရေးနဲ့ ဗမာအပါအဝင် နိုင်ငံအတွင်းပြည်သူအများရဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးဆန္ဒတို့ တစ်ထပ်တည်းကျသွားတဲ့ ဆုံမှတ်ဖြစ်လာပါတယ်။

ဖေဖော်ဝါရီ၁ရက်မတိုင်ခင်က ဗမာတော်တော်များများဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တည်ရှိမှုကို အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှုမြင်ခဲ့ကြပေမဲ့ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေမှာတော့ ဒီအမြင်တွေပြောင်းသွားခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အပေါ် စာနာထောက်ထားမှုနဲ့ ထောက်ခံမှုတွေ ပိုမိုမြင့်တက်လာပါတယ်။

အကြောက်တရားကြီးစိုးအောင် တပ်မတော်က အရပ်သားတွေအပေါ် ဖမ်းဆီးပစ်ခတ်၊ သတ်ဖြတ်မှုစတဲ့ နည်းလမ်းတွေ အသုံးပြုမှု အချိန်ကြာမြင့်လာတာနဲ့အမျှ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းပြီး ပြည်သူတွေကို ကာကွယ်ပေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို တောင်းဆိုသံတွေ နိုင်ငံနဲ့အဝှမ်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။

လက်ရှိအချိန်မှာ စိတ်ကူးယဉ်အဖြစ်သာရှိနေသေးတဲ့ ဖက်ဒရယ်တပ်မတော်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေသာမက ပြည်မက ဗမာလူမျိုးအရပ်သားတွေ၊ တပ်မတော်ကို စွန့်ခွာတဲ့ စစ်သားတွေပါဝင်လာမယ်လို့ ဖက်ဒရယ်တပ်မတော်ထွက်ပေါ်လာရေး တောင်းဆိုသူတွေက မျှော်လင့်နေပါတယ်။

ဖရွန်းတီးယားမြန်မာက ကချင်လူငယ်ခုနှစ်ဦးအပြင် ကချင်နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Kachin Political Interim Coordination Team (KPICT)ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တို့နဲ့ မကြာသေးခင်က ဆက်သွယ်မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ KPICTအဖွဲ့ကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ကချင်တိုင်းရင်းသားတွေကိုယ်စား နိုင်ငံရေးအရညှိနှိုင်းဆွေးနွေးဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဖရွန်းတီးယားမြန်မာက ဆက်သွယ်မေးမြန်းခဲ့တဲ့ ကချင်လူငယ်အများစုကတော့ တပ်မတော်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေဟာ ပြည်တွင်းစစ်ဖြစ်နိုင်တဲ့အခြေအနေကို ဦးတည်နေကြောင်း မှတ်ချက်ပြုကြပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တည်ရှိမှုအခန်းကဏ္ဍအပေါ် လူများစုဗမာတွေရဲ့ ထောက်ခံအသိအမှတ်ပြုမှုတွေ မြင့်တက်လာတဲ့အပေါ် လူငယ်အများစုက ကြိုဆိုကြပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ တိုင်းရင်းသားတွေရဲ့ ရည်မှန်းချက်ကို ဥပေက္ခာပြုခဲ့တဲ့ရာဇဝင်ရှိဖူးတာကြောင့် လူငယ်တစ်ချို့ကတော့ လူများစုဗမာတွေရဲ့ တိုင်းရင်းသားတွေအပေါ် ပြောင်းလဲလာတဲ့သဘောထားကို သတိကြီးကြီးထား စောင့်ကြည့်နေကြပါတယ်။

ဒီလိုအခြေအနေရှိပေမဲ့ တစ်နိုင်ငံလုံး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်ခြင်းအားဖြင့် နိုင်ငံကိုဖက်ဒရယ်ပြည်ထောင်စုအဖြစ် အသွင်ပြောင်းလဲရေး ပိုမိုနီးစပ်နိုင်တယ်လို့မျှော်လင့်ကြောင်း လူငယ်တွေကဆိုပါတယ်။

ကေအိုင်အေဌာနချုပ် လိုင်ဇာအနီး ဝိုင်ချိုင်စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွင် ဗုံးခိုကျင်းတူးနေသော စစ်ဘေးရှောင်များကို မတ်၂၂ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ယောင်းထန်)

အကောင်းဆုံးအခွင့်အရေး

အများစု အသက်၂ဝကျော်တွေဖြစ်ကြတဲ့ ကချင်လူငယ်တွေနဲ့ ကချင်လူမျိုးမဟုတ်တဲ့သူတွေ အေအိုင်အေကို ဝင်ရောက်ဖို့ နေ့စဉ်၊ တဖွဲဖွဲရောက်လာကြတယ်လို့ ဇောင်းတူနဲ့ နောနော်တို့က ပြောပါတယ်။ အသက်၂၁နှစ်ရှိပြီဖြစ်တဲ့ နောနော်ဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)မှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးနေပါတယ်။ အသစ်ရောက်လာတဲ့သူတွေမှာ ၂၀ကနေ ၃၀ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေဖြစ်ကြောင်း သူတို့က ဆိုပါတယ်။

ရန်ကုန်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ခဲ့ပေမဲ့ ကိုဗစ်-၁၉ကိုဗစ်ရောဂါကြောင့် အလုပ်လက်မဲ့ ဖြစ်သွားတဲ့နောက်ပိုင်း နောနော်ဟာ ကေအိုင်အိုကို လွန်ခဲ့တဲ့ဒီဇင်ဘာမှာ စတင်ဝင်ရောက်ခဲ့ပါတယ်။ စစချင်း ကေအိုင်အိုရဲ့ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးအဖွဲ့မှာ လုပ်အားပေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပေမဲ့ တကယ်လို့ အခုချိန်မှာလိုအပ်လာရင် ကေအိုင်အေအတွက် စစ်တိုက်ဖို့အသင့်ဖြစ်နေပြီလို့ သူက ဆိုပါတယ်။

“စစ်တပ်အောက်မှာ နှစ်ပေါင်းများစွာ နေလာခဲ့ကြပြီးပြီ။ ကျနော်တို့ လွတ်လပ်ရေးလိုချင်ပါတယ်။ ဖက်ဒရယ်စနစ်ပေါ်ပေါက်လာဖို့အတွက် ကေအိုင်အိုမှာ လုပ်အားပေးနေပါတယ်”လို့ လိုင်ဇာကိုရောက်နေတဲ့ နောနော်က ဖရွန်းတီးယားမြန်မာကို Signal ကတစ်ဆင့် ပြန်လည်ဖြေကြားပါတယ်။

လိုင်ဇာကိုရောက်ရှိနေတဲ့ နောက်လူငယ်တစ်ဦးကတော့ မြစ်ကြီးနားမြို့က ခွန်ဂျာ(အမည်လွှဲ)ဖြစ်ပါတယ်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှာ ဆေးဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ စစ်အာဏာသိမ်းမှုကြောင့် သူ့အစီအစဉ်တွေ ပျက်ကုန်ပါတယ်။ တကယ်လို့ ဖက်ဒရယ်တပ်မတော်မှာ ပါဝင်လာမယ်ဆိုရင် သူလည်း ကေအိုင်အေမှာ တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ပဲလို့ ခွန်ဂျာက ပြောပါတယ်။

“အခုချိန်ကတော့ လက်နက်ကိုင်တော်လှန်ရေးစတင်ဖို့ ကျနော်တို့အတွက် အကောင်းဆုံးအခွင့်အရေးပါပဲ။ အရင်ကဆိုရင် တိုင်းရင်းသားတွေကပဲ စစ်တပ်ကို တိုက်ခိုက်နေရတာ။ အခုတော့ ပြည်မကလူတွေလည်း  စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ရင်ဆိုင်နေကြရပြီ။ ဒါကြောင့် ဒီအချိန်ဟာ အတူတိုက်ခိုက်ကြရမယ့် အချိန်ပဲ”လို့ သူက ပြောပါတယ်။

ခွန်ဂျာပြောတဲ့အချက်ဟာ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားဖြစ်မှုနဲ့ လက်နက်ကိုင်ပဋိပက္ခအကြားက ဆက်နွှယ်မှုအပေါ် လူအများအကြား ဘုံအမြင်တစ်ရပ်လိုဖြစ်နေတဲ့ အယူအဆတစ်ခုဖြစ်ပါတယ်။

တကယ်တမ်းတော့ ဗမာလူမျိုးတွေက တပ်မတော်ကို အရင်က တော်လှန်တိုက်ခိုက်ခဲ့ကြဖူးတဲ့ သမိုင်းရှိပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနဲ့ အဲဒီမတိုင်ခင်က ဗမာပြည်ကွန်မြူနစ်ပါတီတွေမှာ ဗမာလူမျိုးတွေပါဝင်ပြီး စစ်တပ်ကိုတိုက်ခိုက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက တပ်မတော်ရဲ့ အကြမ်းဖက်မှုတွေ အမြဲခံစားနေရတဲ့ တိုင်းရင်းသားတွေကသာ များသောအားဖြင့် စစ်တပ်ကို လက်နက်ကိုင်တော် လှန်ခဲ့ကြတာပါ။

နောက်ထပ်လူငယ်နှစ်ယောက်ကတော့ သူတို့ဆန္ဒရှိပေမဲ့ မိသားစုတာဝန်တွေကြောင့် ကေအိုင်အေတပ်ဖွဲ့ထဲ မဝင်ရောက်နိုင်သေးဘူးလို့ ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။

“ကျနော်တို့ အသံမထွက်ဘဲ ငြိမ်နေကြမယ်ဆိုရင် ဆက်ပြီးခံနေကြရဦးမှာပါ။ ကေအိုင်အေက လူအင်အား လိုနေပါတယ်။ ဆန္ဒပြပွဲမှာပါဝင်ပြီး ဒဏ်ရာရတာ ဒါမှမဟုတ် သေမှာထက်စာရင် ကေအိုင်အေတပ်ထဲဝင်ပြီး စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ တော်လှန်ရေးမှာ ပါဝင်တာကမှ ပိုကောင်းပါတယ်”လို့ မြစ်ကြီးနားမြို့ပေါ် လူမှုကူညီရေးအသင်းအဖွဲ့တစ်ခုက အသက်၂၄နှစ်အရွယ် လူငယ်တစ်ယောက်က ပြောပါတယ်။ ဆန္ဒရှိပေမဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့အတွက် သူ့မိဘတွေက သူ့ကို ကေအိုင်အေထဲ ဝင်ရောက်ခွင့်မပြုဘူးလို့ သူကဆိုပါတယ်။

နောက်တစ်ယောက်ကတော့ မြစ်ကြီးနားက အသက်၂၆နှစ်အရွယ် အင်္ဂလိပ်စာ သင်တန်းဆရာတစ်ဦးပါ။ သူဟာလည်း မိသားစုမှာ တစ်ဦးတည်းသောသားဖြစ်တာကြောင့် မိဘတွေရဲ့ ဆန္ဒကိုလိုက်နာတဲ့အနေနဲ့ ကေအိုင်အေထဲ မဝင်ရောက်နိုင်သေးဘူးလို့ ဆိုပါတယ်။

“ကျနော့်မိဘတွေကတော့ ကျနော့်ကို ဆန္ဒပြပွဲမှာ မပါစေချင်ပါဘူး။ ဒါပေမဲ့ ကျနော်အခုထိ ဆန္ဒပြတဲ့ထဲ ပါပါတယ်။ တကယ်တော့ ကျနော် လက်နက်စွဲကိုင်ပြီး တော်လှန်ချင်ပေမဲ့ အဲဒီလိုလုပ်ဖို့က ကျနော့်အတွက် အင်မတန်ခက်ပါတယ်”လို့ အဲဒီလူငယ်က ပြောပါတယ်။

လိုင်ဇာဌာနချုပ်အနီး ကင်းလှည့်နေသော ကချင်လွတ်မြောက်ရေးတပ်မတော်တပ်သားများကို ဇန်နဝါရီတွင် မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ | ယောင်းထန်)

ကျမအကြောက်ဆုံးကတော့ အာဏာရှင်စနစ်ပါပဲ

ကေအိုင်အေနဲ့ တပ်မတော်တို့ရဲ့အကြား တိုက်ပွဲတွေဟာ ၂၀၁၈နှောင်းပိုင်းကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းကလွဲလို့ နိုင်ငံတစ်ဝန်း အတော်လေးငြိမ်သွားခဲ့ပါတယ်။ ရှမ်းမြောက်မှာတော့ ဒီနှစ်အစောပိုင်းကစပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

ဒါပေမဲ့ မတ်၁၂ရက်ကစပြီး ကချင်ပြည်နယ်၊​ နေရာအနှံ့အပြားမှာ နေ့စဉ်လိုလိုဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေရာနဲ့ချီပြီး နေရပ်စွန့်ခွာကြရပါတယ်။ အထူးသဖြင့် ရွာတွေကနေ ဘေးလွတ်ရာ အနီးတစ်ဝိုက် မြို့တွေဆီကို ထွက်ပြေးတိမ်းရှောင်ကြရပြီး မြို့ပေါ်ဘုရားကျောင်းတွေမှာ ခိုလှုံကြရပါတယ်

မတ်၃၁ရက်မှာကြေညာခဲ့တဲ့ တပ်မတော်ရဲ့ ဧပြီလကုန်အထိ တစ်လတာအပစ်အခတ်ရပ်ရေးဟာ တိုက်ပွဲတွေကို အမှန်တကယ်ချုပ်ငြိမ်းစေလိမ့်မယ်လို့ အများက မယုံကြည်ကြပါဘူး။ အကြောင်းကတော့ အဲဒီအပစ်အခတ်ရပ်စဲရေးကြေညာချက်မှာ အစိုးရရဲ့ “လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ” ကျန်တဲ့အချိန်တွေမှာ တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားမယ်လို့ ဆိုထားတာကြောင့်ပါပဲ။

တစ်လတာ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲမှုကြေညာထားပေမဲ့ ဧပြီ၁ရက် ညမှာ မိုးကောင်းမြို့နယ်အတွင်း သေနတ်ပစ်ခတ်သံတွေ၊ လက်နက်ကြီးပစ်ခတ်သံတွေ ဆူညံခဲ့ပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားအခြေစိုက် The 74 Mediaသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံအနှံ့ တခြားနေရာတွေမှာလို ကချင်ပြည်နယ်မှာလည်း လုံခြုံရေးတပ်ဖွဲ့တွေဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။ မတ်၈ရက်နေ ၃၁ရက်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ဆန္ဒပြသူ၁ဝဦးကို ပစ်သတ်ခဲ့တယ်လို့ Kachin Waves သတင်းဌာနက ဆိုပါတယ်။ ပစ်ခတ်ဖြိုခွင်းစဉ် သေနတ်ထိမှန်ပြီး သေဆုံးသွားသူရဲ့ အလောင်းထားရှိတယ်ဆိုတဲ့ သံသယနဲ့ မြစ်ကြီးနားက အိမ်တစ်လုံးကိုလည်း မတ်၃ဝရက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ The 74 Media သတင်းဌာနက ဆိုပါတယ်။

လက်ရှိအခြေအနေတွေကတစ်ဆင့် ပြည်တွင်းစစ်ဖြစ်သွားမှာကို စိုးရိမ်မိတယ်လို့ ကေအိုင်အိုထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မှာနေထိုင်တဲ့ အသက်၂၄နှစ်အရွယ် ကော်ရင်း (အမည်လွှဲ)က ပြောပါတယ်။ ကချင်ပြည်နယ်အတွင်း ကေအိုင်အိုနဲ့ တပ်မတော်ကြား ၁၇နှစ်ကြာ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်မှုနဲ့အတူ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ၂၀၁၁မှာ နေရပ်စွန့်ခွာထွက်ပြေးရသူ တစ်သိန်းကျော်ရှိခဲ့ပါတယ်။ ကော်ရင်းဟာ အဲဒီစစ်ဘေးရှောင်ဒုက္ခသည်တွေထဲက တစ်ဦးဖြစ်ပါတယ်။

လူသတ်မှု၊ ဖမ်းဆီးမှု၊ မုဒိန်းမှုနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအပါအဝင် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို တပ်မတော်က ကချင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း ချိုးဖောက်ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင် (UN fact-finding mission)က ၂၀၁၈၊ သြဂုတ်မှာ ကြေညာခဲ့ပါတယ်။

လက်နက်ကိုင်ပဋိပက္ခကြောင့် စစ်ပြေးဒုက္ခသည်ဖြစ်ခဲ့ရတဲ့ ကော်ရင်းတစ်ယောက် နောက်ထပ်တိုက်ပွဲတွေ ထပ်ဖြစ်မှာကို မလိုချင်တော့ပါဘူး။

“အခုအချိန်ဟာ လက်နက်ကိုင်တော်လှန်ကြဖို့ အချိန်ကောင်းလို့ ကျမ မထင်ပါဘူး။ စစ်ဖြစ်မယ်ဆိုရင် အရပ်သားတွေပဲ ထိခိုက်ကြရတာပါ”လို့ သူက ပြောပါတယ်။

သူတို့ထိန်းချုပ်ရာနယ်မြေမှာ အရပ်သားတွေကို ကာကွယ်ပေးတဲ့အဖွဲ့အစည်းအနေနဲ့ရော တရားဝင်အစိုးရတစ်ရပ်အနေနဲ့ပါ ကေအိုင်အေကို အသိအမှတ်ပြုပေမဲ့ တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားမှာကို ကေအိုင်အေက ရှောင်ရှားဖို့ ကော်ရင်းက မျှော်လင့်နေပါတယ်။

“ကျမတို့နေရာမှာ တိုက်ပွဲတွေ နှစ်တွေအကြာကြီး ဖြစ်နေတာပါ။ အခုအချိန်ထိ အောင်ပွဲမရသေးသလို  အဖြေရှာလို့လည်း မရသေးပါဘူး။ ကျမကတော့ လူငယ်တွေဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာနဲ့ ခုလိုပဲ ဆန္ဒထုတ်ဖော်တာဟာ ပိုပြီးထိရောက်လိမ့်မယ်လို့ ထင်ပါတယ်”လို့ သူကပြောပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုက ပိုပြီးထိရောက်မယ်ဆိုတဲ့ ဒီအမြင်က လူငယ်တွေအတွက် လက်ခံဖို့ တဖြည်းဖြည်းခဲယဉ်းလာပုံ ရပါတယ်။ ဖရွန်းတီးယားမြန်မာက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတွေနဲ့ ဆိုရှယ်မီဒီယာမှာ လေ့လာချက်တွေအရ လက်နက်ကိုင်တော်လှန်ရေးကို ယေဘုယျအားဖြင့် ထောက်ခံမှုပိုမိုမြင့်တက်လာပါတယ်။

ကချင်လူငယ်တက်ကြွလှုပ်ရှားသူ ဆိုင်းနုပန်ကတော့ လက်နက်ကိုင်တော်လှန်ဖို့ဟာ လက်ရှိမျက်မှောက်နိုင်ငံရေးအခြေအနေအရ ဖြစ်ပေါ်လာတဲ့ လိုအပ်ချက်တစ်ခုလို့ ဆိုပါတယ်။ ဆိုင်းနုပန်ဟာ ပြီးခဲ့တဲ့ ၂၀၂၀၊ နိုဝင်ဘာရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တစ်ခုအတွက် ကချင်ပြည်နယ်ပြည်သူ့ပါတီကနေ ဝင်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့ပေမဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။

ကချင်ပြည်နယ်သပိတ်ကော်မတီမှာလည်း လူငယ်ခေါင်းဆောင်တစ်ဦးအဖြစ်ပါဝင်တဲ့ ကဆိုင်းနုပန်က အကြမ်းဖက်တဲ့နည်းလမ်းတွေကို တတ်နိုင်သမျှအားမပေးပေမဲ့ လက်ရှိအချိန်မှာ ပြည်သူအများက လုပ်နိုင်သမျှ နည်းလမ်းကုန် ထုတ်သုံးပြီးဖြစ်တာကြောင့် လက်နက်ကိုင်တဲ့နည်းလမ်းပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။ အကြမ်းမဖက်တဲ့နည်းလမ်းတွေနဲ့ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြချိန် တစ်ပြိုင်နက်တည်း လက်နက်စွဲကိုင်တော်လှန်ခြင်းဟာ ရေရှည်မှာ အရပ်သားထိခိုက်သေဆုံးမှုကို လျှော့ချနိုင်လိမ့်မယ်လို့ သူကဆိုပါတယ်။

“အပြစ်မဲ့အရပ်သားတွေကို စစ်တပ်က ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်တာတွေ လုပ်နေတာကြောင့်  လက်နက်ကိုင် ခုခံမယ့် နည်းလမ်းကို ကျမတို့ ရွေးချယ်ရတော့မှာပါ။  ဒီနည်းလမ်းကို မရွေးဘူးဆိုရင် အပြစ်မဲ့ပြည်သူ နောက်ထပ်ထောင်ပေါင်းများစွာ အသတ်ခံနေရဦးမှာပါ”လို့ ဆိုင်းနုပန်က ပြောပါတယ်။

“ဒီအချိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ပြည်သူတွေရဲ့အသက်ကို ကာကွယ်ပေးရမယ့် အချိန်ပါပဲ။ အရပ်သားသေကြေဒဏ်ရာရမှုတွေ နည်းသွားစေမယ့် နည်းဗျူဟာတစ်ရပ်ကို ကေအိုင်အေက စီစဉ်ပေးသင့်ပါတယ်”လို့ သူက ပြောပါတယ်။

မြန်မာပြည်သူတွေရဲ့ အခွင့်အရေးကိုကာကွယ်ပေးမယ့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကို သူတို့အနေနဲ့ထောက်ခံတယ်လို့ ကေအိုင်အိုရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မတ်၁၉ရက်က ပြည်တွင်းသတင်းဌာနတစ်ခုကို ပြောကြားခဲ့ပါတယ်။

ကချင်လူငယ်တော်တော်များများက လက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံကြပေမဲ့ လူကြီးတစ်ချို့ကတော့ ဒါကိုအားမပေးကြဘူးလို့ ဆိုင်းနုပန်က ဆိုပါတယ်။

“လူကြီးပိုင်းတွေကတော့ စိုးရိမ်စိတ်နဲ့ ကြောက်စိတ်ရှိကြပါတယ်။ တစ်ချို့ကတော့ စစ်အာဏာသိမ်း ဆန့်ကျင်ရေးကို ဘုရားရှိခိုးဆုတောင်းပြီး အားပေးကြပါတယ်။ Generation Z တွေဖြစ်တဲ့ ကျမတို့ လူငယ် တွေကတော့  အိမ်မှာနေပြီး ထိုင်ဆုတောင်းနေရုံနဲ့ ကျမတို့လိုချင်တဲ့ ပန်းတိုင်ကိုမရောက်နိုင်ဘူးလို့ ယူဆထားကြပါတယ်။ တစ်ချို့လူကြီးသူမတွေကတော့ နောက်ထပ်သွေးမြေကျတာတွေ မမြင်ချင်ကြတော့ ပါဘူး။ အသက်ပေးပြီး ထိပ်တိုက်မတွေ့ကြဖို့ သူတို့ကပြောကြပါတယ်”လို့ သူက ပြောပါတယ်။

ကေအက်စ်ပီပီပါတီဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ သူ့ရဲ့အမြင်ကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ အခုလို ရေးသားခဲ့ပါတယ်။ “ပြဿနာ၏အဖြေဟာ ဆွေးနွေးပွဲစားပွဲပေါ်မှာပဲ ရှိပါသည်။ စစ်မြေပြင်မှာမရှိပါ။ သို့ဖြစ်ပါ၍ ယနေ့ရင်ဆိုင်နေရသော ပြည်တွင်းပြဿနာကို ဖြေရှင်းရာတွင်လည်း အပြစ်မဲ့ပြည်သူများ ထပ်မံအသက်မဆုံးရလေအောင် ထိတ်တိုက်ရင်ဆိုင်အကြမ်းဖက်ဖြေရှင်းနည်းကို မကျင့်သုံးဘဲ အပြန်အလှန်တွေ့ဆုံဆွေးနွေး၍ ပြေလည်အောင် ဖြေရှင်းသင့်ပါကြာင်း အကြံပြုအပ်ပါသည်”။ အသက်၇၅နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာမနမ်တူးဂျာဟာ ၂၀၀၉မတိုင်ခင်အထိ ကေအိုင်အိုမှာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။

ဒါပေမဲ့ ဆိုင်းနုပန်ကတော့ လက်နက်ကိုင်ထားတဲ့ တပ်မတော်ကို တူညီတဲ့နည်းလမ်းနဲ့ မတုံ့ပြန်ရင် လူငယ်တွေရဲ့ ရှေ့အနာဂတ်ပိုမိုထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

“ကျမ အကြောက်ဆုံးကတော့ စစ်အာဏာရှင် စနစ်ပါပဲ။ ပြည်တွင်းစစ်မဟုတ်ပါဘူး”လို့ သူက ပြောပါတယ်။

ဝိုင်ချိုင်စစ်ဘေးရှောင်စခန်းတွင် ဗုံးခိုကျင်းတူးနေသော စစ်ဘေးဒုက္ခသည်အမျိုးသမီးကြီးတစ်ဦးကို မတ်၂၂ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ယောင်းထန်)

ပြည်တည်နာလို အမြစ်တွယ်နေတဲ့ ပြဿနာ

ကချင်အပါအဝင် တိုင်းရင်းသားတွေအတွက်ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ အာဏာသိမ်းစစ်ကောင်စီကို ဖြုတ်ချဖို့သာမက ဖက်ဒရယ်အခွင့်အရေးတွေကို အာမခံချက်ပေးနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွက်လာရေးအတွက်လည်း တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။

တကယ်တော့ ဒီအခွင့်အရေးတွေဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ တောင်တန်းနဲ့ ပြည်မပူးပေါင်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ စေ့စပ်ညှိနှိုင်းမှုနဲ့ ၁၉၄၇မှာ ချုပ်ဆိုခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအပေါ် ပေးထားတဲ့ ပင်လုံစာချုပ်ပါ ကတိကဝတ်တွေဖြစ်ခဲ့ပါတယ်။ ဒီကတိကဝတ်တွေကို အကောင်အထည်ဖော်ဖို့ အစိုးရအဆက်ဆက်က ပျက်ကွက်ခဲ့တဲ့အတွက် အကျိုးဆက်အဖြစ် ဆယ်စုနှစ်ပေါင်းများစွာ တိုင်းရင်းသားတွေက လက်နက်ကိုင်တော်လှန်ကြတဲ့ အခြေအနေတွေ ဖြစ်လာတာပါ။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစားပေးလုပ်ငန်းအဖြစ် အကောင်အထည်ဖော်မယ်လို့ ၂၀၁၆အစောပိုင်းမှာ ကတိပြုခဲ့ပေမဲ့ တကယ်တမ်းမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်မှုအပေါ် တိုင်းရင်းသားတွေက စိတ်ပျက်ဒေါသထွက်ခဲ့ပါတယ်။

အင်န်အယ်လ်ဒီအစိုးရဟာ ၂၀၁၉၊ ဇန်နဝါရီမှာ ရက္ခိုင့်တပ်တော် (အေအေ)အဖွဲ့ကို ပြတ်ပြတ်သားသားချေမှုန်းဖို့ တပ်မတော်ကို တောင်းဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာ ရက္ခိုင့်တပ်တော်ဟာ မြန်မာနိုင်ငံအနောက်ပိုင်း၊ ရခိုင်ပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက် တပ်မတော်နဲ့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေတဲ့ အချိန်လည်း ဖြစ်ခဲ့ပါတယ်။​

ဒါ့ပြင် ၂၀၂ဝ၊ သြဂုတ်မှာ အေအေအဖွဲ့ကို စတုတ္ထအကြိမ်မြောက် ၂၁ရာစုပင်လုံညီလာခံကို မဖိတ်ဘဲချန်လှပ်ခဲ့တာကြောင့် ကေအိုင်အိုအပါအဝင် အေအေအဖွဲ့နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေပါ ညီလာခံကိုသပိတ်မှောက်ပြီး မတက်ရောက်ကြတော့ပါဘူး။

အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ ကေအိုင်အိုအပါအဝင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (အင်န်စီအေ)ကို လက်မှတ်မထိုးရသေးတဲ့ တခြားအဖွဲ့တွေကိုပါ မတရားအသင်းအဖြစ် ဆက်လက်သတ်မှတ်ထားတာကြောင့် အဲဒီအဖွဲ့အစည်းတွေကို ထောက်ခံသူတွေဟာ ထောင်ဒဏ်ချမှတ်ခံရတဲ့ အန္တရယ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ကေအိုင်အိုနဲ့ အဆက်အသွယ်ရှိလို့ဆိုပြီး ကချင်ဘာသာရေးခေါင်းဆောင်နှစ်ဦးကို ၂၀၁၇မှာ စစ်တပ်က တရားစွဲထောင်ချခဲ့သလို တခြားသူတွေကိုလည်း ၂၀၂၀အတွင်း မတရားအသင်းအက်ဥပဒေ ပုဒ်မ(၁၇/၁)နဲ့ တရားစွဲဆိုခဲ့ပါတယ်။ အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ ကချင်၊ ရခိုင်၊ ချင်းနဲ့ ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပြီး  ဖက်ဒရယ်စနစ်ပေါ်ပေါက်လာဖို့ဆိုတာက အလှမ်းဝေးနေခဲ့ပါတယ်။

စစ်တပ်က ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့နဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ အဓိကအဟန့်အတားဖြစ်တယ်လို့ ဆိုင်းနုပန်က ဆိုပါတယ်။ အဓိကအားဖြင့် စစ်တပ်ဟာ ၂၀၀၈ဖွဲ့စည်းပုံအရ လွှတ်တော်ထဲမှာ အမတ်နေရာ ၂၅ရာခိုင်နှုန်းယူထားသလို၊ အရေးပါတဲ့ ဝန်ကြီးဌာနသုံးခုကို ချုပ်ကိုင်ထားတဲ့အပြင် အာဏာအရပ်ရပ်ကို ဗဟိုဦးစီးစနစ်နဲ့ မောင်းနှင်နေတဲ့အချက်တွေ ဖြစ်ပါတယ်။

“စစ်အာဏာရှင်စနစ်ဟာ  ပြည်တည်နာလိုပဲ အမြစ်တွယ်နေတာပါ။ ဒီအနာကို ဆေးမကုဘဲ ပျောက်သွားအောင် ပြည်သူတွေ အကြိမ်များစွာ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ အနာကတဖြည်းဖြည်းနဲ့ ပိုဆိုးလာပါတယ်”လို့ သူက ပြောပါတယ်။

တပ်မတော်က တိုင်းရင်းသားဒေသတွေ၊ အထူးသဖြင့် ၁၉၉၄ကနေ ၂၀၁၁အတွင်း ကေအိုင်အိုနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ကချင်ပြည်နယ်မှာ သဘာဝသယံဇာတ၊ အရင်းအမြစ်တွေကို လက်ဝါးကြီးအုပ်ထုတ်ယူသုံးစွဲခဲ့တာကို သူကရည်ညွှန်းတာဖြစ်ပါတယ်။

“နိုင်ငံတစ်ခု တည်ဆောက်ဖို့အတွက် ပင်လုံစာချုပ်အပေါ်အခြေခံတဲ့ အခြေခံဥပဒေ တစ်ရပ်ရှိဖို့လိုပါတယ်။ ကျမတို့ပြည်နယ်ကို ကျမတို့ အုပ်ချုပ်ခွင့်ရှိရမယ်”လို့ ဆိုင်းနုပန်က ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က ဗမာလူမျိုးတော်တော်များများဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဖက်ဒရယ်စနစ်အပေါ်ထားရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ဝေဖန်ပိုင်းခြား၊ ဆန်းစစ်ခြင်းမရှိဘဲ မျက်စိမှိတ်ထောက်ခံခဲ့ကြပါတယ်။

အခုတော့ တပ်မတော်ရဲ့ အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်မှုတွေကို ကိုယ်တိုင်တွေ့ကြုံခံစားလာကြတဲ့အခါ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နှစ်ပေါင်းများစွာ ခါးစည်းခံလာတဲ့ တိုင်းရင်းသားတွေအပေါ် လူများစုဗမာတွေက စာနာစိတ်ပိုရှိလာပြီး လက်နက်ကိုင်တော်လှန်ရတဲ့အကြောင်းအရင်းကို နားလည်သဘောပေါက်လာကြပါတယ်။

“တိုင်းရင်းသားတွေက စစ်တပ်ကို ဘာကြောင့်တော်လှန်နေလဲဆိုတာကို အရင်တုန်းကဆိုရင် ပြည်မကဗမာတွေ တကယ်ကိုနားမလည်ကြဘူး။ အခုတော့ ဗမာလူငယ်တော်တော်များများ နားလည်လာကြပြီ။ ကျမတို့ တိုင်းရင်းသားတွေ ဘယ်လိုရင်ဆိုင်ဖြတ်သန်းနေကြရသလဲဆိုတာကို ကိုယ်ချင်းစာတတ်နေကြပါပြီ”လို့  မိုင်ဂျာယန်က စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ ကော်ရင်းက ပြောပါတယ်။

ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးစု၂ဝကျော် ကိုယ်စားပြုပါဝင်တဲ့ လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ အခြေခံဥပဒေအသစ် ရေးဆွဲဖို့ တောင်းဆိုထားပါတယ်။

သိပ်မကြာခင် မတ်၃၁ရက်မှာပဲ အင်န်အယ်လ်ဒီပါတီဝင် ရွေးကောက်ခံအမတ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ်ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ ဒါ့ပြင် အခြေခံဥပဒေအသစ်တစ်ရပ်ရေးဆွဲဖို့ ရှေ့ပြေးအစီအစဉ်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

KPICT ပြောခွင့်ရပုဂ္ဂိုလ် အင်န်ဆန်ဂမ်ဆန်ကတော့ ဗမာနဲ့တိုင်းရင်းသားတွေကြား အသစ်တစ်ဖန် ပြန်လည်သင့်မြတ်တဲ့ အနေအထားရောက်လာတယ်ဆိုတဲ့ ပြောဆိုချက်တွေကို သတိကြီးကြီးနဲ့ စောင့်ကြည့်နေပါတယ်။

“ကျနော်တို့ (ကချင်တွေ)ဟာ ကျနော်တို့ နိုင်ငံရေးအရနဲ့ နယ်မြေတည်တံ့ခိုင်မြဲဖို့အတွက် ခုခံတော်လှန်နေတဲ့ အချိန်မှာ ဗမာတွေကလည်း  ဒီမိုကရေစီပြန်ရဖို့အတွက် တော်လှန်နေကြတယ်”လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ရင်ဘက်ချင်းနီးကပ်လာတဲ့အပေါ် အကောင်းမြင်စရာ အကြောင်းတွေရှိတယ်လို့လည်း သူက ယုံကြည်ထားပါတယ်။ ဒီတစ်ကွေ့မှာတော့ ဖက်ဒရယ်စနစ်ကို တကယ်တည်ဆောက်နိုင်ဖို့အတွက် KPICT အနေနဲ့ CRPH၊ နိုင်ငံခြားအစိုးရတွေ၊ ပန်းတိုင်တူတဲ့အဖွဲ့အစည်း၊ လူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ သူကဆိုပါတယ်။

“ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ဖို့အတွက် အခုအချိန်က အချိန်ကောင်းပါပဲ”လို့ သူက ပြောပါတယ်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar