မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နယ်ကြားစောင့် တပ်ဖွဲ့ဝင်များအကြား အချင်းချင်း ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေကြောင်း ဆွေးနွေးခဲ့ကြသည်ဟု သမ္မတဦးထင်ကျော်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံပူးတွဲထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးအတွက် အရေးကြီးသော နှစ်နိုင်ငံ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန် နှစ်နိုင်ငံ ထပ်လောင်း ကတိကဝတ် ပြုခဲ့ကြသည်ဟုလည်း သြဂုတ် ၂၉ ရက်နေ့က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သမ္မတဦးထင်ကျော်သည် အိန္ဒိယနိုင်ငံ သမ္မတ ရှရီ ပရာနာ့ဗ် မူကာဂျီး၏ ဖိတ်ကြားချက်အရ လေးရက်ကြာချစ်ကြည်ရေး ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ သြဂုတ် ၂၇ ရက်နေ့က ရောက်ရှိခဲခြင်းဖြစ်သည်။ သြဂုတ် ၂၉ ရက်နေ့တွင် ဦးထင်ကျော်သည် အိန္ဒိယ သမ္မတ၊ ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံအကျိုးတူဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကီလိုမီတာ ၁,၆၀၀ ကျော် ရှည်လျားသည့် နှစ်နိုင်ငံ နယ်နိမိတ် တစ်လျောက်တွင် သောင်းကျန်းသူအဖွဲ့များ လှုပ်ရှားနေမှုကို အိန္ဒိယနိုင်ငံက စိုးရိမ်ပူပန်လျက် ရှိသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က အဆိုပါ နယ်စပ်ဒေသတွင် လှုပ်ရှားကာ အိန္ဒိယအစိုးရကို တော်လှန်နေသည့် နာဂသောင်းကျန်းသူအဖွဲ့အား အိန္ဒိယကွန်မန်ဒိုများက တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးမှာ မြန်မာနိုင်ငံပိုင်နက်အတွင်း ဝင်ရောက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းများက ရေးသားခဲ့ကြသော်လည်း နှစ်နိုင်ငံလုံးက ငြင်းဆိုခဲ့ကြသည်။
အိန္ဒိယအစိုးရက ၎င်းတို့ တပ်ဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံတွင်း ဝင်ရောက်ခဲ့ခြင်းမရှိဟု ပြောကြားခဲ့ကြသလို မြန်မာ့တပ်မတော်ကလည်း အိန္ဒိယတပ်များ ဝင်ရောက်ခြင်းမရှိဟု သတင်းထုတ်ပြန်ခဲ့သည်။
“တစ်နိုင်ငံ၏ အချုပ်အခြာနှင့် ပိုင်နယ်နယ်မြေ တည်တံ့ခိုင်မြဲရေးကို တစ်နိုင်ငံက လေးစားကြောင်းနှင့် တစ်နိုင်ငံကို ရန်လိုတိုက်ခိုက်ရန် အခြားတစ်နိုင်ငံ၏ နယ်မြေကို အသုံးပြုခွင့်အား မည်သည့် သောင်းကျန်းသူအုပ်စုကိုမျှ ခွင့်မပြုရေးမူကို ဆက်လက်ကျင့်သုံးရန်လည်း နှစ်ဖက်လုံးက ထပ်လောင်း ပြောကြားခဲ့ကြပါသည်” ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အကြမ်းဖက်ဝါဒ၏ အန္တရာယ်နှင့် နည်းလမ်း အမျိုးမျိုးဖြင့် လှုပ်ရှားလျက်ရှိသည့် သောင်းကျန်းမှုလုပ်ရပ်အားလုံးတို့ကို တိုက်ဖျက်ရန် ထပ်လောင်းကတိပြုခဲ့ကြသည်ဟု ဖော်ပြထားသည်။
ပင်လယ်ရေကြောင်းလုံခြုံရေးအတွက်လည်း လက်ရှိဆောင်ရွက်နေသည့် နှစ်ဖက်ဆွေးနွေးပွဲများကို ရည်ညွှန်းလျှက် ဘင်္ဂလားပင်လယ်အော်အတွင်း ပင်လယ်ရေကြောင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုသည် နှစ်နိုင်ငံလုံးအတွက် အရေးကြီးကြောင်း နှစ်ဖက်သဘောတူညီခဲ့ကြသည်။
သမ္မတဦးထင်ကျော်၏ ခရီးစဉ်အတွင်း အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား နားလည်မှုစာချွန်လွှာလေးခုကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် နှစ်နိုင်ငံ ကုန်းလမ်းနယ်စပ်ကို ဖြတ်သန်း၍ နှစ်ဖက်ပြည်သူများ ချောမွေ့စွာ ကူးသန်းသွားလာနိုင်ရေး၊ ပြည်သူအချင်းချင်း ဆက်သွယ်မှု တိုးမြှင့်ရေးတို့အတွက် တမူး-မိုရေးနှင့် ရိ-ဇိုခေါဒါ နယ်စပ်ဂိတ်များ၌ လူဝင်မှုကြီးကြပ်ရေးရုံးများ ဆောလျင်စွာ ဖွင့်လှစ်ရေးကိစ္စကိုလည်း နှစ်ဖက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။