နာဂဘုရင်ကြီးနှင့် စကားလက်ဆုံကျခဲ့သူတစ်ဦး

ကွန်ယက်နာဂ ဘုရင်ကြီး အုပ်စိုးသောနယ်မြေမှာ မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံမှ ကျေးရွာ ၄၀ ကျော် ပါဝင်ပြီး  နယ်စပ်မျဉ်းသည် ရိုးရာမီးလင်းဖိုဘေးမှ အင်တာဗျူးလက်ခံဖြေကြားပေးရာ သူ့နေအိမ် အလယ်တည့်တည့်မှ ဖြတ်သွားသည်။

ရေးမွန် ပက်ခ်နုခို ရေးသားသည်။

နာဂနယ်မြေ၏ တောင်ထူထပ်ရာ အိန္ဒိယ အရှေ့မြောက်ဒေသသည် သဘာဝ အလှတရားများ အလွန်ပေါများသကဲ့သို့ ကိုလိုနီခေတ် အမွေအနှစ်များစွာလည်း ကျန်ရှိနေသည်။ မြန်မာနိုင်ငံ၏ စစ်ကိုင်းဒေသကြီးနှင့် ထိစပ်နေသည့် နာဂနယ်မြေသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ဒေသ ခုနစ်ပြည်ထောင်အနက်မှ သုံးခုဖြစ်သည့် မြောက်ဘက်မှ အာရန်နာချယ်လ် ပရာဒက်ရှ်ပြည်နယ်၊ တောင်ဘက်မှ မဏိပူရပြည်နယ်နှင့် အနောက်ဘက်မှ အာသံပြည်နယ်များဖြင့် ဝန်းရံထားသည်။ ဤဒေသသည် ယင်း၏ မတူကွဲပြားသော လူမျိုးစုများနှင့် ကိုးကွယ်ယုံကြည်မှုများကြောင့် လူသိများ ထင်ရှားသည်။ နာဂနယ်မြေသည် နာဂဟု ပေါင်းစုခေါ်ဆိုသည့် အမဲလိုက်ကာ ခေါင်းဖြတ်လေ့ရှိသော မျိုးနွယ်စု ၁၆ စု၏ ဌာနေဖြစ်သည်။

ဗြိတိသျှအာဏာပိုင်တို့က နာဂမြေပေါ်တွင် ချန်ထားရစ်သည့် ပြဿနာဖြစ်နေသော သမိုင်းအမွေအနှစ်သည် အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား ခွလျက်တည်ရှိသော မုံခရိုင်အတွင်းရှိ လုံဝကျေးရွာအပေါ် သက်ရောက်လျက်ရှိသည်။

မည်သို့ပင်ဖြစ်စေကာမူ လုံဝမှာ ကိုလိုနီခေတ်မှ နယ်မြေများ၏ အမွေအနှစ် တစ်ခုဆိုသည်ထက် ပိုနေပေသည်။ လုံဝသည် ကွန်ယက်နာဂကျေးရွာ ၄၀ ဖြင့် ဖွဲ့စည်းထားသည့် ဘုရင့်နိုင်ငံ မြို့တော်ဖြစ်ပြီး ကျေးရွာအချို့သည် မြန်မာနိုင်ငံထဲ၌ ရှိကြသည်။

ဘုရင့်နိုင်ငံတော်ကို ထုံရီးဖာဝမ်ဟု အမည်ရသည့် အန်းဂ် (ခေါ်) ဘုရင်တစ်ပါးက အုပ်စိုးသည်။ ၎င်းမှာ ဆုဖလား အမြောက်အမြား ရယူခဲ့သည့် ဖျတ်လတ်တက်ကြွသော ခေါင်းဖြတ်မုဆိုး အဘေး(အဘိုး၏အဖေ) ထံမှ ဆင်းသက်ပေါက်ဖွားလာသူ ဖြစ်သည်။ ထုံရီးဖာဝမ်သည် လွန်ခဲ့သော ၁၈ လခန့်က နတ်ရွာစံသွားခဲ့သော ခမည်းတော် ဘုရင်ကြီး နတ်ရွာစံပြီးနောက် ဘုရင်ဖြစ်လာခဲ့သည်။

လုံဝသည် ကွန်ယက်နာဂကျေးရွာ ၄၀ ဖြင့် ဖွဲ့စည်းထားသည့် ဘုရင့်နိုင်ငံ မြို့တော်ဖြစ်ပြီး ကျေးရွာအချို့သည် မြန်မာနိုင်ငံထဲ၌ ရှိကြသည်။ ဓာတ်ပုံ - ရေးမွန် ပက်ခ်နုခို

လုံဝသည် ကွန်ယက်နာဂကျေးရွာ ၄၀ ဖြင့် ဖွဲ့စည်းထားသည့် ဘုရင့်နိုင်ငံ မြို့တော်ဖြစ်ပြီး ကျေးရွာအချို့သည် မြန်မာနိုင်ငံထဲ၌ ရှိကြသည်။ ဓာတ်ပုံ – ရေးမွန် ပက်ခ်နုခို

ယင်းဒေသ၌ ဘုရင်၏ တရားစီရင်ပိုင်ခွင့်သည် ရှေးရှေးကတည်းက အမျိုးသားနယ်နိမိတ်များ ဥပဒေသစ် (the imposition of national boundaries) တွင် ရှိခဲ့ပြီးဖြစ်သည်။

လုံဝသို့ ဧည့်သည်တော်များ ရောက်သည့်အခါ ဘုရင့်အိမ်တော်ရှေ့၌ ဦးစွာရပ်ပြီး လက်ဆောင်ပဏ္ဏာတစ်ခု ဆက်သ၍ ဘုရင်အား လေးစားသမှုပြုခြင်းသည် ထုံးတမ်းအစဉ်လာဖြစ်သည်ဟု ရွာခံတို့က ၎င်းတို့အား ပြောပြလေ့ရှိသည်။

ဘုရင့်အိမ်တော်သည် ရိုးရာနာဂအိမ် ပုံသဏ္ဍာန်ယူကာ အုတ်နီခဲရောင် သွပ်ပြားအမိုးကြီး မိုးထားသော ရှည်မျောမျော သံကူကွန်ကရစ် တစ်ထပ်အဆောက်အအုံ ဖြစ်သည်။ လာလည်သူများအား သစ်သားပန်းပုများ၊ ကျွဲဦးခွံများ၊ ဝက်ဝံခေါင်းနှင့် ဘရွန်တိုဆောရပ်စ် ဒိုင်နိုဆောကိုယ် ရှိသည့် ပဟေဠိဆန်ဆန် ရုပ်တုဆန်းတို့က အိမ်တော်ဝင်ပေါက်မှ ကြိုဆိုနှုတ်ဆက်နေကြသည်။ ဒေသန္တရ ဒဏ္ဍာရီများအရ ယင်းတိရစ္ဆာန် အထူးအဆန်းသည် တချိန်တခါက သစ်တောဖုံးလွှမ်းရာ တောင်ကုန်းများဝန်းကျင်တွင် ကျင်လည်ကျက်စားခဲ့သည်ဟု ဆိုသည်။

အတွင်းပိုင်း၌ တိရစ္ဆာန်ဦးခွံအမျိုးမျိုး၊ ဆင်စွယ်များ၊ ဆုတံဆိပ်များ၊ မောင်းများ၊ ရိုးရာသစ်လုံး ဗုံရှည်တစ်လုံးနှင့် ဘုရင်ဟောင်း၏ ဓာတ်ပုံများဖြင့် အလှဆင်ထားသည့် ခန်းမကျယ်ကြီး ရှိသည်။

ဘေးတစ်ဖက်တစ်ချက်၌ တံခါးများရှိသည့် ရှည်လျားသော စြင်္က ံတစ်ခုတွင် ကျွန်ုပ်ကို နေရာချပေးခဲ့သည်။ ထိုနေရာအဆုံးတွင် ကြမ်းပြင်ပေါ်၌ ပြုလုပ်ထားသည့် နာဂရိုးရာ မီးလင်းဖိုတစ်ခုပါရှိသော စားဖိုဆောင်ကြီး တစ်ခုရှိသည်။ ယင်းနေရာတွင် အရပ် ငါးပေ ငါးလက်မ (၁၆၇ စင်တီမီတာ) ရှိသည့် ရိုးရိုးကုပ်ကုပ် အမျိုးသားတစ်ဦးနှင့် ကျွနု်ပ်ကို မိတ်ဆက်ပေးခဲ့သည်။ ၎င်းမှာ ဘုရင်ဖြစ်သည်ဟုလည်း ကျွန်ုပ်ကို ပြောပြသည်။

ကျွန်ုပ်သည် သူ့အား လက်ဖက် တစ်ကီလိုနှင့် အိပ်ဆောင်ဓားတစ်ချောင်း လက်ဆောင်ပေးခဲ့သည်။ ကျွန်ုပ်၏လက်ဆောင်ကို ၎င်းက တလေးတစား လက်ခံခဲ့ပြီး အပြန်အလှန်အားဖြင့် ကျွနု်ပ်အား ဆေးပေါ့လိပ် သုံးလိပ် လက်ဆောင်ပြန်ပေးခဲ့သည်။

“ဒါတွေကို အိန္ဒိယမှာ ခင်ဗျား မရနိုင်ပါဘူး။ အဲဒါတွေက မြန်မာနိုင်ငံကပါ” ဟု ပြုံးပြုံးရွှင်ရွှင် ပြောပြီး မီးဖိုဘေးရှိ ၎င်းအနားတွင်ထိုင်ရန် ကျွနု်ပ်ကို ဖိတ်ခေါ်ခဲ့သည်။

ဘုရင်က ရေဆေးတံတစ်ချောင်းကို ထုတ်လိုက်ပြီးနောက် ၎င်း၏ အာဏာရင်းမြစ်နှင့် နိုင်ငံနှစ်ခုအကြား နှစ်ပိုင်းကွဲနေသည့် သူ့တိုင်းပြည်ကို အုပ်ချုပ်ရာတွင် ကြုံတွေ့ရသော စိန်ခေါ်ချက်များအကြောင်း တစေ့တစောင်းကို စတင်ပြောပြခဲ့သည်။

သူ့ဆေးတံကို ငြင်သာစွာ ဖွာနေသောဘုရင်က နယ်စပ်မျဉ်းမှာ ၎င်းနေအိမ်၏ အလယ်တည့်တည့်မှ ဖြတ်သွားကြောင်းနှင့် မိမိတို့ ထိုင်နေသည့် နေရာအနေအထားအရ မြန်မာနိုင်ငံအတွင်း ရှိနေသည်ဟု ရှင်းပြခဲ့သည်။

“မိုးရွာပြီဆို ရေတချို့က ခေါင်မိုးပေါ်ကနေ အိန္ဒိယဘက်ကို ဆင်းသွားတယ်။ တချို့ကျတော့ မြန်မာဘက်ကို ဆင်းသွားတယ်။ ဒါပေမဲ့ ကျွန်တော်က အလယ်မှာပါ” ဟုလည်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့မှာ ဘိုးဘေးဘီဘင် လက်ထက်ကတည်းက ဆင်းသက်လာတဲ့ ရိုးရာဓလေ့ထုံးတမ်း ဥပဒေတွေ ရှိသလို အိန္ဒိယအစိုးရကနေ ကျွန်တော်တို့ကို ကျင့်သုံးခွင့်ပေးထားတဲ့ အုပ်ချုပ်ရေး ဥပဒေလည်း ရှိပါတယ်” ဟု နာဂဘုရင်က ဖြေးညှင်းစွာ ပြောကြားသည်။

“အဲဒီလို ဥပဒေတွေကို ကိုင်တွယ်ဖို့ ဒီဘုရင့်နိုင်ငံတော်ရဲ့ တခြားအဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကောင်စီတစ်ခုလည်း ရှိပါသေးတယ်။ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ရတော့မယ်ဆိုရင် ကျွန်တော်တို့က သဘောတူညီမှု တစ်ခုရရှိအောင် အတူတကွ ဆောင်ရွက်ရပေမဲ့ အပြီးသတ် ဆုံးဖြတ်ချက်ကို ကျွန်တော်က ချမှတ်ရတာပါ။ မဖြစ်မနေလည်း လိုက်နာရပါတယ်” ဟု ထပ်လောင်းရှင်းပြသည်။

ကွန်ယက်နာဂများအကြားတွင် ၎င်း၏ ဘဝင်ခိုက်စရာ ရာထူးနေရာရှိနေသော်လည်း ၎င်းတွင် အကြွင်းမဲ့အာဏာ ရှိသည်၊ သို့မဟုတ် ၎င်း၏အမိန့်သည် အစဉ်သဖြင့် အသိအမှတ်ပြုခံရသည်ဟု မဆိုလိုကြောင်းလည်း ဘုရင်က ရှင်းပြခဲ့သည်။

လုံဝမှ သေနတ်လုပ်သူတစ်ဦးက သူ့နေအိမ်၌ သေနတ်တစ်လက်ကို ဖြုတ်နေစဉ်။ ဓာတ်ပုံ - ရေးမွန် ပက်ခ်နုခို

လုံဝမှ သေနတ်လုပ်သူတစ်ဦးက သူ့နေအိမ်၌ သေနတ်တစ်လက်ကို ဖြုတ်နေစဉ်။ ဓာတ်ပုံ – ရေးမွန် ပက်ခ်နုခို

မြန်မာနိုင်ငံ၏ ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမတိုင်မီက တပ်မတော်သားများသည် မြန်မာနိုင်ငံဘက်ခြမ်းရှိ သူအုပ်စိုးရာပိုင်နက်ထဲသို့ မကြာခဏ ဝင်ရောက်ခဲ့ကြပြီး ၎င်း၏ပြည်သူများထံမှ အိမ်မွေးတိရစ္ဆာန်များကို အခကြေးငွေမပေးဘဲ ယူဆောင်လေ့ရှိသည်ဟု နာဂဘုရင်က ဆိုသည်။ ထို့ပြင် ညအချိန်လာရောက်ကာ ရွာသူရွာသားများကို အဓမ္မခေါ်ဆောင်ပြီး အထမ်းသမားလုပ်ရန် ဖိအားပေးခဲ့သည်ဟု စွပ်စွဲပြောကြားခဲ့သည်။

နာဂဘုရင်၏ အဆိုအရ လွန်ခဲ့သောငါးနှစ်ခန့်မှစ၍ ၎င်း၏ပြည်သူများအား တပ်မတော်က အနှောင့်အယှက် မပေးတော့ကြောင်း သိရသည်။ ထို့အတူ မြန်မာဘက်ခြမ်း နယ်စပ်ရှိ ၎င်း၏ပိုက်နက်အတွင်းမှ အခြေအနေများမှာလည်း ပိုမိုအေးချမ်းလာခဲ့သည်။

၎င်း၏ရွာထဲ၌ အခြေစိုက်ထားသော စခန်းတစ်ခုမှ အိန္ဒိယစစ်သားများက မည်သည့်အတွက် ကြားဝင်ဖျန်ဖြေခြင်း မပြုခဲ့ပါသလဲဟု မေးမြန်းသောအခါ “ဒါက ဒီလိုဗျ။ ဒီနေရာက နယ်စပ်ဖြစ်သလို မြန်မာဘက်ခြမ်းမှာ ရှိနေတဲ့အတွက် အိန္ဒိယတပ်ဖွဲ့ဝင်တွေက ဒီကိုလာလို့ မရပါဘူး။ သူတို့က နယ်စပ်ကို ဖြတ်လို့မရဘူး။ မြန်မာ့တပ်မတော်သားတွေကလည်း ဒါကို သိနေပါတယ်” ဟု နာဂဘုရင်က ဆိုသည်။

နယ်စပ်ကို ၎င်း၏နေအိမ် ခွဆောက်ထားသည့် အကြောင်းရင်းမှာ သူ့ပြည်သူများသည် ၎င်းတို့၏ အသက်ရှင်ရပ်တည်ရေးအတွက် သူနှင့် အိန္ဒိယအစိုးရတို့၏ ဆက်ဆံရေးအပေါ် မှီခိုအားထားနေရသောကြောင့်ဖြစ်ကြောင်း နာဂဘုရင်နှင့် စကားလက်ဆုံပိုကျလာသည်နှင့်အမျှ ကျွနု်ပ်သတိပြုမိလာခဲ့သည်။ သူ့အိမ်တည်ရှိရာသည် သူ့ပြည်သူများအတွက် တံတားတစ်စင်းသဖွယ် ဖြစ်နေသည်။ လက်တွေ့အားဖြင့် မြန်မာ့ပိုင်နက်တွင် ရှိနေသည့် ထိုအရပ်၌ နေအိမ်များ၊ စာသင်ကျောင်းများနှင့် ဘုရားရှိခိုးကျောင်းများ ဆောက်လုပ်ရန် လိုအပ်သော ပစ္စည်းပစ္စယများ ရနိုင်စေသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နာဂဒေသ၌ ယမန်နှစ် ဇူလိုင်လအတွင်း ကူးစက်ရောဂါကပ် ကျရောက်စဉ်က ခမ်းလိုကျေးရွာ၌ ဝက်သက်ရောဂါဖြစ်ကြောင်း သိရသောအခါ နာဂဘုရင်မှာ မြန်မာနိုင်ငံဘက်ခြမ်းမှ သူ့ပြည်သူများအတွက် အသက်သွေးကြောသဖွယ် ဖြစ်ခဲ့သည်။

“ကျွန်တော့်ရဲ့ ပထမဆုံးတာဝန်က ရောဂါပြန့်ပွားမှုကို ကြိုတင်ဟန့်တားဖို့ပါ။ တကယ်လို့များ ဒီရောဂါကို မထိန်းချုပ်နိုင်ခဲ့ဘူးဆိုရင် ရွာ ၄၀ စလုံး ဝေဒနာခံစားရမယ့် အရေးအတွက် အဲဒီအချိန်က ကျွန်တော် စိုးရိမ်ခဲ့ရတယ်” ဟု နာဂဘုရင်က ဖွင့်ဟခဲ့သည်။

“အိန္ဒိယအစိုးရဆီကနေ ရတဲ့အစားအစာနဲ့ ဆေးဝါးတွေကို မြန်မာနယ်စပ်ဒေသထဲမှာ မျှဝေဖြန့်ဖြူးပေးခဲ့တယ်။ ကံမကောင်းချင်တော့ ကလေးတွေအများကြီး သေခဲ့ရတယ်။ ၁၀၀ ဝန်းကျင်လောက် ရှိနိုင်ပါတယ်” ဟု မြန်မာနိုင်ငံတွင် ထုတ်ပြန်ခဲ့သည်ထက် များစွာပိုမြင့်မားသော သေဆုံးနှုန်းကို ဖွင့်ဟပြောကြားခဲ့သည်။

ဤရောဂါမှာ ၂၀၁၆ သြဂုတ်လက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နာဂဒေသ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၀ နှစ်အောက် ကလေးငယ် ၄၀ အပါအဝင် လူပေါင်း ၆၈ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ကျေးရွာများ၏ တည်နေရာ၊ ဆက်သွယ်ရေးစနစ်များ ညံ့ဖျင်းမှုနှင့် နာဂအသိုင်းအဝိုင်းများက ထောက်ပြခဲ့ကြသည့် ကျန်းမာရေးအဖွဲ့များ၏ နှေးကွေးသော တုံ့ပြန်ဆောင်ရွက်မှုတို့ကြောင့် မြန်မာအာဏာပိုင်များ၏ ကူးစက်ရောဂါ ထိန်းချုပ်ရေး ကြိုးပမ်းမှုများသည် ခရီးမပေါက်ဘဲ နှောင့်နှေးခဲ့ရသည်။

သူ့ဆေးတံကို ဖွာပြီးနောက် ကျေးရွာအနှံ့ သူလိုက်လံပြသနိုင်ခြင်း မရှိသည်ကို တောင်းပန်ပါသည်ဟု နာဂဘုရင်က ဆိုသည်။ သူ့ပြည်သူတစ်ဦး သေဆုံးသွားသောကြောင့် နာရေးအခမ်းအနားသို့ သွားရောက်ရန်ရှိ၍ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

လုံဝသို့ လာရောက်လည်ပတ်ခြင်းအတွက် ကျေးဇူးတင်ပါသည်ဟုဆိုကာ မတ်တတ်ရပ်၍ လက်ဆွဲနှုတ်ဆက်လေသည်။ “နောက်တစ်ခေါက် ပြန်လာခဲ့ပါဦး” ဟုလည်း ဖိတ်သည်။ ထို့နောက်တွင်မူ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအလယ်တည့်တည့်ရှိ ဘုရင့်နိုင်ငံ တစ်နိုင်ငံ၏ ရိုးသားပွင့်လင်းသော ဘုရင်ကြီးသည် သူ့ပြည်သူများနှင့် တွေ့ဆုံရန် လျှောက်လှမ်း ထွက်ခွာသွားလေတော့သည်။

အောင်မင်း ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ထုံရီးဖာဝမ်သည် လွန်ခဲ့သော ၁၈ လခန့်က နတ်ရွာစံသွားခဲ့သော ခမည်းတော် ဘုရင်ကြီး နတ်ရွာစံပြီးနောက် အန်း (ခေါ်) ဘုရင်ဖြစ်လာခဲ့သည်။ ဓာတ်ပုံ – ရေးမွန် ပက်ခ်နုခို

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar