မတ် ၃၁
နယ်စပ်တစ်လျောက်တွင် ခြံစည်းရိုး တည်ဆောက်နေမှုကို ရပ်တန့်ရေးအတွက် မြန်မာအစိုးရကို ဖျောင်းဖျပြောကြားပေးရန် နယူးဒေလီအစိုးရထံသို့ အိန္ဒိယအရှေ့မြောက်ပိုင်းရှိ နာဂလန်းပြည်နယ်အစိုးရက မေတ္တာရပ်ခံလိုက်သည်။
ကိုဟီးမားမြို့ရှိ နာဂလန်းလွှတ်တော်က အဆိုပါတောင်းဆိုချက်ပါဝင်သည့် ဆုံးဖြတ်ချက်ကို မတ် ၂၈ ရက်နေ့တွင် အတည်ပြုခဲ့သည်ဟု သတင်းစာများတွင် ရေးသားထားသည်။
အဆိုပါပြုထားသည့် အဆိုပါခြံစည်းရိုးက နယ်စပ်အနီးနေထိုင်ကြသည့် နာဂလန်းဒေသခံများကို စိုးရိမ်ပူပန်မှုများ ပေါ်ထွက်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ ဘိုးဘွားပိုင်မြေပေါ်တွင် လွတ်လပ်စွာသွားလာမှုများကို ခြံစည်းရိုးက အတားအဆီးဖြစ်လာမည်ဟု ၎င်းတို့က ယုံကြည်ထားခြင်းကြောင့် ဖြစ်ကြောင်း Times of India သတင်းစာက ရေးသားထားသည်။
ခြံစည်းရိုးတည်ဆောက်မှုအား ဆန့်ကျင်ရေးအတွက် ပြည်နယ်အစိုးရနှင့် နာဂလူမျိုးများအားလုံး စည်းစည်းလုံးလုံး ရှိနေကြသည်ဟု နာဂလန်းပြည်နယ်ဝန်ကြီးချုပ် Mr Shurhozelie Liezietsu ၏ ပြောကြားမှုကို ကိုးကားပြီး သတင်းစာက ရေးသားထားသည်။
“နာဂတွေအနေနဲ့ သူတို့ရဲ့ ဘိုးဘွားမြေတွေပေါ်မှာ လွတ်လပ်စွာ ရွေ့ပြောင်းသွားလာခွင့်ဆိုတဲ့ ရိုးရာအခွင့်အရေးကို ဖယ်ရှားပစ်ခံလိုက်ရမှု မရှိစေရေးအတွက် ဘာမဆို ကျွန်တော်တို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
နယူးဒေလီအစိုးရထံ မေတ္တာရပ်ခံမည့် အဆိုပြုချက်ကို ကျန်းမာရေးနှင့် မိသားစု လူမှုဖူလုံရေးဝန်ကြီး Mr P.Longon က တင်သွင်းခဲ့ခြင်း ဖြစ်သည်။ မြန်မာအစိုးရက နယ်စပ်ခြံစည်းရိုး တည်ဆောက်ရေးလုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီးရှိ ဝေးခံခေါင်ဖျားသည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့ကတည်းက စတင်နေပြီဟုလည်း ၎င်းက လွှတ်တော်သို့ ပြောကြားခဲ့သည်။
ခြံစည်းရိုးတည်ဆောက်မည့်ဒေသမှ ရွာသူရွာသားများက စီမံကိန်းစတင်ချိန်ကတည်း ကန့်ကွက်ခဲ့ကြသည်ဟုလည်း ၎င်းကပြောကြားသည်။ အိမ်နီးချင်းနိုင်ငံက စိုက်ထူထားသည့် သံတိုင် ၃၉ တိုင်ကိုလည်း ချက်ချင်းဖယ်ရှားသင့်သည်ဟု ၎င်းက ပြောကြားကြောင်း Times of India က ရေးသားထားသည်။
မြန်မာနှင့် အိန္ဒိယနယ်နိမိတ် မှတ်တိုင် ဘီပီ-၁၄၅ နှင့် ဘီပီ-၁၄၆ အကြားတွင် မြန်မာနိုင်ငံဘက်မှ ခြံစည်းရိုးကာရန် စီစဉ်ထားခြင်း ဖြစ်သည်။ ထိုသို့ ခြံစည်းရိုး တည်ဆောက်ရခြင်းမှာ မြန်မာနိုင်ငံဘက်မှ ဒေသအာဏာပိုင်များအနေဖြင့် နယ်စပ်စီမံခန့်ခွဲမှုကို ဆောင်ရွက်ရာတွင် ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက်သာ ဖြစ်သည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ဇန်နဝါရီလအစောပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
နယ်နိမိတ်မျဉ်းအနီး နေထိုင်သည့် နှစ်ဖက်ဒေသနေ ပြည်သူများ၏ ထုံးထမ်းစဉ်လာနှင့်အညီ တရားဝင်နည်းလမ်းဖြင့် နယ်နိမိတ်အား ပုံမှန် ဝင်/ထွက်သွားလာမှုကို ကန့်သတ်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်း မဟုတ်ဟုလည်း ဖော်ပြထားသည်။
မြန်မာဘက်အနေဖြင့် ခြံစည်းရိုးကို နယ်နိမိတ်မျဉ်းမှ ၁၀ မီတာအကွာ အဆောက်အအုံများ မဆောက်လုပ်ရန် တားမြစ်ထားသည့် ၁၀ အကွာအဝေးပြင်ပ မြန်မာပိုင်နယ်မြေအတွင်း ဆောင်ရွက်မည်ဖြစ်ကာ နယ်စပ်နေပြည်သူများ အဆင်ပြေစေရန် လိုအပ်သည့်နေရာများတွင် ဝင်/ထွက်သည့် အပေါက်များ၊ တံခါးများ စီစဉ်ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ကြားတွင် မိုင်ပေါင်း ၁,၀၀၀ ခန့် ရှည်လျားသည့် နယ်စပ်ဖြင့် ထိစပ်နေပြီး နယ်နိမိတ် ခြံစည်းရိုးကာရံမှုမှာ တစ်စိတ်တစ်ပိုင်းသာ ပြီးစီးသေးသည်။