ရန်ကုန်၊ ဇန်နဝါရီ ၂၂
နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၁၀၁ ဦးတွင် နယူးဇီလန်နိုင်ငံသား ဖိလစ်ဘလက်ဝုဒ်လည်း ပါဝင်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ)နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ သိရသည်။
အသက် ၃၃ နှစ်အရွယ်ရှိ ဘလက်ဝုဒ်သည် ဘားကြော်ငြာတွင် နားကြပ်တပ်ထားသော ဗုဒ္ဓရုပ်ပုံအသုံးပြုမှုကြောင့် ၂၀၁၅ ခုနှစ်၊ မတ်လတွင် ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းနှင့်အတူ ထောင်ဒဏ်ချမှတ်ခံရသော ၎င်း၏ လုပ်ဖော်ကိုင်ဖက်နှစ်ဦးဖြစ်သူ ထွန်းသူရိန်နှင့် ထွဋ္ဋ်ကိုကိုလွင်တို့ ပြန်လည်လွတ်မြောက်လာခြင်း ရှိမရှိကိုမူ မသိရှိရသေးပေ။
ယနေ့လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်သည့် အကျဉ်းသား ၁၀၁ ဦး၏ စာရင်းကို အေအေပီပီက စစ်ဆေးနေဆဲဖြစ်သည်။ ယနေ့ နံနက် ၁၀ နာရီခွဲခန့်အထိ နိုင်ငံရေးအမှုများဖြင့် ထောင်ကျနေသူ ၃၀ ခန့် လွတ်မြောက်လာပြီ ဖြစ်သည်။
ဘလက်ဝုဒ်အား ယနေ့မွန်းလွဲ ၂ နာရီတွင် ထောင်မှလွှတ်ပေးမည်ဖြစ်ကာ မြန်မာနိုင်ငံမှ ချက်ချင်း ထွက်ခွာရမည်ဖြစ်သည်။
၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန် တာဝန်ယူပြီးနောက် အကျဉ်းသား အများအပြားအား လွတ်ငြိမ်းချမ်းသာခွင့်များ ပေးခဲ့သည်။ ပြီးခဲ့သည့် နှစ်ဇွန်လက အကျဉ်းသား ၇,၀၀၀ အား နောက်ဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာတွင် ကချင်ပြည်နယ်တွင် သစ်ခိုးမှုဖြင့် ထောင်ချခံထားရသည့် တရုတ်နိုင်ငံသားများလည်း ပါဝင်ခဲ့သည်။
အေအေပီပီက ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ချက်အရ အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား ၁၃၁ ဦး ကျန်ရှိနေဆဲဖြစ်သည်။