နမ္မတူ ဘော်တွင်း သတ္တုတွင်း၏ ဘဝသံသရာ

တစ်ချိန်က ကမ္ဘာပေါ်တွင် ခဲသတ္ထု အများဆုံးထွက်ရှိရာ ဖြစ်ခဲ့ဖူးသော နမ္မတူဘော်တွင်း (မြောက်ပိုင်း ရှမ်းပြည်) တွင် သတ္ထုတူးဖော်ထုတ်လုပ်မှု ရပ်တန့်သွားခဲ့ပြီးဖြစ်ရာ ဒေသခံတို့ စားဝတ်နေရေး ခက်ခဲလျက်ရှိသည်။ သို့သော် သြစတြေးလျနိုင်ငံမှ သတ္ထုတူးဖော်ရေးကုမ္ပဏီတစ်ခုက နမ္မတူဘော်တွင်းကို ယခင်ခေတ်ကောင်းစဉ်က အခြေအနေမျိုး ပြန်ရောက်လာစေရေးအတွက် ကြိုးပမ်းရန် စိတ်ဝင်စားလျက်ရှိသည်။

ကျော်လင်းထွန်း ရေးသားသည်။

ချောင်းလေး နံဘေး ရေတိမ်တိမ် ရွှံ့ညွံထဲမှ ကျောက်စရစ်ခဲများကို တောင့်တောင့်ခိုင်ခိုင် လူကြီးတစ်ယောက်က ပေါက်ပြားဖြင့် တူးဆွနေသည်။ သူ့ပေါက်ပြားက မာကျောသည့် အရာတစ်ခုခုကို ထိလိုက်သံကြားလျင် ခေတ္တရပ်ပြီး ရေထဲသို့ လက်ဖြင့်နှိုက်စမ်းကာ ကျောက်ခဲတစ်ခုကို ဆယ်ယူလိုက်သည်။ ကျောက်ခဲကို အသေအချာ အနီးကပ် စစ်ဆေးကြည့်ရှုပြီးနောက် ရိုးရိုး ကျောက်ခဲဆိုလျှင် လွှင့်ပစ်လိုက်သည်။ အတော်လည်းလေးမည်၊ သတ္တုရောင်လည်း လက်နေမည်ဆိုလျှင်တော့ သူ့အိပ်ထဲ ထည့်လိုက်လေသည်။

ဤကဲ့သို့ ကြက်ယက်သလိုယက်ပြီး လိုက်လံရှာဖွေ စားသောက်နေကြရသည်ကို ကြည့်ခြင်းအားဖြင့် ရှမ်းပြည်မြောက်ပိုင်း နမ္မတူဒေသတွင် တချိန်က ကျော်ကြားထင်ရှားခဲ့သော ဘော်တွင်းမိုင်းကြီး၏ လက်ရှိအခြေအနေကို မှန်းဆနိုင်မည်ဖြစ်သည်။ ၁၄၀၀ ကျော်နှစ်များကတည်းက ဘော်တွင်းဒေသမှ ငွေသတ္ထုများကို တရုတ်များက တူးဖော်ယူခဲ့ကြသည်။ ၁၉၀၀ ပြည့်လွန်အစောပိုင်းနှစ်များတွင် (နောင်တစ်ချိန်၌ အမေရိကန်သမ္မတဖြစ်လာသည့်) မစ္စတာ ဟားဗတ်ဟူးဗား၏ ဦးဆောင်မှုဖြင့် သတ္ထုတူးဖော်ခြင်းကို ပြန်လည်လုပ်ကိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်မဖြစ်မီအချိန်က ဘော်တွင်းသတ္တုတွင်းသည် ကမ္ဘာပေါ်တွင် ခဲသတ္ထုအများဆုံးထွက်ရှိရာ ဖြစ်ခဲ့ပြီး ခဲနှင့်အတူ ငွေနှင့် သွပ်သတ္ထုများလည်း အမြောက်အများ ထွက်ရှိခဲ့သည်။ ၁၉၂၀ ပြည့်လွန်နှင့် ၁၉၃၀ ပြည့်လွန်နှစ်များအတွင်းက ဘော်တွင်းမိုင်းသည် ဗြိတိသျှနေမဝင် အင်ပါယာကြီးတွင် သတ္ထုသယံဇာတ အကြွယ်ဝဆုံး သတ္ထုတွင်းတစ်ခုဖြစ်ခဲ့ရာ ခေတ်မီနည်းပညာ စက်ယန္တယားများဖြင့် ပထမနှစ် ၃၀ အတွင်း ထုတ်ယူရရှိခဲ့သည့် သတ္ထုပမာဏသည် ယနေ့ခေတ် ငွေတန်ဖိုးနှင့် တွက်ချက်လျှင် ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိခဲ့သည်။

ဘော်တွင်းအနီးတွင် ပေါက်ပြားတစ်လက်ဖြင့် သတ္ထုရှာနေသူမှာ အသက် ၅၁ နှစ်ရှိပြီဖြစ်သည့် ဦးအောင်စိုးဖြစ်သည်။ သတ္ထုတွင်းတွင် အလုပ်လုပ်ကိုင်ရန် ဘော်တွင်းသို့ လွန်ခဲ့သော အနှစ် ၃၀ က ရောက်ရှိသူဖြစ်ပြီး သားသမီး လေးယောက်၏ ဖခင်ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်အထိ ဘော်တွင်းတွင် လခစားဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် ဝင်းမြင့်မိုရ် စက်မှုကုမ္ပဏီ လိမိတက်(Win Myint Mo Industrial Co.Ltd) က ခဲနှင့် သွပ်သတ္ထု ထုတ်လုပ်မှု မျှဝေရေး ၁၀ နှစ်သဘောတူစာချုပ်ကို စစ်အစိုးရနှင့် ချုပ်ဆိုပြီး ဘော်တွင်းသတ္ထုထုတ်လုပ်ရေးကို သိမ်းယူ လုပ်ကိုင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီ ၅ ရက်နေ့တွင် ပုဂ္ဂလိကပိုင်ပြုလုပ်ပြီး မကြာမီမှာပင် ဦးအောင်စိုးတို့အား  အလုပ်မှ ရပ်နားလိုက်သည်။ ထိုအချိန်မှစ၍ ဘော်တွင်းမိုင်း၏ မြေပေါ်မြေအောက် ထုတ်လုပ်မှု အားလုံး ရပ်တန့်သွားခဲ့သည်။

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဘော်တွင်းဒေသတွင် ထိုအပြောင်းအလဲကြီး ဖြစ်ပေါ်ခဲ့ပြီးနောက် ဦးအောင်စိုးတို့ မိသားစုအပါအဝင် နမ္မတူမြို့နယ်အတွင်းရှိ လူထောင်ပေါင်းများစွာတို့မှာ စားဝတ်နေရေး အခက်တွေ့ကြရတော့သည်။ သတ္ထုတွင်းမှ အလုပ်ဖြုတ်ခံရပြီးနောက် ပဲရောင်းသည့် အလုပ်ကို ဦးအောင်စိုးက လုပ်ကြည့်သေးသော်လည်း မအောင်မြင်ခဲ့ပေ။ ထိုအခါ ဦးအောင်စိုးက အကြီးဆုံးသားကိုခေါ်ပြီး မိသားစုကို ထမင်းကျွေးနိုင်ရန် တရားမဝင် သတ္ထုရှာဖွေရတော့သည်။ ဝင်းမြင့်မိုရ် ကုမ္ပဏီက သတ္တုတွင်းကို မသိမ်းယူမီ်က ဦးအောင်စိုးတို့နေထိုင်သော ကျားစခန်းတွင် အလုပ်သမား ၁,၅၀၀ ကျော်အထိ နေထိုင်ခဲ့သော်လည်း ယနေ့အချိန်တွင် ၂၀၀ ခန့်သာ ကျန်ရှိတော့သည်။

သို့သော် သြစတြေးလျနိုင်ငံအခြေစိုက် Myanmar Metals ကုမ္ပဏီက ဘော်တွင်းမိုင်းကို စိတ်ဝင်စားသည့် အရိပ်အရောင်များကို မကြာခင်က ပြသခဲ့သဖြင့် တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သော ဘော်တွင်းမိုင်း ပြန်လည်နိုးထလာတော့မည်လောဟု မျှော်လင့်ချက်ရှိလာခဲ့သည်။

ဝင်းမြင့်မိုရ်ကုမ္ပဏီသည် ဘော်တွင်းမိုင်းသို့ ဝင်လျှင် ဝင်ခြင်း ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအချိန်က Asia World Group ၏ လက်အောက်ခံကုမ္ပဏီလေးတစ်ခုဖြစ်သော ဝင်းမြင့်မိုရ်ထံ နမ္မတူဘော်တွင်းကို လွှဲပြောင်းပေးပြီးနောက် ဘော်တွင်း အလုပ်သမားများကို နစ်နာကြေး မဖြစ်စလောက်သာပေးပြီး အလုပ်မှထုတ်ပစ်ခဲ့ရာ အလုပ်သမား သပိတ်မှောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

typeof=

၂၀၁၂ ခုနှစ်၊ ဇွန်လတွင် အကြီးကျယ်ဆုံး သပိတ်များ ဖြစ်ပွားခဲ့သည်။ အလုပ်သမားများ၏ တောင်းဆိုချက်တွင် အလုပ်သမား အနည်းဆုံးလစာ ကျပ် ၆၅,၀၀၀ ပေးရေး၊ ဘော်တွင်းဆေးရုံတွင် အချိန်ပြည့်ဆရာဝန်တစ်ဦး ခန့်ထားပေးရေးနှင့် အလုပ်သမားများကို ဖြုတ်မပစ်ဘဲ ကုမ္ပဏီ၏ အခြားလုပ်ငန်းများသို့ ပြောင်းရွှေ့ ခန့်ထားပေးရေးများ ပါဝင်သည်။ အလုပ်သမားတောင်းဆိုချက်များကို ကုမ္ပဏီက လိုက်လျောခဲ့သဖြင့် အလုပ်သမားများက သပိတ်မှောက်မှုကို ရပ်ဆိုင်းခဲ့သည်။

ဦးနေမျိုးသည် ဘော်တွင်းတွင် ၃၅ နှစ်ကြာ လုပ်ကိုင်ခဲ့သူဖြစ်ပြီး ဘော်တွင်းမိုင်းက အမှတ် (၁) သတ္ထုတွင်းလုပ်ငန်း လက်အောက်တွင်ရှိစဉ်က မိုင်း၏ အထွေထွေမန်နေဂျာအဖြစ် နောက်ဆုံး တာဝန်ယူခဲ့သူဖြစ်သည်။ ဘော်တွင်းမိုင်း၏ အနာဂတ်အလားအလာပေါ် ယုံကြည်မှုအပြည့်ရှိသူဖြစ်ရာ ဘော်တွင်းမိုင်း လက်ပြောင်းသွားချိန်တွင် သတ္ထုတွင်းဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးအဆင့်ဖြင့် နေပြည်တော်သို့ ပြောင်းရွှေ့ပေးမည်ဆိုသည်ကို လက်မခံဘဲ ဘော်တွင်းမှာပင် ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ခဲ့သူဖြစ်သည်။

“ကျွန်တော် ဒီသတ္ထုတွင်းကို တဖန်ပြန်လည်နိုးထလာအောင် ကူညီချင်ပါတယ်” ဟု မကြာမီက တွေ့ဆုံခဲ့ချိန်တွင် ဦးနေမျိုးက Frontier ကိုပြောသည်။

ဝင်းမြင့်မိုရ်ကုမ္ပဏီက ဦးနေမျိုးကို အထွေထွေမန်နေဂျာအဖြစ် ပြန်လည် ခန့်အပ်ခဲ့သော်လည်း “ဘာလုပ်ပိုင်ခွင့် အာဏာမှ မရှိ” ဟု ဦးနေမျိုးကပြောသည်။ လုပ်ပိုင်ခွင့်အာဏာ အားလုံးကို ဦးသန်းလွင်မြင့်ဆိုသူက ရယူထားခဲ့သည်ဟု ဆိုသည်။ ဦးသန်းလွင်မြင့်ကိုလည်း အထွေထွေမန်နေဂျာ ရာထူးပင် ပေးထားသည်။ ကိုနေမျိုး၏ အဆိုအရ ဦးသန်းလွင်မြင့်ထံတွင် သတ္ထုတွင်း အတွေ့အကြုံမရှိဟုဆိုသည်။

၂၀၁၅ ခုနှစ်တွင် ဝင်းမြင့်မိုရ်ကုမ္ပဏီသည် National Infrastructure Holdings Co.Ltd ၏ လက်အောက်သို့ ရောက်ရှိသွားသဖြင့် ဘော်တွင်းမိုင်းမှာလည်း ပိုင်ရှင်ပြောင်းသွားပြန်သည်။ NIHC ၏ ဒါရိုက်တာအချို့မှာလည်း Asia World တွင် ပါဝင်လုပ်ကိုင်ခဲ့သူများပင် ဖြစ်သည်။ ကန်ထရိုက်စာချုပ်သက်တမ်းကိုလည်း ၁၅ နှစ်အထိ တိုးမြှင့်ခဲ့သည်။

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဝင်းမြင့်မိုရ်ကုမ္ပဏီ၏ ကန်ထရိုက်စာချုပ်မှာ နမ္မတူ-ဘော်တွင်းမိုင်း၏ ၃၈ စတုရန်းကီလိုမီတာဧရိယာ အကျုံးဝင်သည်ဟု NIHC ကုမ္ပဏီက ပြောကြားထားသည်။ ဘော်တွင်းမိုင်းကိုလည်း ခေတ်မီသတ္ထုတွင်းတစ်ခုဖြစ်အောင် ဖန်တီးမည်ဟု ၎င်းတို့က ဆိုသည်။ ၂၀၁၂ ခုနှစ်တွင် လူသိရှင်ကြား ထုတ်ပြန်ချက်အရ နမ္မတူဘော်တွင်းသတ္ထုသိုက်၏ ခန့်မှန်း သတ္ထုခိုအောင်း ပမာဏမှာ ခဲ၊ ငွေ၊ သွပ် စုစုပေါင်းတန်ချိန် ၄၁ ဒသမ ၄ သန်းနှင့် ကြေးနီနှင့် နီကယ်သတ္ထုအချို့လည်း ခိုအောင်းနေသည်ဟု ခန့်မှန်းတွက်ချက်ထားသည်။ ဝင်းမြင့်မိုရ်ကုမ္ပဏီကို NIHC ကုမ္ပဏီက ရယူလိုက်ပြီး နောက်ပိုင်းတွင် သတ္ထုသိုက် စမ်းသပ်တိုင်းတာရေးနှင့် သတ္ထုသိုက်ပမာဏ သုံးသပ်လေ့လာရေးများ လုပ်ဆောင်လာသဖြင့် ဒေသခံတို့ အားတက်လာခဲ့ကြသည်။

သတ္ထုတူးဖော် ထုတ်လုပ်မှု

သတ္တုတွင်းလုပ်ငန်း၏ စာရင်းများအရ ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် သတ္တုတွင်းအများဆုံးရှိနေသည့် ဒေသဖြစ်ကာ သတ္တုတွင်းအသေးနှင့် အကြီး ၃၀၀ ကျော်ကို တူးဖော်လုပ်ကိုင်နေသည်။ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုအနက် မန္တလေးနှင့် စစ်ကိုင်းတွင်သာ ရှမ်းပြည်နယ်ထက် သတ္တုတွင်းအရေအတွက် ပိုမိုများပြားနေသည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် နမ္မတူ-ဘော်တွင်း တစ်နေရာထဲတွင်သာ သန့်စင်သည့် ခဲနှင့် ငွေသတ္တုများ ထုတ်လုပ်နိုင်ပြီး ကျန်သတ္တုတွင်းများတွင် အရောအနှောများသာ ထွက်ရှိသည်။

ဗြိတိသျှကိုလိုနီ လက်အောက်တွင်ရှိစဉ်က ဘော်တွင်းမိုင်းကို Burma Corporation က လုပ်ကိုင်ခဲ့ရာ ဟူးဗား၏ ကျွမ်းကျင်မှုအပေါ် အခိုက်အတန့် မှီခိုခဲ့ရသည်။ ဟားဗတ်ဟူးဗားသည် ၁၉၂၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ ၃၁  ယောက်မြောက် သမ္မတဖြစ်လာခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းဦးဆောင်သော စစ်တပ်က နိုင်ငံကို အာဏာသိမ်းခဲ့ပြီးနောက် ကုမ္ပဏီများစွာကို ပြည်သူပိုင်သိမ်းခဲ့ရာတွင် Burma Corporation လည်း ပါဝင်သွားခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီး နောက်ပိုင်းတွင် ဘော်တွင်းမိုင်း၌ ထုတ်လုပ်မှုကျဆင်းလာပြီး ပျမ်းမျှအားဖြင့် သတ္ထုပါဝင်မှုမှာလည်း ကျဆင်းလာသည်။ ပြည်သူပိုင်သိမ်းပြီးနောက်ပိုင်းတွင် ပိုမိုကျဆင်းသွားရာ ဦးနေဝင်း၏ ဆိုရှယ်လစ်အစိုးရက ဂျာမနီမှ ဘူမိဗေဒပညာရှင်နှင့် သတ္ထုတွင်းအင်ဂျင်နီယာများထံ အကူအညီ တောင်းခံခဲ့သည်။ ဂျာမန်ပညာရှင်များက ဟင်းလင်းဖွင့် သတ္ထုတူးဖော်နည်း (open-pit mining) ကို အသုံးပြု တူးဖော်ရန်နှင့် နာမည်ကျော်စိုက်တွင်း (shaft) များဖြစ်သော Dead Chinaman၊ Tiger Tunnels နှင့် Marmion စိုက်တွင်းများကို back-fill ဖြစ်သည့် ပြန်ဖို့မြေနည်းအသုံးပြုရန် အကြံပြုခဲ့သည်။ ဂျာမန်ပညာရှင်တို့၏ အကြံပြုချက်ဖြင့် open-pit မိုင်းမှထွက်လာသော မြေစာနှင့် သတ္ထုရိုင်းရောရာများမှ သတ္ထုရိုင်းသန့် ခွဲထုတ်ရန် Concentrator တစ်ခုကိုလည်း ဆောက်လုပ်ခဲ့သည်။ သို့ရာတွင် ဟင်းလင်းဖွင့်တွင်းမှရရှိသော သတ္ထုရိုင်းတွင် ခဲသတ္ထုပါဝင်နှုန်း နည်းပါးလှသည်။ “မြေအောက်မိုင်းကရတဲ့ သတ္ထုရိုင်းတွေမှာ ခဲနဲ့ ငွေသတ္ထုပါဝင်နှုန်း မြင့်မားတာကြောင့် တွင်းထွက် သန့်စင်ရာမှာ ကျိုချက်ရာမှာ ပိုပြီးလွယ်ကူတယ်” ဟု ဦးနေမျိုးကပြောသည်။ “၁၉၈၀ ခုနှစ်မှာ စက်မှုအင်ဂျင်နီယာတစ်ဦးအဖြစ် ဘော်တွင်းမိုင်းမှာ အလုပ်စဝင်စဉ်က တစ်နေ့ကို သတ္ထုရိုင်းသန့် (ore-concentrate) တန် ၅၀၀ အထိ ထွက်တယ်။ ဒါပေမဲ့ ကျဆင်းသွားလိုက်တာ ၂၀၀၉ ရောက်တော့ တစ်နေ့ တန် ၅၀ တောင် မပြည့်တော့ဘူး” ဟု ဦးနေမျိုးကပြောသည်။

ဦးသိန်းဝင်းသည် အမှတ် (၁) သတ္ထုတွင်းလုပ်ငန်း (ME-1) နမ္မတူရုံးမှ ရုံးအုပ်တစ်ယောက်ဖြစ်ပြီး သူ့လက်အောက်တွင် ဝန်ထမ်း ရှစ်ယောက်ရှိသည်။ ယခင်က ဝင်းမြင့်မိုရ်ကုမ္ပဏီအား နည်းပညာအကူအညီနှင့် ဘူမိဗေဒကျွမ်းကျင် အကူအညီများ ပေးခဲ့သော်လည်း သတ္ထုတွင်း၌ သတ္ထုတူးဖော်ရေး မလုပ်တော့သဖြင့် ME-1 မှ ပင်စင်စားဝန်ထမ်းဟောင်း ၃,၀၀၀ အား ပင်စင်လစာ တွက်ချက်ထုတ်ပေးရသည့် အလုပ်ကိုသာ လုပ်ကိုင်နေရတော့သည်။ ဦးသိန်းဝင်းသည် ဘော်တွင်းကို အလွန် သံယောဇဉ်ကြီးသူဖြစ်ပြီး စလွှဲပြောင်းရယူခဲ့သည့် အချိန်မှစ၍ အခက်အခဲအမျိုးမျိုး ရင်ဆိုင်ခဲ့ရသော ဝင်းမြင့်မိုရ် ကုမ္ပဏီကို ကိုယ်ချင်းစာနာနေမိသည်။

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

“ဘာမှလုပ်လို့မရပါဘူး။ သတ္ထုတွင်းကနေ ဘာဝင်ငွေမှမရှိပေမယ့် ဝန်ထမ်းတွေကိုတော့ လစာပုံမှန် ပေးနေရပါတယ်။ ဒီမိုင်းကို ပြန်ပြီး ရှင်သန်လာအောင်လုပ်ဖို့ အကြီးဆုံးစိန်ခေါ်မှုတွေကတော့ နည်းပညာ၊ စက်ကိရိယာနဲ့ ကျွမ်းကျင်လုပ်သားမရှိတဲ့ အခက်အခဲတွေပါပဲ” ဟု သူကပြောပါသည်။

ME-1 မှ ဝင်းမြင့်မိုရ်ကုမ္ပဏီသို့ ပြောင်းရွှေ့လာသူ ဘူမိဗေဒဝန်ထမ်းတစ်ဦး သတ္ထုတွင်းကို ဟင်းလင်းဖွင့်နည်းနဲ့တူးဖော်ဖို့ အပေါ်တွင် ဖုံးအုပ်နေသည့် မြေသား၊ ကျောက်သားများကို ဖယ်ရှားပစ်ရန် ကုန်ကျမည့်စရိတ်အတွက် အစိုးရထံတွင် အသင့် စီစဉ်ထားမှု မရှိခဲ့ဟု ပြောသည်။ ထိုသို့ ဖြိုချဖယ်ရှားရာတွင် စက်ယန္တရားကြီးများအတွက် ဒီဇယ်ဆီပင် အလုံအလောက ်မရှိခဲ့ဟု ဆိုသည်။ မကြာမီနှစ်များအတွင်းက ဘော်တွင်းမိုင်းဒေသတွင် ထုတ်လုပ်ရေး၌ အခက်အခဲ တွေ့ကြရသော ကုမ္ပဏီများမှာ ဝင်းမြင့်မိုရ်ကုမ္ပဏီတစ်ခုထဲ မဟုတ်ပေ။ ကိုလိုနီခေတ် သတ္ထုကျိုချက်သောစက်ရုံ (Smelters) များမှ စွန့်ပစ်လိုက်သော ချော် (Slag) များဖြင့်ဖုံးလွှမ်နေသည့် မြေငါးဧကမှ သွပ်အောက်ဆိုက် (Zinc Oxide) ထုတ်ယူရန် Myanmar Apex Mining Co.Ltd က ၂၀၀၁ ခုနှစ်တွင် အငှားစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။ လောင်စာအဖြစ်အသုံးပြုခဲ့သည့် Hard Coking Fuel အတွက် ကုန်ကျစရိတ်၊ အစိုးရထံ ပေးဆောင်ရမည့် အခွန်အခ ကြီးမားမှုနှင့် နည်းပညာဆိုင်ရာ ပြဿနာများကြောင့် နောက်ဆယ်စုနှစ်တစ်ခုထဲအထိ ရောက်လာခဲ့သည့်တိုင် အကောင်အထည် မပေါ်လာခဲ့ချေ။ Myanmar Apex က နောက်ဆုံးတွင် လောင်စာကိုပြောင်းသုံးပြီး အစိုးရနှင့်ချုပ်ဆိုသော စာချုပ်ကိုလည်း ပြန်လည်ညှိနှိုင်း၍ ၂၀၁၀ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့သည်။ ထိုတစ်ကြိမ်တွင်လည်း နောက်ထပ်ပြဿနာတစ်ခုအား ထပ်မံ ရင်ဆိုင်ရပြန်သည်။ စက်ရုံမှစွန့်ပစ်သော  စွန့်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်ရသည်ဟု  ဒေသခံတို့က တိုင်တန်းကြခြင်းဖြစ်သည်။

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ကုမ္ပဏီအနေဖြင့် ပုံမှန်လုပ်ငန်းများကို ပြီးခဲ့သည့်နှစ်တွင်မှ စတင်လုပ်ကိုင်လာနိုင်ပြီး ယခုအခါ အလုပ်သမား ၂၀၀ ကို အလုပ်အကိုင် ပေးထားနိုင်ပြီဖြစ်သည်။ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် အစိုးရထံမှ ချော် တန်ချိန် ၆၃,၀၀၀ ကျော်ကို ကျပ် ၁ ဒသမ ၇ ဘီလျံဖြင့် ဝယ်ယူပြီး တန်ချိန် ၁၆,၀၀၀ ကို ပြည်ပသို့ တင်ပို့နိုင်ခဲ့သည်။

လူမှုရေး သက်ရောက်မှု

အသက် ၇၂ နှစ်အရွယ် ဦးလှမြင့်ခိုင်သည် မည်သည့် ပညာအရည်အချင်းမှမရှိဘဲ ဘော်တွင်းမိုင်းတွင် လွန်ခဲ့သော ၅၂ နှစ်ကစတင် လုပ်ကိုင်ခဲ့သူဖြစ်သည်။ သို့သော် လုပ်သက်အတွေ့အကြုံဖြင့် အဆင့်ဆင့်တက်လာခဲ့ရာ အငြိမ်းစားပင်စင်ယူချိန်တွင် ပုံဆွဲဌာနမှူးရာထူးဖြင့် ပင်စင်ယူခဲ့သည်။ ဦးလှမြင့်ခိုင်၏ဖခင်မှာလည်း ဘော်တွင်းမှာပင် အလုပ်လုပ်ခဲ့သူဖြစ်သည်။ ထိုခေတ်က နမ္မတူဘော်တွင်းသည် ရှမ်းပြည်တခွင်တွင် အလုပ်အကိုင် အများဆုံးပေးခဲ့သော ဌာနကြီးဖြစ်သည်။

“ဟိုခေတ်ကနဲ့ ခုအချိန်ကွာခြားတာကတော့ ကုမ္ပဏီတွေနဲ့ အစိုးရဋ္ဌာနတွေ သူတို့အလုပ်သမားအပေါ် သဘောထား ဆက်ဆံပုံမှာ အလွန်ကွာခြားလာတာပါပဲ” ဟု ဦးလှမြင့်ခိုင်ကပြောသည်။ သူ့ဖခင်သည် အခြေခံသတ္ထုတွင်း လုပ်သားတစ်ဦးသာ ဖြစ်သော်လည်း ကုမ္ပဏီ၏ လူမှုရေးဖူလုံရေး ရံပုံငွေတွင် ပါဝင်နိုင်ခဲ့သည်။ ၁၉၅၀ ပြည့်လွန်နှစ်များက ဘော်တွင်းမိုင်းသည် အစိုးရနှင့် Burma Corporation တို့ ဖက်စပ်ပိုင်ဖြစ်လာသည်။ ထိုအချိန်က အသက် ၁၂ နှစ်သာရှိသေးသော ဦးလှမြင့်ခိုင်သည် ကုမ္ပဏီပိုင်လေယာဉ်ဖြင့် ခရီးသွားခွင့်ရခဲ့သည်။ ကုမ္ပဏီပိုင် ဒါကိုတာ လေယာဉ်သည် မန္တလေးနှင့်ရန်ကုန် ပုံမှန်ပျံသန်းပေးနေသည်။

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

အသက် ၆၁ နှစ်ရှိ ဦးစန်းလွင်သည် မြေအောက်သတ္ထုတွင်း အလုပ်သမားကြီးကြပ်ရေးမှူး ရာထူးဖြင့် အငြိမ်းစား ယူခဲ့သူဖြစ်ပြီး နမ္မတူမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သည်။

အိမ်ထောင်စု ၇၀၀ ကျော်ရှိသော နမ္မတူသတ္ထုတွင်း လူ့အဖွဲ့အစည်းကို ကျူးကျော်ရပ်ကွက် အဆင့်သာထားရှိပြီး စားဝတ်နေရေး ခက်ခဲနေကြရသည့်အတွက် ဝင်းမြင့်မိုရ်ကုမ္ပဏီကို သူက အပြစ်တင်ခဲ့သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ နမ္မတူမြို့လူဦးရေမှာ ၁၃,၂၉၈ ဦး ဖြစ်သည်။

ထိုအိမ်ထောင်စု ၇၀၀ ကျော်ထဲက အများစုမှာ ဤဒေသတွင် အနှစ် ၂၀ ကျော်၊ ၃၀ အထိနေထိုင်လာခဲ့ကြပြီး သတ္ထုတွင်းအပေါ် မှီခိုနေခဲ့ကြသူများဖြစ်သည်။ ပုဂ္ဂလိကပိုင် ပြုလုပ်လိုက်သည့် အချိန်မှစ၍ အလုပ်အကိုင် ရှားပါးလာသဖြင့် တင်းမာမှုများ မြင့်တက်လာနေသည်ဟု သူကဆိုသည်။

“သူတို့ရဲ့ သားသမီးတွေသာမက မြေးမြစ်တွေအထိ အလုပ်အကိုင်ရှာဖို့ ဘော်တွင်းကိုစွန့်ခွာပြီး မူဆယ်၊ လားရှိုး၊ ဖားကန့်ကိုသာမက တရုတ်ပြည်ထဲအထိတောင် သွားရောက်လုပ်ကိုင်နေကြပါပြီ” ဟု ဦးစံလွင်ကပြောသည်။ “ဒီကလေးတွေက သူတို့မိဘတွေကို ဘယ်လိုလုပ် ခေါ်သွားနိုင်ပါ့မလဲ” ဟုလည်း သူက ပြောကြားသည်။

ဘော်တွင်းတွင် နေထိုင်နေကြသူများအတွက် နောက်ထပ် အခက်အခဲမှာ ကုမ္ပဏီက အိမ်လခနှင့် ရေဖိုး၊ မီးဖိုးများ တိုးမြှင့် ကောက်ခံလာခြင်းဖြစ်သည်။

ဝင်းမြင့်မိုရ်ကုမ္ပဏီကမူ တစ်နေ့ ကျပ် ၅၀၀ ကနေ ၁,၀၀၀ အထိသာ တိုးမြှင့် ကောက်ခံခြင်းဖြစ်ကြောင်းနှင့် ကုမ္ပဏီ အလုပ်သမား နေအိမ်များကို ပြုပြင်ထိန်းသိမ်းရန် ထိုသို့ ကောက်ခံရန်လိုအပ်ကြောင်း ကာကွယ်ပြောကြားသည်။

ဦးနေမျိုးက ကုမ္ပဏီအခြေအနေပေါ်၌ နားလည်ပေးရန် ပြောကြားသည်။ “တစ်နိုင်ငံလုံးမှ ာရှာကြည့်။ ဒီလိုအိမ်မျိုးမှာ ဒီလောက်ဈေးနဲ့ ဘယ်မှာနေလို့ရမလဲ” ဟု သူကပြောသည်။

နမ္မတူမြို့နယ်မှ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက နမ္မတူမြို့နယ်မှ ပါဝင်သက်ဆိုင်သူများနှင့် ထိုကိစ္စကို ဆွေးနွေးရန် စီစဉ်နေကြောင်း၊ လိုအပ်လျှင် လွှတ်တော်၌ တင်ပြမည်ဖြစ်ကြောင်း၊ သတ္ထုတွင်းမှ အငြိမ်းစားပင်စင်ယူပြီးသူများ ကုမ္ပဏီနေအိမ်မှ ထွက်ခွာသွားရန် ရည်ရွယ်လျက် ကုမ္ပဏီက အိမ်လခနှင့်ရေဖိုးမီးဖိုးများကို တမင်သက်သက် ဈေးမြှင့်ခဲ့ခြင်းဖြစ်သည်ဟု ဝင်းမြင့်မိုရ်ကုမ္ပဏီမှ အကြီးတန်းအရာရှိက သူမကိုပြောကြောင်း Frontier ကို ရှင်းပြသည်။

“ဒီပြဿနာတွေမဖြစ်ခင်က အဲဒီမှာ နေထိုင်သူတွေဟာ သူတို့ဆက်လက်နေထိုင်လိုကြောင်း ကုမ္ပဏီထံ စာရေး အကြောင်းကြားထားရင် ဆက်လက်နေထိုင်လို့ရတယ်လို့ သိရပါတယ်” ဟု သူမကပြောသည်။

ထိုသို့ ခွင့်တောင်ပြီးနောက် ဝင်းမြင့်မိုရ်ကုမ္ပဏီ၏ အစီအစဉ်ဖြင့် နိုင်ငံပိုင်မြေပေါ်တွင် နေထိုင်ကြသူများက ၎င်းတို့အား နေထိုင်ခွင့်ပြုကြောင်း ဝင်းမြင့်မိုရ်ကုမ္ပဏီက အကြောင်းပြန်ကြားထားသည့် စာများကို Frontier ကို ထုတ်ပြခဲ့ကြသည်။

ကုမ္ပဏီကသတ်မှတ်သည့် အိမ်လခ မတတ်နိုင်သူများကမူ နေအိမ်မှ ဆင်းပေးကြရသည်။ ထိုအထဲတွင် အသက် ၆၂ နှစ်အရွယ် မိုင်းလုပ်သားဟောင်းကြီးတစ်ဦးလည်း ပါသည်။ ယခုအခါ သူ့မိသားစုနှင့်အတူ နမ္မတူချောင်းဘေးတွင် တဲလေးထိုးကာ နေထိုင်နေရသည်။

“အိမ်လခက ဈေးသက်သာပေမဲ့ အဲဒါကိုတောင်ပေးဖို့ ဝင်ငွေမရှိတော့ ဆင်းပေးခဲ့ရပါတယ်” ဟု သူက Frontier ကို ပြောသည်။

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ရှေ့သို့ လှမ်းမျှော်ကြည့်သော်

အတိတ်က မည်မျှပင် အခက်အခဲများ ရှိခဲ့စေကာမူ နမ္မတူ- ဘော်တွင်းကို သြစတြေးလျအခြေစိုက်ကုမ္ပဏီဖြစ်သည့် Myanmar Metals  က အထူးစိတ်ဝင်စားနေသည်။

ဝင်းမြင့်မိုရ်ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ ကုမ္ပဏီအနေဖြင့် ဘော်တွင်းတွင် ခေတ်နှင့်အညီ သတ္ထုတူးဖော်ရေးလုပ်ငန်းများ တည်ထောင်ရန် ရည်ရွယ်ထားကြောင်း၊ သတ္ထုသိုက်၏ ပမာဏနှင့် အလားအလာကိုသိရှိရန် သြစတြေးလျအခြေစိုက် ကုမ္ပဏီများဖြစ်သော Myanmar Metals Co.Ltd၊ CSA Global နှင့် Valentis ကုမ္ပဏီတို့နှင့် လက်တွဲဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

၂၀၁၆ ခုနှစ်တွင် ဘူမိဗေဒဝန်ဆောင်ရေးလုပ်ငန်း ကုမ္ပဏီဖြစ်သည့် Valentis ကုမ္ပဏီအား ဘော်တွင်းဒေသတွင် 2012 JORC Code နှင့်အညီ လွန်တူးလုပ်ငန်းနှင့် နမူနာကောက်ယူခြင်း (Drilling and Channel Sampling program according to the 2012 JORC Code) လုပ်ဆောင်ရန် ဝင်းမြင့်မိုရ်က တာဝန်ပေးခဲ့သည်။ 2012 JORC Code သည် စမ်းသပ်တိုင်းတာမှုရလဒ်နှင့် သတ္ထုသိုက်ပမာဏ တွက်ချက်အစီရင်ခံစာတွင် စံထား အသုံးပြုသည့် သြစတြေးလျ နည်းစံနစ်ဖြစ်သည်။

ဘော်တွင်းတွင် ၁၉၈၀ ခုလွန်နှစ်များနောက်ပိုင်း၌ ပထမဆုံးလုပ်ဆောင်သည့် လွန်တူးစမ်းသပ်မှုရလဒ်များအရ သတ္ထုသိုက်ပမာဏ စုစုပေါင်းမှာ ၄၁ ဒသမ ၄ သန်းဟု ခန့်မှန်းထားသည်။

ဘော်တွင်းမိုင်း၏ အနာဂတ်အစီအစဉ်နှင့် ပတ်သက်၍မူ ဝင်းမြင့်မိုရ်ကုမ္ပဏီက မည်သို့မှ ထုတ်ဖော်ပြောဆိုမှုမပြုဘဲ ရေငုံနှုတ်ပိတ်နေကြသည်။

သို့သော် သြစတြေးလျစတော့ဈေးကွက်စာရင်းဝင် ပါသ့်မြို့အခြေစိုက် Myanmar Metals ကုမ္ပဏီအနေဖြင့် ဘော်တွင်းမိုင်းနှင့် ပတ်သက်၍ ၎င်းကုမ္ပဏီ၏ အစီအစဉ်များကို ပုံမှန်ထုတ်ဖော်တင်ပြရန် လိုအပ်သည်။

နမ္မတူဘော်တွင်းဒေသသည် ကမ္ဘာပေါ်တွင် တူးဖော်ထုတ်လုပ်ခြင်း မပြုရသေးသည့် ခဲ၊ သွပ်၊ ငွေနှင့်ကြေးနီသတ္ထုများ ပေါင်းစုပါဝင်နေသည့် အကြီးဆုံးသတ္ထုသိုက်များတွင် တစ်ခုအပါအဝင်ဖြစ်သည်ဟု ကုမ္ပဏီက ဖော်ပြခဲ့သည်။

“ဒီသတ္ထုတွင်းကို ၂၀၁၇ ခုနှစ်ကတည်းက မတူးဖော်ဘဲ ဘာလို့ဒီအတိုင်းကြည့်နေကြလဲ နားမလည်နိုင်ဘူးဗျာ” ဟု ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. John Lamb က ထုတ်ဖော်ပြောဆိုခဲ့သည်။

Myanmar Metals ကုမ္ပဏီသည် ၂၀၁၇ ခုနှစ်၊ မေလတွင် ဘော်တွင်းမိုင်း လုပ်ပိုင်ခွင့်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ တွင် ၈၅ ရာနှုန်းပိုင်ဆိုင်ခွင့်ရရန် ဝင်းမြင့်မိုကုမ္ပဏီကို ပြန်အမ်းရန်မလိုသော ရင်းနှီးငွေအဖြစ် ဒေါ်လာ ၁ ဒသမ ၅ သန်းပေးရန် သဘောတူခဲ့သည်။

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

CSA Global ကုမ္ပဏီက စမ်းသပ်တိုင်းတာမှုများ ပြုလုပ်ခဲ့ပြီးနောက် နည်းပညာအရလည်းကောင်း၊ ငွေကြေး စီးပွားရေးအရလည်းကောင်း ခိုင်မာသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း အတည်ပြုခဲ့သည်ဟု ကုမ္ပဏီက ဒီဇင်ဘာလအတွင်း ကြေညာခဲ့သည်။ သွပ်၊ ခဲ၊ ငွေနှင့်ကြေးနီသတ္ထုများကို ဟင်းလင်းဖွင့်သတ္ထုတွင်းစနစ် (open-pit mine) ဖြင့် သက်တမ်းကြာရှည်စွာ ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားသည်။

သတ္ထုတွင်း၏ နှစ်စဉ်ထွက်ရှိနိုင်မှု၊ အရင်းအနှီး၊ ထုတ်လုပ်မှု ကုန်ကျစရိတ်၊ ရရှိမည့်ဝင်ငွေနှင့် သတ္ထုတွင်း၏ ခန့်မှန်းသက်တမ်းကာလတို့ကို မြန်မာအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ဆွေးနွေးပြောဆိုရာတွင် တင်ပြခဲ့သည်ဟု ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံတွင် သတ္ထုတူးဖော်ထုတ်လုပ်ရေးနှင့် ပတ်သက်၍ စီမံကိန်းရေးဆွဲခြင်း၊ စွန့်ပစ္စည်းစီမံခန့်ခွဲခြင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လူမှုရေးအပေါ်သက်ရောက်မှု လျော့ပါးရေးစသည့် ကိစ္စရပ်များတွင် Myanmar Metals က စံချိန်စံညွှန်းနှင့် အဆင့်အတန်းကို မြှင့်တင်ပေးပါလိမ့်မည်” ဟု အမှုဆောင်အရာရှိချုပ် Mr. John Lamb က Frontier ကိုပြောသည်။

“ကျွန်တော်တို့က သတ္ထုတူးဖော်ထုတ်လုပ်ရေးမှာ သြစတြေးလျရဲ့ လုပ်ကိုင်နည်းစနစ်တွေနဲ့ လုပ်ကိုင်မှာပါ။ သြစတြေးလျရဲ့ သတ္ထုတွင်းလုပ်ငန်း နည်းစနစ်တွေဟာ အကောင်းဆုံးနဲ့ ပွင့်လင်းမြင်သာမှု အရှိဆုံးလို့ တကမ္ဘာလုံးက အသိအမှတ် ပြုထားကြပါတယ်”ဟု သူက ပြောသည်။

“သတ္ထုတူးဖော်ရေးလုပ်ငန်းဟာ စနစ်တကျလုပ်ကိုင်ရင် ဒေသခံတွေနဲ့  နိုင်ငံကို ချမ်းသာကြွယ်ဝလာစေနိုင်တယ်။ ဒေသခံတွေကို လေ့ကျင့်သင်ကြားပေးနိုင်တယ်။ အခြေခံအဆောက်အအုံတွေကို တိုးတက်ကောင်းမွန်လာစေနိုင်ပါတယ်။ ဘော်တွင်းမိုင်း ပြန်ဖွင့်လိုက်ရင် ဒေသတွင်းမှာ အလုပ်အကိုင်တွေ အများကြီး ဖန်တီးပေးနိုင်မှာဖြစ်ပြီး ဒေသတွင်းစီးပွားရေး အချက်အခြာနေရာတစ်ခု ဖြစ်လာမှာပါ” ဟုလည်း သူက ဆက်လက်ပြောကြားခဲ့သည်။

“ဒီစီမံကိန်း အကောင်အထည်ဖော်နိုင်ရင် မြန်မာ့သတ္ထုတွင်းလုပ်ငန်းအပေါ် ကမ္ဘာက စိတ်ဝင်စားလာကြပါလိမ့်မယ်” ဟု Mr. Lamb ကပြောသည်။

၂၀၁၁ ခုနှစ်တွင် ပြုပြင်ပြောင်းလဲရေးများ စတင်ခဲ့သည့် အချိန်မှစ၍ အခြားကဏ္ဍများနှင့် နှိုင်းယှဉ်လျှင် သတ္ထုတူးဖော်ရေးတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု များစွာ နောက်ကျကျန်ခဲ့သည်။ ထိုသို့ဖြစ်ရသည်မှာ အဓိကအားဖြင့် ၁၉၉၄ မြန်မာ့သတ္ထုတွင်းဥပဒေ ပြင်ဆင်ရာတွင် ကြန့်ကြာနေမှုကြောင့် ဖြစ်သည်။ ဥပဒေပြင်ဆင်ချက်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာတွင် အတည်ပြုပြဋ္ဌာန်းခဲ့သော်လည်း ထိုဥပဒေကို လက်တွေ့ကျင့်သုံးနိုင်မည့် နည်းဥပဒေများကို ယနေ့ထက်တိုင် မရေးဆွဲနိုင်သေးပေ။

“ဘော်တွင်းစီမံကိန်းအတွက် အားသာချက်တွေကတော့ တူးဖော်ထုတ်လုပ်ခွင့်တွေရရှိပြီး ဖြစ်တဲ့အချက်ပါပဲ” ဟု Mr. Lamb ကပြောသည်။

“ဘော်တွင်းက အခြားစီမံကိန်းတွေနဲ့ မတူတာက ဘာမှမလုပ်ဖူးသေးတဲ့ အရိုင်းနယ်မြေတစ်ခုမှာ စမ်းသပ်တိုင်းတာ တူးဖော်ခွင့်တွေ တင်နေရတာမျိုး မဟုတ်တဲ့အချက်ပါပဲ။ ဘော်တွင်းမိုင်းကို စနစ်တကျ တူးဖော်ထုတ်လုပ်ရေး ဆက်လက် လုပ်ကိုင်သွားရုံပါပဲ။ အစီအစဉ်ကောင်းကောင်းနဲ့ စနစ်တကျ တူးဖော်ထုတ်လုပ်လိုက်ရင် အားလုံး အကျိုးရှိမယ့်ကိစ္စပါ” ဟု သူက ပြောသည်။

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဝင်းမြင့်မိုရ်ကုမ္ပဏီသည် အကြီးစားထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်သည့်အတွက် ပြည်ပမှ ကျွမ်းကျင်သူနှင့် နိုင်ငံခြားကုမ္ပဏီများကို အကဲဖြတ် စမ်းသပ်တိုင်းတာရေးလုပ်ရန် ဆက်သွယ်ခွင့်ရှိသည်ဟု သတ္ထုတွင်းလုပ်ငန်း၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြည်က ပြောသည်။

“ဝင်းမြင့်မိုရ်ကုမ္ပဏီက နိုင်ငံခြားကုမ္ပဏီနဲ့ ပူးတွဲထုတ်လုပ်ချင်တယ်ဆိုရင် အစိုးရထံ တရားဝင်လျှောက်ထားရုံပါပဲ။ ဒီလိုလုပ်ရင် မြန်မာ့ရင်းနှီးမြုပ်နှံမှုဥပဒေနဲ့အညီ ဖြစ်သွားမှာပါပဲ” ဟု ၎င်းကပြောသည်။

မျှော်လင့်ချက် ရောင်ခြည်တန်းတစ်ခု

ဦးနေမျိုးကမူ ဘော်တွင်းသတ္ထုမိုင်းအား ယခင်က ထုတ်လုပ်မှုအခြေအနေ ပြန်ရောက်ရမည်ဟု မျှော်လင့်ထားသည်။ တရုတ်လူမျိုးတို့က ဘော်တွင်းမိုင်းတွင် အနှစ် ၃၀၀ ကျော် တူးဖော်လုပ်ကိုင်ခဲ့ကြသည်။ သို့သော် တရုတ်တို့က ငွေသတ္ထုကိုသာယူပြီး ခဲနှင့်သွပ်သတ္ထုများကို စွန့်ပစ်ခဲ့ကြသည်။

“ကျွန်တော်ကတော့ မျှော်လင့်ချက်အပြည့်နဲ့ပဲ။ ဒါပေမယ့် အရေးကြီးတာက စီမံခန့်ခွဲမှု ကျွမ်းကျင်လိမ္မာဖို့ပဲ။ စမ်းသပ်တိုင်းတာရေး၊ ရင်းနှီးမြုပ်နှံမှုနဲ့ ငွေကြေးအထောက်အပံ့ကအစ ဒါတွေကို ကောင်းကောင်း စီမံခန့်ခွဲတတ်ဖို့လိုတယ်” ဟု သူက ပြောသည်။

ဘော်တွင်းအလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌဖြစ်သူ အသက် ၅၄ နှစ်ရှိ ဦးမြင့်ဦးကမူ သံလမ်းကျဉ်းကျဉ်းလေးပေါ်တွင် မောင်းနှင့်နေသည့် ရေနွေးငွေ့ရထားစက်ခေါင်းနှင့် ဘူတာရုံလေးအပါအဝင် ဘော်တွင်း၏ အနာဂတ်အရေးအတွက် စိတ်မချနိုင်သေးပေ။

“လောလောဆယ်မှာတော့ ကျွန်တော်တို့ရွာက ဆေးရုံမှာတောင် ဆရာဝန်တစ်ယောက်မှ မရှိပါဘူး။ ၂၀၁၄ ခုနှစ် မိုးတွင်းက ပျက်စီးသွားခဲ့တဲ့ ဘော်တွင်း-ကျားစခန်း ရထားလမ်းကိုတောင် ကုမ္ပဏီက ခုထိ မပြင်နိုင်သေးပါဘူး” ဟု ကိုမြင့်ဦးက ပြောသည်။

နမ္မတူချောင်းဘေးတွင် ဆည်းဆာနေညိုရိပ် သန်းလာသောအခါ သတ္ထုရှာနေကြသော ဦးအောင်စိုးနှင့် သူ့အဖော်တစ်စုတို့၏ တစ်နေ့တာလုပ်ငန်း ပြီးဆုံးပြီဖြစ်သည်။ ထိုအနီးတစ်ဝိုက်တွင် သတ္ထုအကြွင်းအကျန်များကို ကြက်ယက်သလို ရှာဖွေနေကြသူ ၁၅ ဦးခန့် မြင်တွေ့ရပြီး သူတို့ထဲမှ ငါးဦးမှာ ယခင်က မိုင်းလုပ်သားဟောင်းကြီးများဖြစ်သည်ဟု သိရသည်။ သူတို့အတွက် တစ်နေ့လျှင် ကျပ် ၅,၀၀၀ မှ ၁၀,၀၀၀ အတွင်း ရတက်ကြပြီး သူတို့ရလာသော သတ္ထုအပိုင်းအစလေးများကို မော်တော်ဆိုင်ကယ်ဖြင့် လှည့်လည်ဝယ်ယူနေကြသော ခြေသလုံးအိမ်တိုင် သတ္ထုဝယ်သမားများထံ ရောင်းချကြသည်။ ထိုသတ္ထုများ၏ ခရီးလမ်းဆုံးနေရာမှာ တရုတ်ပြည်ဖြစ်သည်ဟု သိရသည်။

ထိုသို့ တရားမဝင် သတ္ထုရှာဖွေလုပ်ကိုင်နေရသည့် ဘဝကို ဦးအောင်စိုးက ကြိုက်နှစ်သက်ခြင်း မရှိပေ။ သို့သော် မိသားစု စားဝတ်နေရေးအတွက် သူ့တွင် တခြားရွေးချယ်စရာ မရှိချေ။

“ကျွန်တော် မြေအောက်သတ္ထုတွင်းတူးသမားပဲ ပြန်လုပ်ချင်တယ်။ မြေအောက်သတ္ထုတွင်း အလုပ်သမားရဲ့ ကျွမ်းကျင်မှု အတွေ့အကြုံတွေကို ကျွန်တော့်သားကြီးဆီ အမွေအဖြစ် လက်ဆင့်ကမ်းချင်တယ်” ဟု သူကပြောသည်။ Myanmar Metals ကုမ္ပဏီသာ ဘော်တွင်းအား လုပ်ကိုင်တော့မည်ဆိုလျှင် ဦးအောင်စိုးကဲ့သို့ အတွေ့အကြုံရှိပြီး တွင်းတူးသမားတစ်ယောက်အတွက် အခွင့်အလမ်းများ ပွင့်လာနိုင်ပေသည်။

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဘော်တွင်း နှစ် ၆၀၀ သမိုင်း

၁၅ ရာစုတွင် ဘော်တွင်း၌ တရုတ်တို့က ငွေသတ္ထုကို စတင်ဝင်ရောက် တူးဖော်ခဲ့ကြသည်။ ထိုအချိန်က တရုတ်ပြည်တွင် အရောင်းအဝယ်လုပ်ကြရာ အစိုးရထုတ်ငွေစက္ကူနေရာတွင် ဒင်္ဂါးသွန်းလောင်းထားခြင်းမရှိသေးသော ငွေသတ္ထုကို အစားထိုး သုံးစွဲနေကြသဖြင့် ငွေသတ္ထုဝယ်လိုအား အလွန်များပြားခဲ့သည်။ ၁၈၆၈ ခုနှစ်တွင် တိုင်ပင်း (Taiping) ပုန်ကန်မှု ဖြစ်ပွားရာ ပိုင်ရှင်တရုတ်နှင့် အလုပ်သမားများ ထွက်ပြေးသွားကြသည်။ ထိုအခါ မန္တလေးနန်းတော်တွင် အခြေစိုက်သော ကုန်းဘောင်မင်းဆက်က ဘော်တွင်းကို သိမ်းယူလိုက်သည်။ သို့သော် မင်းတုန်းဘုရင်နှင့် သီပေါဘုရင်တို့လက်ထက်တွင် သတ္ထုတူးဖော်မှု၊ ကြိုချက်မှုများကို မလုပ်ကိုင်နိုင်ခဲ့ကြပေ။ ဤသို့ဖြင့် ၁၈၈၅ တွင် ကုန်းဘောင်မင်းဆက် နိဂုံးချုပ်သွားခဲ့သည်။

၁၉၀၀ – မီးရထားလမ်း ကန်ထရိုက်တာ AC Martin သည် ဘော်တွင်းကို ပထမဆုံးရောက်ရှိခဲ့သော အနောက်တိုင်းသားဟု အဆိုရှိခဲ့သည်။ ဘော်တွင်းတွင် စောစောပိုင်းက တူးဖော်ကျိုချက်ထားသော ချော်ပုံကြီးကို သူက စမ်းသပ်ကြည့်ခဲ့ရာ ခဲ၊ သွပ်နှင့် ငွေသတ္ထုများ များစွာပါဝင်နေကြောင်း တွေ့ရှိခဲ့သည်။

၁၉၀၃ – (လန်ဒန်မြို့တွင် မှတ်ပုံတင်ထားသော ) The Great Eastern Mining Company သည် ဘော်တွင်းနှင့် လားရှိုး- မန္တလေးရထားလမ်းကို ဆက်သွယ်ရန် ဂိတ်ကျဉ်းရထားသံလမ်းကို ၈၀ ကီလိုမီတာ ဖောက်လုပ်ပြီး ဘော်တွင်းမှ ချော် (slag) များကို သယ်ယူခဲ့သည်။

၁၉၀၄ – နောင်တွင် အမေရိကန်သမ္မတဖြစ်လာမည့် မစ္စတာဟားဗတ်ဟူးဗားသည် ထိုအချိန်က သတ္ထုတွင်း အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး Great Eastern ကုမ္ပဏီ ညွှန်ကြားရေးမှူး AC Martin ထံမှ ဘော်တွင်းအကြောင်း ကြားသိခဲ့သည်။

၁၉၀၆ – မစ္စတာဟူးဗားသည် Burma Railway and Smelting Company (နောင်တွင် Burma Corporation ဖြစ်လာ) ကို တည်ထောင်ပြီး ငွေကြေးအခက်အခဲ ကြုံတွေနေသော GEMC ကို ဝယ်ယူလိုက်သည်။

၁၉၀၉ – ရထားသံလမ်း တည်ဆောက်မှု ပြီးစီးသွားသည်။ Dead Chinaman Tunnel (တရုတ်သေ ဥမင်လိုဏ်ခေါင်း)ကို ပြန်လည်ဖွင့်လှစ်ခြင်းဖြင့် သတ္ထုတူးဖော်ရေးလုပ်ငန်းကို စတင်လိုက်သည်။

၁၉၁၂ – သတ္ထုကျိုချက်စက်ရုံကို မန္တလေးမှ နမ္မတူသို့ ပြောင်းရွှေ့ခဲ့သည်။

၁၉၁၃ – အလျား မီတာ ၁၈၀၊ အနံမီတာ ၂၀ ရှိ ငွေသတ္ထုကြွယ်ဝစွာပါဝင်သော တရုတ်သတ္တုကြော (Chinaman Lode) ကြီးကို တွေ့ရှိသည်။

၁၉၃၀ – ငွေ၊ သွပ်၊ ခဲသတ္ထုရိုင်း တန်ချိန် ၅၀၀,၀၀၀ နှစ်စဉ်ထွက်ရှိသော ဘော်တွင်းမိုင်းသည် ဗြိတိသျှအင်ပါယာကြီးတွင် အကြီးဆုံးသော (ငွေ၊ သွပ်၊ ခဲ) သတ္ထုသိုက်ကြီး ဖြစ်လာသည်။

၁၉၄၂ – မြန်မာနိုင်ငံသို့ ဂျပန်ဝင်ရောက်လာသောအခါ ထုတ်လုပ်မှု ရပ်ဆိုင်းသွားသည်။ ဂျပန်ခေတ် သုံးနှစ်အတွင်း အရည်အသွေးမြင့် သတ္ထုရိုင်း ခန့်မှန်းတန်ချိန် ၂၀၀,၀၀၀ ခန့်ကို ဂျပန်တို့ ထုတ်ယူသွားခဲ့သည်။

၁၉၄၅ – Burma Corporation က ဘော်တွင်းမိုင်းကို ပြန်လည်လုပ်ကိုင်သည်။

၁၉၅၀ – သတ္ထုရိုင်း၏ ပျမ်းမျှအရည်အသွေး ကျဆင်းလာသည်။

၁၉၆၅ – ဘော်တွင်းမိုင်းကို အစိုးရက ပြည်သူပိုင်သိမ်းဆည်းခဲ့သည်။ နောက်ပိုင်းတွင် အမှတ် (၁) သတ္ထုတူးဖော် ထုတ်လုပ်ရေး ကော်ပိုရေးရှင်းက လုပ်ကိုင်သည်။

၁၉၇၀၊ ၁၉၈၀ – ကနေဒါ၊ အနောက်ဂျာမဏီနှင့် သြစတြေးလျ ဖွံ့ဖြိုးရေးအေဂျင်စီများက ဘော်တွင်းမိုင်းကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းချက်အဖြစ် စမ်းသပ်တိုင်းတာမှု၊ အစမ်းလွန်တွင်း တူးဖော်စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

၂၀၁၀ – Asia World ကုမ္ပဏီ၏ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်သော ဝင်းမြင့်မိုရ်ကုမ္ပဏီက ထုတ်လုပ်မှုမျှဝေရေး ၁၀ နှစ် ကန်ထရိုက်စာချုပ်ဖြင့် ဘော်တွင်း၌ စတင်လုပ်ကိုင်သည်။

၂၀၁၅ – ဝင်းမြင့်မိုရ်၏ ရှယ်ယာများကို National Infrastructure Holding Company က လွှဲပြောင်းရယူသည်။

မေ ၂၀၁၇ – သြစတြေးလျ စတော့ဈေးကွက်စာရင်းဝင် Myanmar Metals ကုမ္ပဏီက ဘော်တွင်းမိုင်းလုပ်ပိုင်ခွင့် ၈၅ ရာခိုင်နှုန်းအထိ ရရှိရန် ရွေးချယ်ပိုင်ခွင့်ကို ဒေါ်လာသန်း ၂၀ ပေး၍ လက်မှတ်ထိုးသည်။

ဒီဇင်ဘာ ၂၀၁၇ – အလားအလာ လေ့လာမှုလုပ်ဆောင်သည်။

ဇန်နဝါရီ ၂၀၁၈ – Myanmar Metals က လွန်တူးလုပ်ငန်းအစီအစဉ် စတင်သည်။ ကုမ္ပဏီက လက်မှတ်ရေးထိုးထားသော စာချုပ်အတိုင်း မေလတွင် စတင်လုပ်ကိုင်ရန် ရည်ရွယ်ထားကြောင်း၊ သတ္ထုတူးဖော်ထုတ်လုပ်ရေးအတွက် ဖြစ်နိုင်စွမ်းလေ့လာရေး လုပ်ငန်း စတင်ရန် ပြင်ဆင်နေကြောင်း ပြောကြားသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar