နေပြည်တော်၊ အောက်တိုဘာ ၅
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်သလို နိုင်ငံခြားရေးနဲ့ သမ္မတရုံးဝန်ကြီးဌာနတွေရဲ့ ပြည်ထောင်စုဝန်ကြီး တာဝန်တွေကို ထမ်းဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် နေထိုင်တဲ့ နေပြည်တော်က နေအိမ်အနီးမှာ လုံခြုံရေးအဆင့် တိုးမြှင့်ထားတာ တွေ့ရပါတယ်။
ပြည်ထောင်စုနယ်မြေဖြစ်တဲ့ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျာသိဒ္ဓိရပ်ကွက်၊ မြနန်းဘုံသာလမ်းမှာ တည်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကိုဝင်တဲ့ လမ်းထိပ်မှာ မော်တော်ယာဉ်တွေကို ရပ်တန့်စစ်ဆေးနိုင်ဖို့ မောင်းတံဂိတ်တစ်ခု တပ်ဆင်ထားပြီး လုံခြုံရေးကင်းတဲတစ်ခုကိုလည်း တည်ဆောက်ထားပါတယ်။
နိုင်ငံအတွက် ကြီးလေးတဲ့ တာဝန်တွေ ထမ်းဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် ပြည်သူတွေက စိုးရိမ်ပူပန်မှုတွေ ရှိနေချိန်မှာ အခုလို လုံခြုံရေး တိုးမြှင့်လိုက်တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ထွက်ပေါ်လာခဲ့တဲ့ အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ ISIS တို့ရဲ့ ခြိမ်းခြောက်စာထဲက ၎င်းတို့ရဲ့ ပစ်မှတ်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်တယ်လို့ ဆိုထားတာကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအဆင့်အတန်းကို တိုးမြှင့် ကာကွယ်စောင့်ရှောက်နေတယ်လို့ ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လအတွင်းက ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတို့ကို နှစ်ပတ်ကျော်ကြာ ခရီးသွားရောက်ခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့အခါ ခရီးပန်းခြင်း၊ အားနည်းခြင်း၊ လည်ပင်း ကျီးပေါင်းတက်ခြင်းနဲ့ အစာအိမ်ဝေဒနာများ ခံစားခဲ့ရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရန်ကုန်က နေအိမ်မှာ ရက်အနည်းငယ် အနားယူပြီးတဲ့နောက် အလုပ်တာဝန်တွေကို နားနားနေနေ ပြန်လည်ထမ်းဆောင်နေပေမယ့် နိုင်ငံတကာက အရေးကြီးဧည့်သည်အချို့ကို နေအိမ်မှာပဲ လက်ခံတွေ့ဆုံနေပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ Mr. John Bercow ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို အောက်တိုဘာ ၄ ရက်နေ့က နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်က ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့ပါသေးတယ်။
သတင်း-ဉာဏ်လှိုင်လင်း