တရုတ်-မြန်မာ နယ်စပ်အနီး မူဆယ်ဒေသတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပေါ်နေသည့် တိုက်ပွဲများ ရပ်တန့်ရန် တရုတ်နိုင်ငံက နိုဝင်ဘာ ၂၀ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။
တရုတ်နိုင်ငံသည် တရုတ်-မြန်မာနယ်စပ်ဒေသ၏ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် အလေးအနက် ဂရုပြုပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ဒေသအချို့တွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားရခြင်းနှင့် စပ်လျဉ်း၍လည်း အလေးအနက် ဂရုပြုပါကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များကို နိုဝင်ဘာ ၂၀ ရက်နေ့က ပြောကြားခဲ့သည်ဟု ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံ သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
သက်ဆိုင်ရာဘက်အသီးသီးမှ ချုပ်ထိန်းပြီး ပစ်ခတ်မှုများကို ရပ်စဲစေရန်နှင့် ထိပ်တိုက်တွေ့မှုများ ပိုမိုမပြင်းထန်စေရန် မျှော်လင့်ထားသလို သက်ဆိုင်ရာ ဘက်အသီးသီးမှ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီး မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုရရှိစေရန်အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်စေရန် တရုတ်နိုင်ငံက တိုက်တွန်းသည်ဟုလည်း ၎င်းကပြောကြားသည်။
မူဆယ်ဒေသတွင် နိုဝင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းက စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တပ်မတော်သားနှင့် အရပ်သား စုစုပေါင်း ရှစ်ဦးသေဆုံးခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေပြီး တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် အချက်အချာဒေသဖြစ်သည့် မူဆယ်မြို့အနီးရှိ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအပါအဝင် ဒေသအချို့အား ယနေ့နံနက်အစောပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KIA (ကချင်)အဖွဲ့၊ TNLA (တအောင်းပလောင်) အဖွဲ့နှင့် MNDAA ပူးပေါင်းအဖွဲ့များသည် နိုဝင်ဘာ ၂၀ ရက် ၊ နံနက် ၂ နာရီ အချိန်ခန့်မှစ၍ မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား အလစ်အငိုက် ရယူပြီး တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲများကြောင့် ဒေသတွင်းရှိ ပြည်သူအများအပြားလည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။
ထိုသို့ နယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိခိုက်မှုမရှိစေရန်မျှော်လင့်သည်ဟု တရုတ်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသအတွင်း ပစ်ခတ်မှုများနှင့်သက်ဆိုင်သည့် အဖက်ဖက်သည် အခြေအနေကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ပြီး ထိပ်တိုက် တွေ့ဆုံမှုများ ပိုမိုမပြင်းထန်လာစေရန် တရုတ်တပ်မတော်က မျှော်လင့်သည်ဟုလည်း ၎င်းကပြောကြားသည်။