တိုးပွားလာတဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ဖို့အတွက် အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေက ကြိုးပမ်းဆောင်ရွက်နေကြပေမယ့် ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုတွေဟာ သူတို့ရဲ့ နေဝင်ချိန်တွေကို ခက်ခဲပင်ပန်းစွာနဲ့ ဖြတ်သန်းနေကြရပါတယ်
ဝင်းဇာနည်အောင် ရေးသားသည်။
ခပ်နွမ်းနွမ်း ပန်းရောင်ခြုံစောင်လေးကိုခြုံထားတဲ့ အသက် (၉၁)နှစ် အရွယ် အဘွားဒေါ်ညိုတစ်ယောက် ယင်ကောင်တွေ ဝိုင်းရံနေတဲ့ ကြားမှာပင် သူမရဲ့ နေ့လည်စာကို စိတ်မပါစွာနဲ့ စားနေပါတယ်။ အသားဟင်းနဲ့ အသီးရွက်ဟင်းတွေက သူမကို မစွဲဆောင်နိုင်သလို စားနေရတာပင် ပင်ပန်းနေဟန်လည်း ပေါ်နေပါတယ်။ များပြားလှတဲ့ ယင်ကောင်တွေကို မောင်းထုတ်နိုင်ဖို့ပင် သူမမှာ အားမရှိလှပါ။
စားလို့အဆင်ပြေလားလို့ မေးမြန်းလိုက်ချိန်မှာတော့ “ထမင်း မစားနိုင်ဘူး။ ခေါင်းတောင် မထူနိုင်ဘူး။ နေမကောင်းလို့။ မောတယ်။ ခွေနေရတယ်။ အကိုက်ခဲပျောက်ဆေးလေး ဆရာမဆီမှာ တောင်းသောက်မယ်။ တစ်ပတ်ကျော်ပြီ။ ထမင်းကို မစားနိုင်တာ။ စားလို့လည်း မဝင်ဘူးလေ။ ရေသောက်ချင်လည်း ရေမတိုက်ကြဘူး။ ရေလည်းမသောက်ရဲဘူး။ ကြောက်တယ်” လို့ အဖွားက ပြန်ဖြေပါတယ်။
အားအင်ချည့်နှဲ့နေတဲ့ အသံနဲ့ အဘွားဒေါ်ညိုက ပြောနေတာပါ။ စကားတစ်ခွန်းပြောဖို့ကိုတောင် မနဲအားယူနေရပါတယ်။
ညစ်ညမ်းနေတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့အတူ စားကြွင်းစားကျန်တွေ၊ မုန့်အခွံတွေကို သူမရဲ့ ကုတင်ပေါ်မှာ တွေ့ရပြီး ကုတင်အောက်မှာတော့ အပေ့ါအလေးသွားတဲ့ ခွက်ကိုလည်း တွေ့ရပါတယ်။ ဒေါ်ညိုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ သူမရဲ့ မိသားစုတွေက လူမှုစောင့်ရှောက်ရေးဂေဟာကို လာရောက်ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဂေဟာက စောင့်ရှောက်ပေးနေသူတွေအဆိုအရ မိသားစုက စီးပွားရေး မပြေလည်တဲ့အတွက် လာပို့ထားတာဖြစ်ပြီး ကျန်းမာရေး မကောင်းဘူးလို့လည်း သိရပါတယ်။
ဒါပေမယ့် ကျန်းမာရေး မကောင်းလှတဲ့ အဖွားကို ဂေဟာမှာ အနီးကပ် သီးသန့် စောင့်ရှောက်ပေးမယ့်သူ မရှိပါဘူး။ သူမရဲ့ မိသားစုကတော့ တစ်ပတ်တစ်ခါ လာရောက်ကြည့်ရှု့ခဲ့ပေမယ့် မလာတာကြာပြီလို့လည်း ဆိုပါတယ်။ သူမကို မိသားစုနဲ့ နေချင်လားလို့ မေးကြည့်ချိန်မှာတော့ “ကိုယ့်ဟာကိုယ် သေလည်း ဒီမှာပဲ။ ရှင်လည်း ဒီမှာပဲ။ ဘုရားသခင် ကုသိုလ်ကံပဲ။ သားသမီးက ကောင်းတဲ့အခါ ကောင်းတယ်။ မကောင်းတဲ့အခါ မကောင်းတာ များတယ်” လို့ ဖြေပါတယ်။
အဘွားဒေါ်ညိုရောက်ရှိနေတဲ့နေရာဟာ ရန်ကုန်မြို့လယ်ဆူးလေကနေ ၂၈ မိုင်လောက် ကွာဝေးလှတဲ့ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာက လူမှုစောင့်ရှောက်ရေး ဂေဟာမှာ ဖြစ်ပါတယ်။ အဲဒီဂေဟာကို ၂၀၀၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ လူမှုထမ်းဦးစီးဌာနတို့က ပူးပေါင်း ဖွင့်လှစ်ထားတာပါ။ ရန်ကုန်မြို့က အိုးအိမ်မဲ့ လမ်းပေါ်မှာ ရောက်ရှိနေတဲ့သူတွေကို ထိန်းသိမ်းထားတဲ့ ဂေဟာလည်း ဖြစ်ပါတယ်။
လေးဧက ကျယ်ဝန်းလှတဲ့ အဲဒီနေရာလေးမှာ သီဟိုပင်တွေ၊ သရက်ပင်တွေ စတဲ့အေးချမ်းတဲ့ အရိပ်တွေနဲ့အတူ တစ်ထပ် တိုက်တန်းရှည်တွေကို မြင်တွေ့နိုင်ပြီး အဲဒီတိုက်တန်းလေးတွေထဲကို ဝင်လိုက်တာနဲ့ “မင်္ဂလာပါ” ဆိုတဲ့ နှုတ်ဆက်သံတွေကို စီညံစွာ ကြားရမှာဖြစ်ပါတယ်။
ဂေဟာမှာ စွန့်ပစ်ခံသူ ၁၀၉ ဦးယောက်ရှိပြီး ထက်ဝက်ကျော်ခန့်ကတော့ အဘိုးအဘွားတွေဖြစ်ပါတယ်။ ဂေဟာကို ရောက်ရှိလာသူ အများစုက စိတ်ကျန်းမာရေး မကောင်းသူတွေဖြစ်ကြပါတယ်။ ဂေဟာမှာ ဝန်ထမ်းကိုးဦးရှိပြီး အဘိုးအဘွားတွေရဲ့ ဝေယျာဝစ္စတွေကို အချင်းချင်းက ကူညီစောင့်ရှောက်ပေးနေတာပါ။ အစားအသောက်အတွက် နေ့စဉ်အလှူရှင်တွေ ရှိနေပေမယ့်လည်း တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ အခန်းသန့်ရှင်းရေးအတွက် စောင့်ရှောက်ပေးမယ့်သူ လိုအပ်နေတဲ့ အနေအထားပါ။
နေထိုင်ဖို့အတွက် တစ်ထပ်တိုက်ခန်းရှည်လေးဆောင်ရှိပြီး အမျိုးသမီးဆောင်နဲ့ အမျိုးသားဆောင်ဆိုပြီး ခွဲခြားထားပါတယ်။ တိုက်ခန်းတစ်ခုမှာတော့ ကုတင် ၂၈ ခုတင်ကနေ ၃၄ ကုတင်အထိရှိကြပါတယ်။
အမျိုးသမီးတိုက်တန်းရဲ့ အစွန်ဆုံးက ကုတင်မှာတော့ ဂေဟာရဲ့ အသက်အကြီးဆုံးဖြစ်ပြီး အသက် ၁၀၉ နှစ် ရှိပြီဆိုတဲ့ အဘွားရှမ်း နေထိုင်ပါတယ်။ ရှမ်းပြည်နယ်က မိသားစုနဲ့အတူ ဘုရားဖူးလာခဲ့ရင်း မိသားစုက စွန့်ပစ်ထားခဲ့တဲ့အတွက် အမေရှမ်းလို့ ခေါ်ကြတာပါ။ ဆေးလိပ်ကို မီးညှိသောက်နေရင်း တစ်ခုခုကို တွေးတောနေဟန်ပေါက်တဲ့ အမေရှမ်းက ဂေဟာကို စတင်တည်ထောင်စဉ်ကတည်းက ရောက်ရှိနေသူလည်း ဖြစ်ပါတယ်။ အသက်ကြီးနေပေမယ့် သွက်လက် ကျန်းမာပုံပေါက်တဲ့ အမေရှမ်းကတော့ ဂေဟာတစ်ခုလုံးကို လျှောက်သွားတတ်ပြီး သူသောက်မယ့်ရေကိုလည်း သူ့အဆောင်ရဲ့ အပြင်ဘက် အနည်းငယ်လှမ်းတဲ့နေရာအထိ သူကိုယ်တိုင် သွားရောက်ခပ်ယူတတ်ပါတယ်။
သူရဲ့ မိသားစုနဲ့ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာတော့ သူမက မဖြေကြားလိုကြောင်း ပြောပါတယ်။
ဒီဂေဟာမှာရှိတဲ့ အဘိုးအဘွားအများစုက အဘွားရှမ်းလိုပဲ မိသားစုက စွန့်ပစ်သွားသူတွေ၊ ခရီးသွားရင်းထားခဲ့သူတွေနဲ့ လမ်းဘေးမှာ တောင်းရမ်းစားသောက်တဲ့ အဘိုးအဘွားတွေ ဖြစ်ပါတယ်။
ဂေဟာထဲမှာ မေးမြန်းနေတုန်းမှာပဲ သက်ကြီးရွယ်အို အဘိုးအဘွားအချို့ကို တင်ဆောင်လာတဲ့ ရဲကားတစ်စီး ရောက်လာတာကို တွေ့ရပါတယ်။ ဒီကားက ဂေဟာကို တစ်လနှစ်ကြိမ်လောက် ရောက်လာတတ်ပါတယ်။ မြို့လယ်ခေါင်မှာ တောင်းရမ်းနေသူတွေကို ခေါ်ဆောင်ပြီး လာရောက်ပို့ဆောင်တာဖြစ်ပါတယ်။
ခဏအကြာမှာတော့ ခေါ်ဆောင်လာတဲ့ အဘိုးဘွားတွေ တောင်းရမ်းရရှိလာတဲ့ငွေတွေကို ရေတွက်ပေးနေတဲ့ မြင်ကွင်းကို တွေ့မြင်ရပါတယ်။ အဲဒီအထဲကမှ လူရည်ခပ်သန့်သန့်နဲ့ လက်ရှည်အကျီအပြာဖျော့ရောင် ခပ်နွမ်းနွမ်းကို ဝတ်ဆင်ထားပြီး အစိမ်းရောင်ဦးထုတ်အဝိုင်းကို ဆောင်းထားတဲ့ အဘိုးဦးသောင်းတင်ရဲ့ အကြောင်းကို မေးကြည့်မိပါတယ်။
သူကတော့ ဧရာဝတီတိုင်းဒေသကြီးက လာရောက်တာလို့ ဆိုပါတယ်။
“သမီးက အစာအိမ်ရောဂါဖြစ်နေတော့ ကုအောင်ဆိုပြီး အလှူလေးခံနေတုန်း ဆွဲတင်လာတာ။ တောင်းပန်လို့ မရဘူး။ မျက်စိတောင် မခွဲရဘူး။ အရင်က တောင်းတွေ ထမ်းရောင်းတယ်။ ပွင့်ပွင်းလင်းလင်း ပြောတောင်းတာပါ။ (ကျပ်) နှစ်ထောင် သုံးထောင်ပဲ ရှိသေးတယ်။ ကားပေါ်ဆွဲတင်လာတယ်” လို့ သူက ပြောပါတယ်။
သူ့သမီးရှိတဲ့နေရာကို ပြန်ပို့ပေးဖို့အတွက် မျက်ရည်တွေစီးကျပြီး အကူအညီ တောင်းနေပါတယ်။ နောက်တစ်ကြိမ် ထပ်မတောင်းတော့ဘူးလို့လည်း ထပ်ခါထပ်ခါ အာမခံပြောကြားနေပါသေးတယ်။ ဦးသောင်းတင် ဂေဟာကို ရောက်ရှိလာတာ နှစ်ကြိမ်ရှိပြီလို့ ဆိုပါတယ်။ လာခေါ်တဲ့သူရှိတဲ့အတွက် ပြန်လွှတ်ပေးတဲ့နောက်မှာ ပြန်လည် တောင်းရမ်းမှုကြောင့် ထပ်မံခေါ်ဆောင်ခံရတာလည်း ဖြစ်ပါတယ်။ ဂေဟာကို ရောက်ရှိလာတဲ့ဲ့ အဘိုးဘွားတွေ အများစုက မိသားစုစီးပွားရေးကို တစ်စိတ်တစ်ပိုင်း ကူညီပေးဖို့အတွက် တောင်းရမ်းသူတွေဖြစ်ပြီး စည်ပင်ရဲက ဖမ်းလာလိုက်၊ ပြန်ထွက်လိုက်တွေလည်း ရှိပါတယ်။
ဂေဟာကို ရောက်ရှိနေသူတွေထဲကနေ အထောက်အထားနဲ့ လာရောက်ခေါ်ယူသူတွေကိုတော့ ပြန်လည် ပို့ဆောင်ပေးတယ်လို့ ဂေဟာရဲ့ဝန်ထမ်းဟောင်းတစ်ဦးဖြစ်တဲ့ ဦးရဲအောင်က ပြောပါတယ်။
“လမ်ေးဘး အမြင်မတော်တာတွေကို ထိန်းသိမ်းရင်း ညီအစ်ကိုမောင်နှမတွေ၊ ဆွေမျိုးတွေ ပတ်သက်တဲ့သူတွေက ရောက်လာပြီး ပတ်သက်တဲ့ ထောက်ခံစာတွေ တင်ပြရင် ပြန်ထည့်ပေးတယ်။ တစ်ခါတစ်လေကျတော့ ဖြေလျော့ပြီး သူတို့ကို ဝန်ခံချက် လက်မှတ်ထိုးပြီး ပြန်အပ်ပေးလိုက်တယ်။ ဆွေမျိုး၊ ညီအစ်ကိုမောင်နှမက လာမခေါ်သူ ခိုးကိုးရာမဲ့၊ အခြေနေမဲ့ ထိန်းသိမ်းတဲ့စခန်း ဖြစ်ပါတယ်။ ခိုးကိုးရာမဲ့အဖြစ် အဖိုးအဖွားတွေက များလာတယ်။ အခြေအနေမဲ့တွေ ထိန်းသိမ်းရင်းနဲ့ ခေါ်မယ့်သူမရှိတော့ ဒီမှာပဲ ထိန်းသိမ်းထားတယ်” လို့ သူက ပြောပါတယ်။
သက်ကြီးရွယ်အိုတွေကို မိသားစုတွေက စောင့်ရှောက်ပေးတာဟာ မြန်မာနိုင်ငံမှာ ထုံးထမ်းအစဉ်အလာတစ်ခုဖြစ်ပြီး ဒီလိုလုပ်ဆောင်တာဟာ ကုသိုလ်ဖြစ်စေတယ်လို့ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ဒီအစဉ်အလာဟာ ပျက်စီးစ ပြုနေပါပြီ။
တိကျတဲ့ စာရင်းဇယားတွေ မရရှိနိုင်တဲ့အတွက် အဘိုးအဘွားတွေကို စွန့်ပစ်မှုတွေ ဘယ်လောက်အထိ ရှိလာလဲဆိုတာ အတိအကျ မသိနိုင်ပေမယ့် စွန့်ပစ်မှုတွေ ပိုများလာတယ်ဆိုတာကိုတော့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်နေတဲ့ ဂေဟာတစ်ချို့ထံက သိရပါတယ်။ သက်ကြီးဘိုးဘွားတွေကို အမှိုက်ပုံနေရာတွေ၊ သစ်ပင်အောက်တွေ၊ ရထားလမ်းတွေနဲ့ ဇရပ်တွေမှာ စွန့်ပစ်ခဲ့မှုတွေ များပြားနေပြီး ပရဟိတအဖွဲ့တွေ၊ တွေ့မြင်တဲ့သူတွေ၊ စည်ပင်ဌာနရဲတွေက ဂေဟာတွေကို ပို့ဆောင်ပေးကြလေ့ရှိပါတယ်။
ဒီလို စွန့်ပစ်တာတွေ များလာတာကတော့ လူတွေရဲ့ အကျင့်စာရိတ္တချို့ယွင်းလာမှုနဲ့အတူ စီးပွားရေးအခြေအနေတွေကြောင့်လို့ အများစုက သုံးသပ်ပြောကြားကြပါတယ်။
စွန့်ပစ်ခံခဲ့ရတဲ့ အဘိုးဘွားတစ်ချိုု့ကတော့ သူတို့ကို မိသားစုဝင်တွေက ပြန်လာခေါ်မှာပဲဆိုတဲ့ ယုံကြည်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ စွန့်ပစ်ခံရသူတွေကို ကူညီစောင့်ရှောက်ပေးတဲ့ ခိုလှုံရာ ပရဟိတဂေဟာ တည်ထောင်သူ ဒေါ်သင်းရွှေစင်လှိုင်က ပြောပါတယ်။
“ပြန်မပို့ရင် ကိုယ့်ကိုကိုယ် သတ်သေမယ်ဆိုပြီး ခုန်ချမယ်လုပ်၊ အခြားသူတွေ ခေါင်းရိုက်ခွဲ လုပ်နေတယ်။ ပြန်ပို့ရင် ဘယ်ကို ပို့ရမှန်း မသိဘူး။ သူတို့ရဲ့စိတ်ထဲမှာ သားသမီးကို ယုံကြည်ချက် မလျော့သေးဘူး။ သူတို့ပြန်သွားရင် စောင့်ရှောက်မယ်လို့ ယုံကြည်ကြတယ်။ သူူတို့လက်ရှိ အခြေအနေကို မေ့ပြီး မိသားစုကို တမ်းတကြတယ်” လို့ သူမက ပြောပါတယ်။
ဂေဟာကို စတင်တည်ထောင်စဉ်က ရန်ကုန်တိုင်းဒေသကြီး အစိုးအရအဖွဲ့က ကျပ်သိန်း ၁,၀၀၀ မတည်လှူဒါန်းခဲ့ပြီး အဲဒီငွေကို ဘဏ်မှာ အပ်နှံထားပါတယ်။ အပ်နှံငွေကရရှိတဲ့ ဘဏ်အတိုးနှုန်းနဲ့ အလှူရှင်တွေ လှူဒါန်းမှုတွေကို စုပေါင်းပြီး ဂေဟာကို လည်ပတ်နေတာ ဖြစ်ပါတယ်။
ဂေဟာမှာ စောင့်ရှောက်ထားသူတွေ တိုးပွားလာတာနဲ့အမျှ သန့်ရှင်းရေးဝန်ထမ်းနဲ့ ဘိုးဘွားတွေစောင့်ရှောက်ဖို့ ဝန်ထမ်းနှစ်ဦးကို မကြာမီ ထပ်မံခေါ်ယူသွားမယ်လို့ ဂေဟာရဲ့ အတွင်းရေးမှူးဦးအောင်ငွေက ပြောပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ သက်ကြီးစောင့်ရှောက်မှုဂေဟာ ၈၂ လုံးရှိပြီး လူဦးရေ ၃,၀၀၀ ကျော်ကို စောင်ေ့ရှာက် ပေးနေပါတယ်။ အချို့သော လူမှုစောင့်ရှောက်ရေး ဂေဟာတွေကတော့ အလှူရှင်တွေရဲ့ အကူအညီနဲ့ ရပ်တည်နေတာပါ။
အစိုးရက အသိအမှတ်ပြုထားတဲ့ သက်ကြီးစောင့်ရှောက်မှုဂေဟာတွေကို အဆင့်သုံးဆင့် ခွဲကာ သတ်မှတ်ထားပြီး တစ်နှစ်အတွက် ဘိုးဘွားတစ်ဦးကို ကျပ် ၅၄,၀၀၀ ကျပ်ကနေ ၅၀,၇၀၀၀ အထိ ထောက်ပံ့ပေးတယ်လို့ သိရပါတယ်။
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်ခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ အသက် ၆၀ နှစ်နဲ့အထက် ဘိုးဘွား ၄ ဒသမ ၅ သန်းရှိပြီး မှီခိုနေရတဲ့သက်ကြီးရွယ်အိုက လူဦးရေရဲ့ ကိုးရာခိုင်နှုန်း ရှိပါတယ်။
မြန်မာနိုင်ငံမှာ အသက် ၆၀ နှစ်နဲ့ အထက်ရှိတဲ့ နိုင်ငံသားအားလုံးကို သက်ကြီးရွယ်အိုလို့ သတ်မှတ်ကြပြီး ၇၄ ဒသမ ၄ ရာခိုင်နှုန်းက မိသားစုဝင်တွေနဲ့ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။
သက်ကြီးရွယ်အိုတွေအားလုံးကို စောင့်ရှောက်ပေးဖို့အတွက်လည်း အစိုးရက အစီအမံတွေ ချမှတ်ဆောင်ရွက်နေပါတယ်။
ဒီလိုဆောင်ရွက်ပေးရာမှာ အသက် ၉၀ နှစ်နှင့်အထက် ဘိုးဘွားတွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တစ်ဦးချင်း ထောက်ပံ့မှုတွေ ပြုလုပ်ပေးနေပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ကျပ် ၃,၇၅၈ သိန်း ထောက်ပံ့ပေးခဲ့ပါတယ်။
အသက် ၉၀ နှင့်အထက် ဘိုးဘွား ၂၃,၅၅၈ ဦးအတွက် တစ်ဦးကို ကျပ် ၁၅,၀၀၀ စီနဲ့ အသက် ၁၀၀ နှစ်နှင့် အထက် ဘိုးဘွား ၁,၁၂၃ ဦးအတွက် ကျပ် ၂၀,၀၀၀ စီ ထောက်ပံ့ခဲ့တာဖြစ်ပါတယ်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာမှာလည်း အသက် ၉၀ နှင့်အထက် ဘိုးဘွားတွေကို သုံးလတစ်ကြိမ် ကျပ် တစ်သောင်း ထောက်ပံ့ပေးဖို့ရှိတယ်လို့ သိရပါတယ်။
သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရဲ့ ပျမ်းမျှသက်တမ်းက ၆၇ နှစ်ဖြစ်ပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ ပြည်ထောင်စုအစိုးရရဲ့ ရံပုံငွေကနေ ခွဲဝေတောင်းခံထားပြီး ရရှိတဲ့အခါ အခုထောက်ပံ့နေတဲ့ အသက်ထက်လျော့ပြီး ကူညီထောက်ပံ့နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
သက်ကြီးရွယ်အိုတွေကို ထောက်ပံ့မှုတွေဟာ နှစ်ပေါင်းများ လျစ်လျူရှုခံခဲ့ရပြီးနောက် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာမှ ပြန်လည် အသက်ဝင်လာတာဖြစ်တဲ့အတွက် စိန်ခေါ်မှုအဖြစ် ရှိနေဆဲပါ။
လက်ရှိအချိန်မှာတော့ အသက်ကြီးရင့်သူ အဘိုးဘွားအများစုက မိသားစုဝင်တွေကိုသာ မှီခိုနေရဆဲပါ။
အဲဒါကြောင့် အကြောင်းအမျိုးမျိုးနဲ့ မိသားစုဝင်တွေက စွန့်ပစ်ခဲ့တဲ့အခါ ဘိုးဘွားတွေဟာ ခိုကိုးရာမဲ့ဘဝကို ရောက်ကြရပါတော့တယ်။
ဒါ့အပြင် စွန့်ပစ်ခံရတဲ့ ဘိုးဘွားတွေမှာ အထောက်အထား စာရွက်စာတမ်းတွေ မရှိကြတာကြောင့် အစိုးရထံက ထောက်ပံ့ပေးမှုတွေကို ရရှိဖို့လည်း ခက်ခဲလေ့ရှိပါတယ်။
အစိုးရရဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေး အစီအစဉ်အရ အထောက်အပံ့ကို ရရှိဖို့အတွက် အသက်အရွယ် ဖော်ပြထားတဲ့ အထောက်အထား၊ ဥပမာ အိမ်ထောင်စုဇယား၊ မှတ်ပုံတင်နဲ့ အခြားအထောက်အထားတွေ လိုအပ်ပါတယ်။
ဒါပေမယ့် စွန့်ပစ်ခံရသူအများစုကတော့ မည်သည့် အထောက်အထားမှ မပါလာတတ်တဲ့အတွက် ဒီလိုထောက်ပံ့မှုမျိုး ရဖို့ခက်ခဲတယ်လို့ ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ စွန့်ပစ်ခံရသူတွေကို ကူညီစောင့်ရှောက်ပေးတဲ့ ခိုလှုံရာပရဟိတဂေဟာ တည်ထောင်သူ မသင်းရွှေစင်လှိုင်က ပြောပါတယ်။
စွန့်ပစ်ခံ ဘိုးဘွားတွေအတွက် ဂေဟာတွေကို ပိုမိုဖွင့်လစ်ပေးသင့်သလို သက်ကြီးရွယ်အို ဘိုးဘွားတွေအတွက် ဂေဟာတစ်ချို့က သတ်မှတ်ထားတဲ့ အကန့်အသတ်တွေ ဖြေလျော့ပေးသင့်တယ်လို့လည်း သူက ဆိုပါတယ်။
“ဘဝအာမခံချက် ရှိစေချင်တာ။ အသက်ကြီးပြီးတော့ စွန့်ပစ်ခံရပြီးမှ လုပ်ပေးတာထက် စွန်ပစ်မခံရခင်ကတည်း ဘဝအာမခံချက်လေး ရှိစေချင်တယ်။ ကျန်းမာရေးစားရိတ်တွေ ပေးတာတွေ ဘာတွေ ပေးတာတွေ လုပ်ပေးစေချင်တယ်။ လူမှုဝန်ထမ်းက ကျန်းမာရေးကောင်းတာ ခေါ်တာများတယ်။ ထောက်ခံစာ၊ မှတ်ပုံတင်၊ ကျန်းမာရေးဆေးစစ်ချက်ပါရတယ်။ ဒါက စွန့်ပစ်ခံအဘိုးဘွားတွေ ရိပ်သာမှာနေဖို့ ဘောင်တွေ မဝင်ဘူး။ လမ်းဘေးမှာ စွန့်ပစ်ခံရတယ်၊ သိရင်ခေါ်သလို မသိရင် ဒီအတိုင်း သေသွားတာရှိတယ်” လို့ သူက ပြောပါတယ်။
အသက် ၆၀ နှစ်နဲ့အထက် သက်ကြီးရွယ်အိုဦးရေက၂၀၅၀ ပြည့်နှစ်မှာ ၁၃ သန်းအထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ သက်ကြီးရွယ်အို စောင့်ရှောက်မှုတွေ ပြုလုပ်နေပေမယ့်လည်း စိန်ခေါ်မှုတွေ များစွာရှိနေဆဲပါ။
မှော်ဘီလူမှုစောင့်ရှောက်ရေးဂေဟာကို ရောက်ရှိလာတဲ့ အဘိုးခွေးလေးကတေ့ သူရဲ့ ခံစားချက်ကို အခုလိုပြောပြပါတယ်။
“သက်ကြီးဘိုးဘွားတွေ နေတဲ့နေရာမှာ မနေချင်ဘူး။ စိတ်ထဲ မလွတ်လပ်ဘူး။ အိမ်မှာပဲနေချင်တယ်။ အိမ်မှာက လွတ်လွတ်လပ်လပ် နေလို့ရတယ်။ ရေဒီယိုဖွင့်နားထောင်တယ်။ လွတ်လွတ်လပ်လပ်နဲ့ စိတ်ချမ်းသာတယ်” လို့ သူကပြောပါတယ်။