နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ အရယူရေး

နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ပိုမိုဆွဲဆောင်နိုင်ရန် ရည်ရွယ်ရေးဆွဲသည့် ဥပဒေသစ်များက အားတက်စရာ ကောင်းသော်လည်း နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက နိုင်ငံတစ်ဝန်းရှိ ပြည်သူများ အကျိုးခံစားခွင့် ရှိစေရန်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အထောက်အကူဖြစ်စေရန် ထပ်မံဆောင်ရွက်ဖွယ်ရာများ လိုအပ်နေသေးသည်။

ဟိန်းနရစ် ဒမ်း ရေးသားသည်။

စီးပွားရေးလုပ်ငန်းအမျိုးမျိုး ခွဲဝေဖြန့်ကြက်မှုကို မြန်မာအစိုးရ၏ လုပ်ငန်းစဉ်တွင် ဦးစားပေး မြှင့်တင်ထားသင့်သည်။ စီးပွားရေးကဏ္ဍအားလုံးနှင့် နိုင်ငံ၏ဒေသအသီးသီးတွင် အရည်အသွေးမြင့် ရင်းနှီးမြှုပ်နှံမှုများ ရရှိစေရန် ဆွဲဆောင်နိုင်ရေးအတွက် နိုင်ငံ့ခေါင်းဆောင်များသည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေးကို ဦးစားပေးအဖြစ် ထားရှိရပေမည်။

အကယ်၍ မှန်ကန်စွာ စီမံခန့်ခွဲမှု မပြုနိုင်ပါက နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်ခြင်းက ဈေးပေါသည့် ပြည်တွင်းလုပ်သားများ ငှားရမ်းခေါင်းပုံဖြတ်မှု၊ သဘာဝ သယံဇာတများ ထုတ်ယူသုံးစွဲမှုနှင့် ရလာသော အကျိုးအမြတ်များကို နိုင်ငံခြားသို့ ကဲ့ထုတ်သွားရုံသက်သက်မျှသာ ဖြစ်ပေလိမ့်မည်။

နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို မည်သို့ဆွဲဆောင်ပြီး ယင်းမှ အကျိုးအမြတ်ကို ရရှိအောင် မည်သို့ဆောင်ရွက်မည် ဟူသောအချက်မှာ မြန်မာနိုင်ငံအတွက် လာမည့်နှစ်အနည်းငယ်အတွင်း အဓိက စိန်ခေါ်မှုအဖြစ် တည်ရှိနေမည်ဖြစ်ပြီး သဘာဝ သယံဇာတအများစုမှာ တိုင်းရင်းသား လူနည်းစုတို့၏ နယ်မြေတွင် တည်ရှိနေသည့်အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်လည်း နီးနီးကပ်ကပ် ဆက်စပ်လျက်ရှိသည်။

ပြည်သူ့လွှတ်တော်က ၂၀၁၆ အောက်တိုဘာတွင် အတည်ပြုခဲ့သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်သည် ရှေ့သို့ တက်လှမ်းသော အဓိကခြေလှမ်း တစ်ရပ်ဖြစ်ပြီး နိုင်ငံခြား စီးပွားရေး လုပ်ငန်းများအတွက် လုပ်ငန်းခွန် လျှော့ချပေးခြင်းနှင့် ရေရှည်အိမ်ခြံမြေ ငှားရမ်းခ စည်းကမ်းချက်များကို လျှော့ချပေးခြင်းတို့ဖြင့် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများကို တန်းတူအခွင့်အရေးများ ပိုမိုရရှိစေသည်။

ဥပဒေသစ်တွင် ရင်းနှီးမြှုပ်နှံမှုအားလုံးကို အဆင့်အတန်း မခွဲခြားဘဲ အားလုံးတန်းညှိထားမှုကို ရပ်တန့်ကာ ငါးနှစ်အလိုအလျှောက် အခွန်ကင်းလွတ်ခွင့်ပေးသော နည်းလမ်းကို ထိရောက်စွာ ကျင့်သုံးထားသည်။ တဖန် သီးခြားလုပ်ငန်းကဏ္ဍများနှင့် နိုင်ငံ၏တည်နေရာကိုလိုက်၍ အခွန်သက်သာခွင့်ပေးသောစနစ်ကို မိတ်ဆက်ပေးခဲ့သည်။

အစိုးရသည် လုပ်ငန်းတိုးမြှင့်ဆောင်ရွက်မည့်ကဏ္ဍ ၁၉၀ ခန့်၏စာရင်းကို ဧပြီ ၁ ရက်က ကြေညာခဲ့သည်။ အဆိုပါလုပ်ငန်းများတွင် လုပ်သားအင်အားကို အများအပြားသုံးရသော လုပ်ငန်းများ၊ ကုန်ချောထုတ်လုပ်ရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး၊ လယ်ယာစိုက်ပျိုးရေး၊ စားသောက်ကုန် ထုတ်လုပ်ရေးနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတို့အပြင် ကျန်းမာရေး၊ ပညာရေးနှင့် ပြန်ပြည့်မြဲစွမ်းအင် စသည့်ကဏ္ဍများလည်း ပါဝင်သည်။ ကန့်သတ်ပိတ်ပင်ထားသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များကိုမူ အစိုးရက တရားဝင် ထုတ်ပြန်ခြင်း မရှိသေးချေ။

မန္တလေးမြို့စွန် တစ်နေရာရှိ အုတ်ဖုတ်လုပ်ငန်းခွင်တွင် အုတ်သယ်အလုပ်သမတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - တေဇလှိုင်

မန္တလေးမြို့စွန် တစ်နေရာရှိ အုတ်ဖုတ်လုပ်ငန်းခွင်တွင် အုတ်သယ်အလုပ်သမတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ – တေဇလှိုင်

စီးပွားရေးနှင့် ပထဝီဝင်အရ လုပ်ငန်းဖြန့်ကြက်မှုကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရာတွင် အထိရောက်ဆုံး နည်းလမ်းတစ်ခုမှာ ပြည်တွင်းကုမ္ပဏီများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားအောင် ဆောင်ရွက်ရန်ဖြစ်သည်။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးအောင် မြှင့်တင်ပေးခြင်းအားဖြင့် အစိုးရများသည် နိုင်ငံတစ်ဝန်းရှိ ကုမ္ပဏီများကို နိုင်ငံတကာအဆင့်အထိ ယှဉ်ပြိုင်နိုင်စွမ်းရှိလာစေရန် အထောက်အကူ ပေးနိုင်ပေသည်။

ကုန်ထုတ်လုပ်မှု မြင့်မားသည့်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှ ပြည်တွင်းလုပ်ငန်းများသို့ ရောက်ရှိသော ဖိတ်လျှံအကျိုးသက်ရောက်မှုသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ စီးပွားရေး ဂယက်ရိုက်ခတ်မှု ဆပွား၍ မြင့်တက်လာရာတွင် အဓိကကျသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် အက်ဖ်ဒီအိုင် ကုန်ထုတ်လုပ်မှုနှင့် ဒေသတွင်း ကုန်ထုတ်လုပ်မှု ကွန်ရက်များအတွင်း တိုးတက်ပူးပေါင်းပါဝင်ခြင်းဖြင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင်“အလုံးအရင်းဖြင့် ဝင်ရောက်မှု” မျိုး ဖြစ်သင့်ပြီး  “အလုံးအရင်းဖြင့် ပြန်လည်နုတ်ထွက်မှု”မျိုး မဖြစ်သင့်ပါ။ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် ပိုမိုထိရောက်သော စီးပွားရေးလုပ်ငန်းများကို ချမှတ်နိုင်သည်။ ဒေသတွင်းမှ ဖန်တီးမှုများကို ပိုမိုထည့်သွင်းနိုင်မည်။ တိုးတက်သောနည်းပညာနှင့် တီထွင်ဆန်းသစ်မှုကို ပြန့်ပွားအောင် ဆောင်ရွက်နိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းသစ်များလည်း ဖန်တီးပေးနိုင်မည်ဖြစ်သည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကြောင့် ယင်းတို့၏ ဈေးကွက်ခွဲတမ်းများ လျော့ကျနိုင်သဖြင့်  နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အလုံးအရင်းဖြင့် လှိမ့်ဝင်လာမည်ကို စိုးရိမ်ကြောင်း ပြည်တွင်းစီးပွားရေး အသိုက်အဝန်းက ကြိမ်ဖန်များစွာ ဖော်ပြလျက်ရှိသည်။ သို့သော်လည်း လက်တွေ့တွင်မူ ပြည်တွင်းကုမ္ပဏီများသည် နှစ်ပေါင်းများစွာ အထီးကျန် နေထိုင်လာမှုကြောင့် ကမ္ဘာ့ယှဉ်ပြိုင်နိုင်စွမ်းရည် ရရှိနိုင်ရေးအတွက် အခြေခံအုတ်မြစ် ချမှတ်နိုင်ခြင်း မရှိသည်ကို တွေ့ရသည်။

ပူးပေါင်းဆောင်ရွက်ရေးမှာ တစ်နိုင်ငံလုံးအတွက်လည်းကောင်း၊ ကမ္ဘာ့စီးပွားရေးလောကအတွင်း ရှင်သန်လှုပ်ရှားလိုသော ကုမ္ပဏီများအတွက်သော်လည်းကောင်း အကောင်းဆုံးနည်းလမ်းဖြစ်သည်။ အာဆီယံနိုင်ငံ အများအပြားတွင် နိုင်ငံခြား စီးပွားရေးလုပ်ငန်းများကြောင့် ဖြစ်ရသော ယှဉ်ပြိုင်နိုင်စွမ်းဆိုင်ရာ ဖိအားပေးမှုက ပြည်တွင်း စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို မြင့်တက်လာစေပြီး အဆင့်မြင့် ထုတ်လုပ်မှုနည်းပညာ အသုံးပြုအောင် လှုံ့ဆော်ဖိအားပေးခဲ့သည်။

ထို့ကြောင့် ဝင်လာသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို လက်ရှိပြည်တွင်းစီးပွားရေး လုပ်ငန်းများနှင့် ချိတ်ဆက်ပေးပြီး ပြည်တွင်းပစ္စည်း ပါဝင်မှုနှုန်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းရည် မြှင့်တင်ရေးကို အားပေးရန်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထိထိရောက်ရောက် စဉ်းစားဆောင်ရွက်သင့်သည်။ ဖက်စပ်ကုမ္ပဏီများအတွက် ပိုမိုလွတ်လပ်ပွင့်လင်းသော စည်းမျဉ်းဥပဒေများက လမ်းကြောင်းပွင့်သွားအောင် ဦးဆောင်မှု ပေးနိုင်ပါလိမ့်မည်။

လောလောဆယ်တွင် ကုမ္ပဏီများအက်ဥပဒေကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိသည်။ ယင်းဥပဒေတွင် လက်ရှိပြည်တွင်းကုမ္ပဏီများမှ ရှယ်ယာများကို နိုင်ငံခြားကုမ္ပဏီများက ပိုင်ဆိုင်ခွင့်ရှိစေရန် ခွင့်ပြုလိမ့်မည်ဟု ခန့်မှန်းရသည်။ လက်ရှိတွင် ပြည်တွင်း စီးပွားရေးလုပ်ငန်းများက ပိုင်ဆိုင်ထားသော ရှယ်ယာများကို နိုင်ငံခြားကုမ္ပဏီတို့က ပိုင်ဆိုင်ခြင်းကို တားမြစ်ထားသည်။ သို့သော် ဥပဒေပြင်ဆင်ချက်အရ ကုမ္ပဏီအချို့ရှိ ရှယ်ယာများကို နိုင်ငံခြားသားများအား  ပိုင်ဆိုင်ခွင့်ပေးရန် ခွင့်ပြုလိမ့်မည်ဟု ခန့်မှန်းရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းဥပဒေများနှင့်ကိုက်ညီသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခု၏ အဓိပ္ပာယ်ကို သတ်မှတ်ပေးပြီး  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် ပြည်တွင်းစတော့ဈေးကွက်ကို ဖွင့်ပေးရန်နှင့် နိုင်ငံခြား ပိုင်ဆိုင်မှုကို အနိမ့်ဆုံးအဖြစ် ၃၅ ရာခိုင်နှုန်း သတ်မှတ်ရန် အစိုးရက စဉ်းစားလျက်ရှိသည်။ ဥပဒေပြင်ဆင်မှုကြောင့် ကုမ္ပဏီရှယ်ယာများ ဝယ်ယူပေါင်းစည်းမှု (Mergers and Acquisitions ) ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းကုမ္ပဏီများ ပြန်လည်ရှင်သန်ပြီး ကမ္ဘာ့တန်ဖိုး ကွင်းဆက်များ(ValueChains) တွင် ပိုမိုပါဝင်နိုင်မည့် အခွင့်အလမ်း တစ်ရပ် ဖြစ်လာနိုင်သည်။

နည်းပညာ ခုန်ပျံမြင့်တက်မှု

တီထွင်ဆန်းသစ်မှု၊ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်နှင့် စီးပွားရေးလုပ်ငန်းများ မျိုးစုံဖြန့်ကြက် ဆောင်ရွက်ရာတွင် အရေးအပါဆုံး တစ်ခုတည်းသော စွမ်းဆောင်ရှင်မှာ နည်းပညာဖြစ်သည်။ မြန်မာနိုင်ငံတွင် ဥပဒေကြောင်းအရ အထိုက်အလျောက် ကန့်သတ်ချုပ်ကိုင်ထားခြင်း မရှိသဖြင့် ယင်းနယ်ပယ်တွင် အောင်မြင်မှုရရန် မြန်မာနိုင်ငံအတွက် အခွင့်အလမ်း တစ်ရပ် ရှိနေသည်။

စွမ်းအင်၊ သဘာဝ ပတ်ဝန်းကျင်၊ လယ်ယာစိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုတို့တွင် ခေတ်မီနည်းပညာများ အသုံးပြုဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံသည် ရှေးရိုးစဉ်လာ စီးပွားရေးဖွံ့ဖြိုးမှုအဆင့်များကို ခုန်ပျံကျော်လွှားသွားနိုင်သည်။ ဒစ်ဂျစ်တယ်စနစ်ဆီသို့ ဦးတည်နေသော ယဉ်ကျေးမှုနှင့်အတူ မြန်မာနိုင်ငံ၏ ကြီးမားသော လူငယ်အင်အားထုကြီးက ဒစ်ဂျစ်တယ်နည်းပညာသို့ ခုန်ပျံကျော်လွှား ကူးပြောင်းနိုင်မည့် အခွင့်အလမ်းများ ဖန်တီးပြီး စီးပွားရေး လုပ်ငန်းများအတွက် ဘက်စုံဖြန့်ကြက်မှုကို ဆောင်ကြဉ်းပေးမည် ဖြစ်သည်။

ကံဆိုးသည်မှာ ယင်းနည်းလမ်းဖြင့် ဆောင်ရွက်ပါက လိုအပ်သည့် နည်းပညာ အခြေခံအဆောက်အအုံကို ထူထောင်လိုလျှင် အစိုးရက လက်ရှိဆောင်ရွက်နေသော နည်းလမ်းများထက် ကျော်လွန်ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှု အမြောက်အမြား လိုအပ်ခြင်းပင်ဖြစ်သည်။ နည်းပညာ လွှဲပြောင်းမှုသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ အကျိုးကျေးဇူးများစွာအနက် တစ်ခုဖြစ်သည်ဟု အများစုက လက်ခံထားသဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည်လည်း ရှေ့သို့တက်လှမ်းနိုင်မည့် နည်းလမ်းတစ်ရပ်ဖြစ်နိုင်ပြီး တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ကဲ့သို့သော နိုင်ငံများတွင် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။

ရန်ကုန်မြို့တွင် မော်တော်ပေါ်မှ ကျောက်စရစ် သယ်ချနေသည့် အလုပ်သမားများကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ရန်ကုန်မြို့တွင် မော်တော်ပေါ်မှ ကျောက်စရစ် သယ်ချနေသည့် အလုပ်သမားများကို တွေ့ရစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

အမှန်စင်စစ် အရှေ့တောင်အာရှနိုင်ငံများသည် အဆင့်မြင့်နည်းပညာကို လွှဲပြောင်းပေးသော နိုင်ငံခြား ကုမ္ပဏီများကို မက်လုံးအများအပြား ပေးလျက်ရှိသည်။ ဥပဒေရေးရာ မူဘောင်သစ်အရ သတင်းအချက်အလက် နည်းပညာ၊ ဆက်သွယ်ရေး၊ သိပ္ပံနှင့် သုတေသနလုပ်ငန်းများနှင့် ပြန်ပြည့်မြဲစွမ်းအင် စသည့်ကဏ္ဍအချို့သည် တိုးတက်မှု ဆောင်ကြဉ်းပေးသည့် ကဏ္ဍများဖြစ်၍ အခွန်မက်လုံးများအတွက် အကျုံးဝင်တတ်ကြသည်။ သို့ရာတွင် ကဏ္ဍအားလုံး၌ နည်းပညာ လွှဲပြောင်းမှု ရရှိစေရန် အစိုးရက သီးခြား အရေးယူမှုများကို ကောင်းစွာဆောင်ရွက်သင့်ပေသည်။

သို့ဖြင့် နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ်ကုမ္ပဏီများထံမှ ပြည်တွင်း စီးပွားရေးလုပ်ငန်းများသို့ နည်းပညာ စီးဆင်းမှုများ ဖြစ်ပေါ်စေပြီး ပြည်တွင်း၌ နည်းပညာ အသုံးချမှုကို တိုးတက်မြင့်မားစေကာ အရည်အသွေး ပိုကောင်းသောရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ရန် အထောက်အကူပြုမည်ဖြစ်သည်။

အနာဂတ်အတွက် စိတ်ချရသော လုပ်သားအင်အား

လောလောဆယ်တွင် မြန်မာနိုင်ငံမှာ လုပ်အားခ သက်သာမှုပိုင်း၌ သိသိသာသာ အားသာနေပြီး လူ့လုပ်အားကို အလေးပေးဆောင်ရွက်ရသော ပို့ကုန်အားပြုကဏ္ဍများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွဲဆောင်မှုများ ရှိနေသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို လက်ခံသောအခါ မြန်မာအစိုးရသည် အလုပ်အကိုင် ဖန်တီးမှုအတွက် အပြုသဘော အကျိုးသက်ရောက်မှုများကို အသိအမှတ်ပြုပြီး နိုင်ငံတွင်းရှိ အလုပ်သမားများသည် နည်းပညာဘက်၌ ပိုမိုကျွမ်းကျင်လာကြစေရန် ဆောင်ရွက်သင့်ပေသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ အလုပ်အကိုင် ဖန်တီးမှုအကျိုးကျေးဇူးကို ဒေသတွင်းရှိ နိုင်ငံများက ကောင်းစွာသိရှိထားပြီးဖြစ်သည်။ ထို့ကြောင့် အရှေ့တောင်အာရှရှိ အခြားနိုင်ငံများက အလုပ်အကိုင် ဖန်တီးပေးသော နိုင်ငံခြားကုမ္ပဏီများကို မက်လုံးများ ပေးနေကြခြင်းဖြစ်သည်။ ဥပမာအားဖြင့် မလေးရှားအစိုးရက လူ ၅၀၀၊ သို့မဟုတ် ယင်းအထက် ခန့်ထားသော ကုမ္ပဏီများကို အခွန်ဆိုင်းငံ့ကာလ  ငါးနှစ်မှ ၁၀ နှစ်အထိ တိုးမြှင့်ပေးခဲ့သည်။

မြန်မာအလုပ်သမားများ၏ နည်းပညာဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုတို့အကြား ကွာဟချက် ကြီးမားလျက်ရှိပြီး ယနေ့ခေတ် စီးပွားရေးလုပ်ငန်းများ၌ ကျွမ်းကျင်မှုလိုအပ်ချက် မြင့်မားလျက်ရှိသည်။  ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူတို့၏ အလုပ်အကိုင်ခန့်ထားမှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကို ထပ်မံမြှင့်တင်ပေးရန်နှင့် နည်းပညာ လွှဲပြောင်းမှု လွယ်ကူချောမွေ့စေရေးအတွက် ဆောင်ရွက်ပေးရန် အရေးကြီးသည်။ အကယ်၍ လစ်လျူရှုထားပါက ကျွမ်းကျင်မှု ကွာဟချက်မှာ ပိုကြီးလာပြီး ရင်းနှီးမြှပ်နှံရန် အလားအလာရှိသူတို့ကို ကြောက်ရွံ့သွားစေနိုင်သည်။

ယင်းပြဿနာကို ထိန်းချုပ်ရန် အကောင်းဆုံးနည်းမှာ ကာလတိုနှင့် ကာလလတ် လေ့ကျင့်ရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်ရန်ဖြစ်သည်။ လက်ရှိပညာရေး ပြုပြင်ပြောင်းလဲမှုများမှာ အရေးပါသော်လည်း အကျိုးသက်ရောက်မှု ရှိစေရန် ဆယ်စုနှစ်များစွာ ကြာမြင့်နိုင်သည်။ အသက်မွေးဝမ်းကျောင်း ပညာရေးနှင့် လေ့ကျင့်ရေးလုပ်ငန်းများကို ရည်မှန်းချက်ထားပြီး အရေးပေါ် စီမံကိန်းသစ်များကို အလေးပေး ဆောင်ရွက်သင့်သည်။ အကောင်းဆုံးမှာ ကုမ္ပဏီများ၊ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဦးတည်လုပ်ကိုင်နေသည့် ကဏ္ဍများထဲမှ ပညာရေးကဏ္ဍသည် အထူးပျိုးထောင်မှု ရရှိရန်ဖြစ်သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတု့ိက ယင်းတို့၏ ဝန်ထမ်းများကို ကျွမ်းကျင်မှုနှင့် နည်းပညာ ဗဟုသုတများ လွှဲပြောင်းပေးနိုင်ရေး အားပေးဆောင်ရွက်ရန် များစွာလိုအပ်လျက်ရှိသည်။ အကြီးစား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် လုပ်ငန်းခွင် လေ့ကျင့်ရေးဌာနများ ထူထောင်ရန် မက်လုံးပေးခြင်းကဲ့သို့သော သီးခြားမူဝါဒများ ရေးဆွဲသင့်သည်။ ဥပမာအားဖြင့် ဗီယက်နမ်နိုင်ငံ၌ ကားထုတ်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုလိုင်စင် ထုတ်ပေးရာတွင် သီးခြားကျွမ်းကျင်မှု ဖွံ့ဖြိုးစေခြင်းဖြင့် လုပ်ငန်းကို အထောက်အကူ ဖြစ်စေရန် သက်မွေးပညာသင်ကျောင်းများ ထူထောင်ရေးနှင့် ချိတ်ဆက်ပေးထားသည်။

အကယ်၍ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ကောင်းစွာချိတ်ဆက်ထားပြီး သာမန်လုပ်သားများ၏ ကျွမ်းကျင်မှုအဆင့်ကို ဆက်လက်မြှင့်တင်ပေးပါက မြန်မာနိုင်ငံသည် အဆင့်မြင့်နည်းပညာ ကျွမ်းကျင်မှု လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရရှိနိုင်ပါသည်။ နည်းပညာလှေကားကို အဆင့်ဆင့် လှမ်းတက်ရန်နှင့် စီးပွားရေးကို ခွဲဖြန့်ဆောင်ရွက်ရန် ယင်းနည်းမှာ အကောင်းဆုံးဖြစ်သည်။

မျိုးဆက်တစ်ဆက်၌ တစ်ကြိမ်သာကြုံသော အခွင့်အလမ်း

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကပေးသော အခွင့်အလမ်းများကို အရယူရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ လာမည့်နှစ် အနည်းငယ်သည် နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် နောက်တစ်ဆင့် တက်လှမ်းရာ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းရန် မြန်မာအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအတွက် မျိုးဆက်တစ်ဆက်တွင် တစ်ကြိမ်သာပေါ်သော အခွင့်အရေးပင်ဖြစ်သည်။ ယင်းတို့ရရှိရန်မှာ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာ မှန်ကန်ခြင်းနှင့် ပို့ကုန်ဦးစားပေး စီးပွားရေးလုပ်ငန်းကို လက်ခံဆောင်ရွက်နိုင်သည့် စွမ်းရည်ကိုပြသနိုင်ခြင်း ဟူသောအချက်များပေါ်တွင် များစွာအမှီပြုနေသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မူဝါဒပြောင်းလဲမှုနှင့်အတူ မြန်မာနိုင်ငံသည် သဘာဝ သယံဇာတအပေါ် မှီခိုမှုနှင့် ဒေသတွင်း မညီမျှမှုများကို လျှော့ချနိုင်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုကို ခံစားရင်း ချိန်ခွင်လျှာ ပိုမိုညီမျှသော စီးပွားရေးဖြစ်ထွန်းမှု ရရှိရာ အနာဂတ်ကာလကို ဝင်ရောက်နိုင်မည်ဖြစ်ပေသည်။

ဉာဏ်တင် ဘာသာပြန်သည်။

ဟင်းနရစ်ဒါဟမ်

ဟင်းနရစ်ဒါဟမ်

ဟင်းနရစ်ဒါဟမ်မှာ အာရှဒေသရှိ အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးအသွင်ကူးပြောင်းရေးနှင့် ပြောင်းလဲမှုစီမံခန့်ခွဲရေးတို့တွင် ဇောင်းပေးဆောင်ရွက်သည့် ရန်ကုန်အခြေစိုက် အကြီးတမ်း အမှုဆောင် အရာရှိချုပ်တစ်ဦး ဖြစ်သည့်အပြင် နိုင်ငံတကာ အကျိုးဆောင် အကြံပေးတစ်ဦးလည်းဖြစ်သည်။

Share on facebook
Share on twitter
Share on email

More stories

တရုတ်ကုမ္ပဏီနှင့် အပစ်ရပ်လက်နက်ကိုင်အဖွဲ့တစ်ခုတို့ ဖော်ဆောင်နေသည့် လွိုင်ကော်အနီးက သတ္တုသန့်စင်ရေးစီမံကိန်းသည် ပွင့်လင်းမြင်သာမှုအားနည်း၍ အဝေဖန်ခံနေရသည်။

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar