ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီရံပုံငွေနဲ့ ရခိုင်အရေးကိစ္စတွေကို Frontier က မေးမြန်းခဲ့ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ ပါတီရုံးချုပ်မှာ ဒီနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ထူးခြားတာက အရပ်သား ၉၅ ရာခိုင်နှုန်းနဲ့ သွေးသစ်လောင်း ဖွဲ့စည်းထားတယ်လို့ ဒီနေ့ထုတ်ပြောလိုက်တဲ့ သတင်းစာရှင်းလင်းပွဲကို မျက်နှာသစ်တွေက ဦးဆောင်ရှင်းလင်းခဲ့တာပါ။
စီနီယာတွေထဲက ဗဟိုအတွင်းရေးမှူးနှစ်ဦးဖြစ်တဲ့ ဦးပိုက်ထွေးနဲ့ ဒေါက်တာပွင့်စန်းတို့သာပါဝင်ပြီး ဦးတင်အောင်ချစ်(ဗဟိုအတွင်းရေးမှူး)၊ ဒေါက်တာ နန္ဒာလှမြင့် (ပြောရေးဆိုခွင့်ရှိသူ)၊ ဦးလှသိန်း (ဗဟိုကော်မတီဝင်)တို့ဟာ သူတို့ရဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲဆိုပေမယ့် အဓိက ရှင်းလင်း ပြောဆိုသူတွေအဖြစ် ဖြေကြားခဲ့ကြပါတယ်။
အဲဒီသတင်းစာရှင်းလင်းပွဲမှာ Frontier မှ ဉာဏ်လှိုင်လင်းက မေးခွန်းလေးခု မေးမြန်းခွင့်ရခဲ့ပြီး ပါတီ တာဝန်ရှိသူတွေက ၁၅ မိနစ်ခန့်ကြာအောင် ဖြေကြားပေးခဲ့တဲ့အထဲက ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီရဲ့ ပိုင်ဆိုင်မှုနဲ့ ဝင်ငွေရပေါက်ရလမ်းကို ထုတ်ပြန်နိုင်ပြီလား။
ဦးတင်အောင်ချစ် (ဗဟိုအတွင်းရေးမှူး)
ကျွန်တော်ဖြေတဲ့ဟာက နည်းနည်းလေး အဓိပ္ပာယ်တစ်မျိုးပေါက်သွားရင် ခွင့်လွှတ်ပေးပါ။ မေးခွန်းလေးကို အမေးလေးနဲ့ပဲ ပြန်မေးချင်ပါတယ်။ ဒီနေ့တည်ရှိနေသော အသင်းအဖွဲ့များ၊ ပါတီများ၊ နောက်ဆုံးပေါ့ ပြည်သူများ ယခင်တုန်းက ကျယ်ကျယ် လောင်လောင်အော်ခဲ့ကြတဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ပိုင်ဆိုင်မှုတွေကိုရော ထုတ်ပြန်ကြေညာနိုင်ခဲ့ပြီလား။ အဲဒီလိုရှိခဲ့ပြီဆိုရင်တော့ ကျွန်တော်တို့ဖက်ကလည်း ထုတ်ပြန်ပေးဖို့ ဝန်လေးမှာမဟုတ်ပါဘူး။
ဒေါက်တာနန္ဒာလှမြင့် (ပြောရေးဆိုခွင့်ရှိသူ)
နံပါတ်တစ်ပြောချင်တာက အများစွပ်စွဲနေတဲ့ ပြည်သူ့ဘဏ္ဍာနဲ့ ပြည်ခိုင်ဖြိုးပါတီက ဆောင်ရွက်နေပါတယ်၊ မြေယာပိုင်ဆိုင်မှုတွေ၊ အဆောက်အဦးပိုင်ဆိုင်မှုတွေ၊ ငွေကြေးပိုင်ဆိုင်မှုတွေက ပြည်သူ့ဘဏ္ဍာလို့ ပြောတယ်။ ကောင်းပြီ။ လုံးကောက်ပြီးတော့မှ ပြည်သူ့ဘဏ္ဍာလို့ပြောရင် ဘယ်ဟာကို ပြည်သူ့ဘဏ္ဍာလို့ ပြောလို့ရလဲလို့ တိတိကျကျ ပြောစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က အောက်ခြေကလာတဲ့သူတွေဖြစ်တဲ့ အတွက် အောက်ခြေမှာ အသင်းဘဝတုန်းက လုပ်ခဲ့ကိုင်ခဲ့တာတွေကို ကိုယ်တိုင်အသိဆုံးဖြစ်ပါတယ်……..။
ကျွန်တော်တို့လုပ်ကတဲ့ အလုပ်က စိတ်တူကိုယ်တူ လူငယ်တွေစုစည်းပြီး လူမှုရေးအသင်းမှာ စတင်ပါဝင်ပြီးတော့မှ မြို့ရဲ့သာရေးနာရေးလုပ်ငန်းတွေမှာ မြို့ရဲ့ လူငယ်အင်အားစုတစ်ရပ်အဖြစ် ပါဝင်လှုပ်ရှားခဲ့ရတာဖြစ် ပါတယ်………….. ။ လူငယ်လေးတွေစုစည်းနိုင်ဖို့အတွက် နေရာတို့၊ ရန်ပုံငွေတို့ လိုအပ်ချက်တွေဖြစ်လာပါတယ်။ အဲဒီလိုဖြစ်လာတဲ့အခါမှာ အသင်းရဲ့ တာဝန်ရှိတဲ့လူကြီးတွေကို တင်ပြတဲ့အခါမှာ မြို့မှာရှိတဲ့ မြေလွတ်မြေလပ်တွေရှိရင် ဥပဒေနဲ့အညီ သက်ဆိုင်ရာကိုတင်ပြတယ်။ အစိုးရက မြေလွတ်တွေရှာပေးတယ်။ ပြီးတော့မှ ဥပဒေနဲ့ အညီ ဂရမ်ထုတ်ပေးပြီးတော့၊ ချပေးပြီးတော့မှ ကျွန်တော်တို့ဟာ ကျွန်တော်တို့စုပေါင်းပါဝင်ပြီးတော့မှ အချင်းချင်းရသမျှ ငွေလေးစုတယ်။ မော်တော်ယာဉ်လိုင်းတို့ဘာတို့ထောင်ပြီး ရတဲ့ရန်ပုံငွေ၊ နောက်တစ်ခုက ကျွန်တော်တို့ကို အားပေးတဲ့ ရပ်မိရပ်ဖတွေ၊ လုပ်ငန်းရှင်တွေကပေးတဲ့ ငွေလေးတွေနဲ့ စုပေါင်းပြီးတော့မှ ကျွန်တော်တို့ ရုံးကို ကျွန်တော်တို့ လေးငါးနှစ်လောက် ဆောက်ယူရပါတယ်။ ချက်ခြင်းမရပါဘူး။ ဘယ်နိုင်ငံတော် ဘတ်ဂျက်မှလည်း မပါပါဘူး၊ ဘယ်အစိုးရပိုင်ငွေမှမဟုတ်ပါဘူး။ ကျွန်တော်တို့သိမ်းထားတာ လည်းမဟုတ်ဘူး……………။
အသင်းကနေ ပါတီအဖြစ်ပြောင်းတဲ့အခါမှာ ကျွန်တော်တို့တွေကလည်း အသင်းအလုပ်အမှုဆောင်ကနေ ပါတီ အလုပ်အမှုဆောင် ဖြစ်လာပါတယ်။ ကျွန်တော်တို့ ရိုးသားစွာစီမံခဲ့တဲ့အသင်းဘဝက ပိုင်ဆိုင်မှုတွေအားလုံးကို ဘယ်ကမှ လာစီမံတာမဟုတ်ဖူး။ ကိုယ့်ဒေသရဲ့အကျိုးကို ကိုယ်လုပ်မယ့်ပါတီဝင်တွေက ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းရယူပြီးမှ ကျွန်တော်တို့က ဆောင်ရွက်ခဲ့တာဖြစ်တယ်။ ကျွန်တော်တို့ကိုပြောနေတာ ပြည်သူ့ဘဏ္ဍာလို့ ပြောနေတယ်။ အဲဒီဘဏ္ဍာက ဘယ်လိုအဓိပ္ပာယ်ဖွင့်မှာလဲ……။ တစ်ခါတစ်လေကျတော့ နိုင်ငံပိုင်ပစ္စည်း နိုင်ငံပိုင်ပစ္စည်း၊ မှန်ပါတယ်၊ အရင်အစိုးရက ဖွဲ့စည်းပေးခဲ့တဲ့ လူငယ်တွေပါဝင်တဲ့ လူမှုရေးအသင်းအဖွဲ့ဖြစ်တဲ့ အတွက် သူတို့စီမံခန့်ခွဲမှုနည်းလမ်းတွေအရ ခုနကလို မြေလွတ်မြေရိုင်းပိုင်ဆိုင်မှုတွေကို ကျွန်တော်တို့ လျှောက်တဲ့အချိန်မှာ ဆောင်ရွက်ပေးခဲ့တာ ရှိပါလိမ့်မယ်။ သို့သော်နိုင်ငံတော်ဘဏ္ဍာနဲ့ ကျွန်တော်တို့ရုံးတွေ ဆောက်ခဲ့တာမျိုး မဟုတ်ဘူး။ ရှိခဲ့ရင်လည်း တိတိကျကျထောက်ပြပြီးတော့ ပြောတာကောင်းပါတယ်……….။
ပြီးခဲ့တဲ့ ငါးနှစ်မှာလည်း အစိုးရလုပ်ခဲ့တယ်။ အဲဒီမတိုင်ခင်ကလည်း အစိုးရလုပ်ခဲ့တဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီဖြစ်တယ်။ ခုနက ဘင်္ဂါလီအရေးပြောတယ်၊ အနောက်တံခါးကိစ္စလည်း ပြောတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး လက်ရှိအစိုးရလုပ်နေတာတွေကို ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဘာတွေ ထောက်ပြအကြံပြုချင်ပါသလဲ။
ဦးလှသိန်း (ဗဟိုကော်မတီဝင်)
ကျွန်တော်တို့ရဲ့ သဘောထားထုတ်ပြန် ကြေညာချက်တွေ၊ စိတ်တူကိုယ်တူ ဆန္ဒတူဖြစ်တဲ့ နိုင်ငံရေးပါတီများ စုပေါင်းပြီးတော့ထုတ်တဲ့ သဘောထား ထုတ်ပြန်ကြေညာချက်တွေမှာ အားလုံးထောက်ပြပြီးဖြစ်ပါတယ်။
ဒေါက်တာနန္ဒာလှမြင့် (ပြောရေးဆိုခွင့်ရှိသူ)
ရှည်ရှည်ဝေးဝေးတော့ ဖြေလို့မရဘူး။ ကျွန်တော်တို့ တင်ပြလိုတာကတော့ မည်သည့်ဘာသာကိုပဲ ကိုးကွယ် ကိုးကွယ်၊ မည်သည့်လူမျိုးပဲဖြစ်ဖြစ်၊ ကျွန်တော်တို့မြန်မာနိုင်ငံသားဖြစ်ရင် မြန်မာနိုင်ငံသားများ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရဖို့ လိုတယ်။ အဲဒါတွေအားလုံးက ဥပဒေနဲ့အညီ ဖြစ်ဖို့လိုပါတယ်။ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်မှု ဥပဒေအရ စိစစ်တဲ့နေရာမှာ ဥပဒေနဲ့ညီတဲ့သူဟာ ကျွန်တော်တို့နိုင်ငံသားဖြစ်မှာပါ။ မညီတဲ့သူကတော့ နိုင်ငံသား မဖြစ်နိုင်ပါဘူး။ အဲဒီအပေါ်မှာ နှစ်ဖက်အဖွဲ့အစည်းက လက်ခံနားလည်ပြီးတော့ ကျင့်သုံးဆောင်ရွက်ဖို့ပဲ လိုပါတယ်။ အခြားနိုင်ငံရေးရည်ရွယ်ချက်၊ ကျွန်တော်တို့မမြင်နိုင်သော အကြောင်းတရား ရည်ရွယ်ချက်တွေ ဆောင်ရွက်လာတာကို ကျွန်တော်တို့နိုင်ငံသားများက ဘာသာတူလို့ပဲဖြစ်ဖြစ်၊ လူမျိုးတူလို့ပဲဖြစ်ဖြစ် နိုင်ငံသား ဖြစ်ချင်းမဖြစ်ချင်းကို အခြေမခံဘဲနဲ့ အခြားအကြောင်းအရာတွေကို အခြေခံပြီး ဆောင်ရွက်လာမယ်ဆိုရင်တော့ ဘယ်အစိုးရပဲတက်တက် ဘယ်သူပဲအုပ်ချုပ်အုပ်ချုပ် ကျွန်တော်တို့ တိုင်းပြည်က ဒီပြဿနာတွေရှိနေမှာ ဖြစ်ပါတယ်။
အရင်ငါးနှစ်ကလည်း အာဏာရပါတီဖြစ်ခဲ့တယ်။ အရင်တုန်းကလည်း အုပ်ချုပ်ရေးပိုင်းမှာပါခဲ့တဲ့သူတွေက ဟိုတုန်းက မလုပ်ဘဲနဲ့ ဘာဖြစ်လို့အခုကြမှ ဒီကိစ္စတွေကို အရေးကြီးတယ်ဆိုပြီး ပြောနေလုပ်နေတယ်လို့ ဝေဖန်မှုတွေရှိနေတဲ့ အပေါ်မှာရော ဘာများပြောချင်ပါသလဲ။
ဦးလှသိန်း (ဗဟိုကော်မတီဝင်)
ကျွန်တော်တို့တုန်းက လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ခဲ့တဲ့အတွက် လက်ရှိအခြေအနေနဲ့ ကျွန်တော်တို့တုန်းက အခြေအနေနဲ့မှာ အများကြီးကွာခြားပါတယ်။ ကျွန်တော်တို့တုန်းက အခုလို ကိုယ့်ပြည်တွင်းရေးဟာ ပြည်တွင်းမှာသာ ဖြေရှင်းရမယ်။ ကိုယ့်ရဲ့ မိသားစုအရေးဟာ မိသားစုသဏ္ဍာန်နဲ့ ကိုယ့်ပြည်တွင်းမှာသာ ညှိနှိုင်း ဖြေရှင်းပြီးတော့မှ ဆောင်ရွက်ရမယ်ဆိုတဲ့မူနဲ့ ဆောင်ရွက်တာပါ။ အခုလက်ရှိမှာ ကျွန်တော်တို့ ပြည်တွင်းရေးကို ပြည်ပက နိုင်ငံခြားသားတွေနဲ့၊ ပြည်ပက လူတွေနဲ့ ဖွဲ့စည်းပြီး လုပ်တယ်ကိုင်တယ်။ နောက်ဆုံးလက်ရှိအနေအထားကတော့ ကျွန်တော်တို့လည်း ပြောလို့မကောင်းဘူး။ ဘယ်လိုအနေအထားထိ ရောက်နေပြီလဲဆိုတာ။ ခင်ဗျားတို့ မီဒီယာသမားတွေ အသိဆုံးဖြစ်ပါလိမ့်မယ်။ ကမ္ဘာ့အဖွဲ့အစည်းအဆင့်ဆင့်တွေမှာ ဒီအကြောင်းအရာကြီးဟာ အခုထိရှင်းနေရတဲ့၊ မပြီးပြတ်သေးတဲ့ကိစ္စဖြစ်နေပြီးတော့မှ ဒီကနေ့ ဒီအရေးဟာ ပြည်တွင်းရေးကနေ နိုင်ငံတကာကပါ ဝင်ရောက်လာမယ့် အရေးမျိုးဖြစ်လာတဲ့ အနေအထားမျိုးရှိလာတာ အားလုံးရှုမြင်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့လက်ထက်ကတော့ လက်ရှိကာလထက် အများကြီး တိုးတက်အောင်၊ အခြေအနေကောင်းတစ်ခုဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့တယ်။ လက်ရှိအနေအထားကတော့ စောင့်ကြည့်ရမယ့်အနေအထား မျိုးဖြစ်တယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်။
နမူနာနှိုင်းယှဉ်ချက်တစ်ခုလောက်ပြောပြပေးပါ။ အနောက်တံခါးကိစ္စနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးလက်ထက်တုန်းက ဘယ်လိုဟာမျိုးတွေလုပ်နိုင်ခဲ့ပြီးတော့ အခုအစိုးရသစ်လက်ထက်မှာ ဘာတွေဖြစ်နေသလဲပေ့ါ။
ဦးလှသိန်း (ဗဟိုကော်မတီဝင်)
၁၉၆၂ ခုနှစ်ကနေစပြီးတော့ အစိုးရအဆက်ဆက်ပေါ့။ ဒီဖက်ပိုင်းကိုပြန်ကြည့်မယ်ဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့က ပြောင်းနေပြီဖြစ်ပါတယ်……… ။ ဒီဖက်ပိုင်းကို ကြည့်မယ်ဆိုရင် ဘူးသီးတောင်၊ မောင်တောတို့လို နေရာမျိုးတွေမှာ တစ်ဖက်က အဖွဲ့အစည်းတွေကနေပြီးတော့ မိမိနိုင်ငံတွင်းက နိုင်ငံသားဖြစ်တဲ့သူကနေပြီးတော့ မကျေနပ်လို့ ဥပမာ KIA (ကချင်လွတ်မြောက်ရေးတပ်မတော်)တို့ဘာတို့လိုပေ့ါ စခန်းဝင်တိုက်တာမျိုးဆို မပြောလိုဘူး။ အဲဒီလိုမဟုတ်ပဲနဲ့ တစ်ဖက်ကနေဝင်ပြီးတော့ အနောက်တံခါးကို ချိုးဖျက်ပြီးတော့ တိုက်ခိုက်တဲ့ဖြစ်စဉ်မျိုးက ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာမရှိခဲ့ဘူး။ အရင်တုန်းကလည်း မရှိခဲ့ဘူး။
ပြီးခဲ့တဲ့အစိုးရလက်ထက်တုန်းက သမ္မတကြီးဦးသိန်းစိန်ကိုယ်တိုင် ကမ္ဘာကို တရားဝင်ကြေညာတယ်။ မြန်မာ ပြည်မှာ ရိုဟင်ဂျာဆိုတာ မရှိပါဘူး။ ယနေ့အချိန်မှာ မကြေညာနိုင်ဘူး။ ပြီးခဲ့တဲ့ကာလက ခေတ်အဆက်ဆက် အစိုးရတွေက ပြည်တွင်းမှာဖြစ်တဲ့ပြဿနာကို သူ့နည်းသူ့ဟန်နဲ့ ဥပဒေအရ သူ့ဟာသူစီမံခန့်ခွဲ ငြိမ်သက်အောင် ဆောင်ရွက်သွားခဲ့ပါတယ်။ ဒီဖက်ရောက်တဲ့အခါကျတော့ ပြည်တွင်းကိစ္စကနေပြီးတော့ ပြည်ပကိစ္စအဖြစ် ကိုဖီအာနန်ကို အစိုးရကနေပြီးတော့ ပိုမိုသင့်တော်မယ်၊ ကမ္ဘာလည်း ယုံကြည်မှုရအောင်ဆိုပြီးတော့ လုပ်တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ ဆက်သွယ်မေးမြန်းရတဲ့ အပိုင်းတွေဖြစ်လာတဲ့အခါ ကျတော့ ဟိုဖက်ကလူတွေက ပိုပြီးနေရာရလာသလိုဖြစ်လာပြီး အဲဒီအပြင် ပြည်တွင်းမှာရှိတဲ့သူတွေနဲ့ပါ ပူးပေါင်းပြီး တစ်ချို့ကိစ္စရပ်တွေမှာ ဟိုးအရင်အဆက်ဆက်က ဒီလိုအရေးအခင်းမျိုးဆိုတာ ပေါ်ပေါက်တာ အလွန်နည်းပါတယ်။ အခုအချိန်မှာ မကြာခဏ ဟိုနားနည်းနည်း၊ ဒီနားနည်းနည်းနဲ့ ဖြစ်ပေါ်လာတဲ့ မငြိမ်သက်မှု တွေဖြစ်နေပါတယ်။ အတိုင်ပင်ခံကိုယ်တိုင် ကုလသမဂ္ဂရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး တရားဝင် ငြင်းခဲ့ရတဲ့ အပိုင်းတွေရောက်နေတာဖြစ်ပါတယ်။ ဒါဟာ ဘာလဲဆိုတော့ ကွာခြားမှုပဲဖြစ်ပါတယ်။
အဓိကကွာဟချက်က ဘာလဲဆိုလို့ရှိရင် စောစောပိုင်းကတာဝန်ယူခဲတဲ့သူတွေသည် ကိုယ့်တာဝန်ကိုယ်ယူပြီး အဲဒီနေရာတွေကို အေးချမ်းအောင်၊ ကိုယ့်လူမျိုးတွေ အမျိုးသားအကျိုးစီးပွားလည်းမထိခိုက်အောင် ဆောင်ရွက်ခဲ့တယ်။ ဒီဖက်မှာလည်း အဲဒီလိုကြိုးပမ်းဆောင်ရွက်သော်ငြားလည်း ခေတ်အခြေအနေက ဖြစ်ပေါ်လာတဲ့အပေါ်မှာ မူတည်ပြီးတော့ ဟန်ချက်ညီထိန်းသိမ်းမှုအပိုင်းမှာ တစ်ခုခုဖြစ်တဲ့အတွက်ကြောင့် ဒီလိုအနေ အထားမျိုးတွေဖြစ်ပေါ်လာတယ်လို့ မြင်ပါတယ်။
အဓိက အချက်ကတော့ အရင်သမ္မတနဲ့ ယနေ့အချိန်အထိ ကာကွယ်ရေးဦးစီးချုပ်ကလည်း ပြောတုန်းပါ။ မြန်မာ ပြည်မှာ ရိုဟင်ဂျာမရှိပါဘူးလို့။ ဒါပေမယ့် တစ်ကယ်တန်းအုပ်ချုပ်နေတာက အစိုးရဖြစ်ပါတယ်။ ဒါကတော့ နှိုင်းယှဉ်ပြီး ကိုယ့်ဖာသာစဉ်းစားပါလို့ တင်ပြလိုပါတယ်။