နာဂဒေသတွင် လူ ၄၀ ကျော်သေဆုံးသည်အထိ ပြင်းထန်စွာ ဖြစ်ပွားနေသည့် ကူးဆက်ရောဂါနှင့် ပတ်သက်ပြီး အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံများကို နာဂလူမှုအဖွဲ့အစည်းများက ပြင်းထန်စွာ ဝေဖန်လိုက်သည်။
ပြီးခဲ့သည့် ဇူလိုင် ၆ ရက်မှ သြဂုတ် ၁၂ ရက်နေ့အထိ နှစ်လကျော်ကာလအတွင်း ၄၂ ဦး သေဆုံးခဲ့သည့် ကူးဆက်ရောဂါနှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က အလေးအနက်ထား အကူအညီပေးခြင်းမရှိကြောင်း နာဂအမျိုးသားရေးရာကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ နော်အောင်ဆန်းက ပြောသည်။
“အယောက် ၄၀ နီးပါး သေနေတဲ့အချိန်အထိ ဘာအကူအညီမှ မရဘူး”ဟု သြဂုတ် ၁၆ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောသည်။
တောတောင်ထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော မြန်မာနိုင်ငံ အနောက်မြောက်ဘက်မှ နာဂဒေသတွင် ဖြစ်ပွားနေသော ကူးဆက်ရောဂါကို အစိုးရကျန်းမာရေးအရာရှိများက ပြင်းထန်သည့် ဝက်သက်ရောဂါဟု သတ်မှတ်ထားသည်။
လူဒါဇင်ပေါင်းများစွာ သေဆုံးသည်ကို အောက်ခြေအစိုးရအရာရှိများက သတင်းပေးပို့ရန် ပျက်ကွက်မှုများရှိခဲ့သလို၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရနှင့် ပြည်ထောင်စုအဆင့် အစိုးရဘက်ကလည်း အကူအညီပေးရေး လုပ်ဆောင်မှုများ လွန်စွာနှေးကွေးနေကြောင်း နာဂလူမှုအဖွဲ့အစည်းများက ပြောသည်။
“စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဒီနေ့အချိန်အထိ မကူညီဘူးလို့ ဘယ်တော့မှမပြောဘူး။ ကူညီတယ်။ ဒါပေမဲ့ အရေးပေါ်ကူညီတာမဟုတ်ဘူး”ဟု နော်အောင်ဆန်းက ပြောသည်။
ရက်သားကလေးငယ်မှ ၉၄ နှစ်အရွယ်အထိ သေဆုံးခဲ့သည့် အဆိုပါကူးဆက်ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီဟု အစိုးရက ကျောထောက်နောက်ခံပေးထားသည့် လူမှုကွန်ယက် စာမျက်နှာများတွင် ရေးသားနေမှုများမှာလည်း မြေပြင်အခြေအနေနှင့် ကွဲလွဲနေသည့် ထုတ်ပြန်ချက်များဖြစ်ကြောင်း နာဂလူမှုအဖွဲ့အစည်းများက ထောက်ပြခဲ့သည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင်(အစိုးရ စီမံခန့်ခွဲပုံက) တော်တော်လေး ညံ့ဖျင်းတယ်”ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နာဂလူမှုအဖွဲ့အစည်းမှ ဦးဇော်ဝင့်ဖြိုးက ပြောသည်။
အတည်မပြုနိုင်သေးသည့် သတင်းအချို့၏အဆိုအရ သေဆုံးသူအရေအတွက်သည် ၆၀ ဦးကျော်အထိ ရှိေနေကြောင်း၊ သို့သော်လည်း ရွာတစ်ရွာနှင့်တစ်ရွာ ဆက်သွယ်ရေး ခက်ခဲသောကြောင့် အဆိုပါစာရင်းမှာ အတည်မပြုနိုင်သေးသည့် အခြေအနေဖြစ်ကြောင်း နာဂလူမှုအဖွဲ့အစည်းများက ပြောသည်။
လက်ရှိအချိန်အထိ ရောဂါကူးဆက်ခံရပြီး သေဆုံးသည့်ရွာ ကိုးရွာအထိရှိနေပြီး အနီးပတ်ဝန်းကျင်ရှိ ၁၅ ရွာမှာလည်း စိုးရိမ်စရာကောင်းသည့် အခြေအနေတွင် ရှိနေကြောင်း နော်အောင်ဆန်းက ပြောသည်။
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သြဂုတ် ၁၅ ရက်နေ့တွင် ထုတ်ပြန်ချက်အရ တပ်မတော်နှင့် အရပ်ဘက် ညှိနိုင်းပြီး နာဂဒေသသို့ ဆန်နှင့်ပဲအပါအဝင် ထောက်ပံ့ရေးပစ္စည်းများ စတင်ပို့ဆောင်နေပြီဟု ဖော်ပြထားသည်။
ရာသီဥတုသာယာပါက ရောဂါဖြစ်ပွားနေသည့် ဒေသများသို့ ပို့ဆောင်မည်ဖြစ်သည်ဟု ဆိုသည်။ အဆိုပါအကူအညီများသည် နာဂဒေသအတွက် ကနဦး ထောက်ပံ့ခြင်းဖြစ်ပြီး ဆက်လက်၍ ထောက်ပံ့မှုလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။
သတင်း- ထွန်းခိုင်