အရှေ့တောင်အာရှနိုင်ငံများရှိ ထင်ရှားသော နိုင်ငံရေးခေါင်းဆောင်များအပေါ်တွင် သြဇာညောင်းသည်ဟုဆိုကာ အီးတီဟု လူသိများသည့် အကြားအမြင်ဆရာမဖြစ်သူ ဒေါ်ဆွေဆွေဝင်းသည် ၎င်း၏ နေအိမ်တွင် ယမန်နေ့က ကွယ်လွန်သွားပြီဖြစ်သည်။ ၎င်းအား စက်တင်ဘာ ၁၂ ရက်နေ့တွင် ရေဝေးသုသာန်၌ ဂူသွင်းမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။
ဆရာမအီးတီဟု ခေါ်ဆိုကြသည့် ၎င်းထံ ငွေကြေးချမ်းသာများ၊ အာဏာရှိသူများ အများအပြား လာရောက်ကာ ၎င်းတို့၏ လုပ်ငန်းအကြံအစဉ်များအတွက် အကြံဉာဏ်များ တောင်းခံကြလေ့ရှိသည်။
၎င်းထံ ပုံမှန်လာရောက် အကြံဉာဏ်တောင်းခံသူများထဲတွင် မြန်မာနိုင်ငံအား ၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်း ပါဝင်သလို ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်လည်း ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံ၏မြို့တော်အား ယခင်ရန်ကုန်မြို့မှ မြန်မာနိုင်ငံအလယ်ပိုင်းရှိ နေပြည်တော်သို့ ပြောင်းရွှေ့ရန်အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဆုံးဖြတ်ခဲ့မှုတွင် ၎င်းက နောက်ကွယ်မှ ပါဝင် ပတ်သက်နေသည်ဟုလည်း ကောလဟာလ ထွက်ပေါ်ခဲ့သေးသည်။
ဒေါ်ဆွေဆွေဝင်းသည် ၎င်း၏ နေအိမ်တွင် စက်တင်ဘာ ၁၀ ရက်နေ့ နံနက်အစောပိုင်းက အေးချမ်းစွာ ကွယ်လွန်သွားခဲ့သည်ဟု ၎င်း၏ တူတော်စပ်သူ သရုပ်ဆောင်စည်ဖြိုးက ပြောကြားသည်။ ကွယ်လွန်ချိန်တွင် အသက် ၅၈ နှစ်ရှိပြီဖြစ်သည်။
“ရောဂါထွေထွေထူးထူးမရှိပါဘူး။ အိပ်နေတုန်းမှာပဲ အေးအေးချမ်းချမ်း ကွယ်လွန်သွားခဲ့တာပါ” ဟု စည်ဖြိုးက ပြောသည်။
ဗြိတိသျှခရီးသွားနှစ်ဦးအား သတ်မှုဖြင့် သေဒဏ်ချမှတ်ခြင်းခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး လွတ်မြောက်ရေးအတွက် ဒေါ်ဆွေဆွေဝင်းက ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ထံအသနားခံစာ တင်ပြထားကာ ကြိုးပမ်းနေစဉ် ကွယ်လွန်သွားခဲ့ခြင်းလည်း ဖြစ်သည်။
သတင်း-ကျော်ရဲလင်း