ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လနောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် တိုက်ခိုက်မှုများအတွင်း ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ထွက်ပြေးသွားကြသူများအား ပြန်လည်လက်ခံသည့်လုပ်ငန်းစဉ်ကို ပြန်လည်စတင်နိုင်ရန် ပြင်ဆင်နေသည်ဟု မြန်မာအမြဲတမ်းကိုယ်စားလှယ်က ကုလသမဂ္ဂ၌ ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလ နှောင်းပိုင်းတွင် ရရှိခဲ့သော နှစ်ဖက်သဘောတူညီချက်အရ ဘင်္ဂလားဒေရှ့်တွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာမူဆလင် ခုနစ်သိန်းကျော်အနက် စစ်ဆေးပြီးသော ဒုက္ခသည် ၂,၂၀၀ အား နိုဝင်ဘာ ၁၅ ရက်တွင် နေရပ်ပြန်ရေးအတွက် ပြန်လည်လက်ခံရန် စီစဉ်ထားခဲ့သည်။
မြန်မာအစိုးရက တစ်ရက်လျှင် ဒုက္ခသည် ၁၅၀ အထိ လက်ခံရန် သဘောတူထားသည်။ သို့သော် စစ်ဆေးပြီးသူများထဲမှ တစ်ဦးတစ်ယောက်မျှ မြန်မာနိုင်ငံသို့ ပြန်မလာကြသေးသလို ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း မပြန်လိုသူများကို ဇွတ်အတင်းမပြန်ခိုင်းရန် ဆုံးဖြတ်ထားသည်။
ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများကလည်း ရခိုင်မြောက်ပိုင်းအခြေအနေမှာ ဒုက္ခသည်များ ဘေးကင်းကင်းနှင့် သိက္ခာရှိရှိပြန်ရန် မသင့်တော်သေးဟု သတိပေးပြောဆိုနေသည်။
သို့သော် ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်ဖြစ်သူ ဦးကျော်မိုးထွန်းကမူ စိစစ်ပြီး နေရပ်စွန့်ခွာသူများအား မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား သဘောတူညီချက်များနှင့်အညီ ပြန်လည်လက်ခံရန် မြန်မာအစိုးရအနေဖြင့် အဆင်သင့်ရှိကြောင်းကို ထပ်လောင်းအတည်ပြု ပြောကြားလိုသည်ဟု မတ် ၂၁ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် ပြောကြားသည်။
“မိမိဆန္ဒအလျောက် နေရပ်ပြန်လာလိုသည့် ဟိန္ဒူဘာသာဝင် ၄၄၄ ဦး အပါအဝင် စိစစ်ပြီးသော နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်နိုင်ရန်အတွက် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ဧပြီလအတွင်း ကျင်းပရန် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ယခင်လက အကြောင်းကြားခဲ့ပြီး ဖြစ်သည်” ဟု ဦးကျော်မိုးထွန်းက ပြောကြားသည်။
ထို့ပြင် နေရပ်ပြန်လာမည့်သူများအတွက် သင့်တင့်လျောက်ပတ်သော ပတ်ဝန်းကျင် ဖန်တီးပေးရေးအတွက် UNDP၊ UNHCR အပြင် အာဆီယံနှင့် ဒေသတွင်းနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဘင်္ဂလားဒေရှ့်တွင် ရောက်ရှိနေကြသူများ နေရပ်ပြန်ရေးအတွက် အဓိကအဟန့်အတားမှာ နိုင်ငံသားဖြစ်ခွင့်ရရေးပင် ဖြစ်သည်။
ပြန်လာသူများသည် အစိုးရ၏ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ် (NVC) အစီအစဉ်တွင် စာရင်းသွင်းရမည်ဖြစ်သည်။ ထိုမှတဆင့် နိုင်ငံသားဖြစ်ခွင့်လျှောက်ထားမှုကို စဉ်းစားမည်ဖြစ်သည်။ ရိုဟင်ဂျာခေါင်းဆောင်များကမူ NVC လုပ်ငန်းစဉ်ကို ငြင်းပယ်ထားကြပြီး မြန်မာအစိုးရက နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးမှသာ နေရပ်ပြန်မည်ဟု ဆိုထားကြသည်။