ကိုဗစ်-၁၉အတည်ပြုလူနာဦးရေ အဆမတန်မြင့်တက်မလာခင် ရက်ပိုင်းအလို၊ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ပထမဆုံးအတည်ပြုလူနာတွေ့ရှိကြောင်း ကြေညာခဲ့သည့် ဩဂုတ်လအတွင်း မြောက်ဦးမြို့တွင် ရောက်ရှိနေသည့် ဖရွန်းတီးယားမြန်မာ ဓာတ်ပုံသတင်းထောက် ခွန်လတ်သည် အဆိုပါမြို့အတွင်းက အခြေအနေများကို သတင်းဓာတ်ပုံ ရယူနိုင်ခဲ့ပါသည်။
နှစ်ပတ်အတွင်း ရခိုင်ပြည်နယ်က အခြေအနေများသည် တစ်မုဟုတ်ချင်း ပြောင်းလဲသွားတော့သည်။ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိမှုသည် ရာနှင့်ချီ တဟုန်ထိုးမြင့်တက်ခဲ့ပြီး စစ်တွေမြို့သည် ကိုဗစ်-၁၉ ဒုတိယလှိုင်းစတင်ရာ ဗဟိုချက်မဖြစ်လာသည်။ ပိုးတွေ့လူနာများ တွေ့ရှိခဲ့သည့် မြောက်ဦးမြို့ကို များမကြာမီ အစိုးရက နေအိမ်တွင်သာနေထိုင်ရေးအစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့ပြီး အသွားအလာကန့်သတ်ခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးအစီအမံအဖြစ် ဆေးဖြန်းခြင်း၊ အသွားအလာစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

မြောက်ဦးမြို့တွင် ပထမဆုံး ပိုးတွေ့လူနာစတင်ရှိလာသည့် ဩဂုတ် ၂၀ရက်က စတင်ပြီး မီးသတ်သမားများက မြို့တွင်းအများပြည်သူ လှုပ်ရှားသွားလာရာ နေရာအနှံ့တွင် ပိုးသတ်ဆေးများ ဖြန်းပတ်ခဲ့ပြီး ကြက်ခြေနီအဖွဲ့ဝင်များကလည်း လမ်းသွားလမ်းလာများကို မျက်နှာစွပ် (Masks) များ မျှဝေခြင်း၊ ကိုယ်အပူအချိန်တိုင်းတာခြင်း စသည့် ကာကွယ်ရေးအစီအမံများကို ဆောင်ရွက်ခဲ့ကြသည်။

မြောက်ဦးမြို့၏ ပထမဆုံးအတည်ပြုလူနာသည် သူနာပြုတစ်ဦးဖြစ်သည်ဟု ယူဆရပြီး ၎င်းသည် စစ်ဘေးရှောင်စခန်းအချို့ကို သွားရောက်ခဲ့သည်ဟုလည်း သတင်းများက ဆိုသည်။ သို့ဖြစ်ရာ ယင်းသည် စိုးရိမ်ဖွယ်အခြေအနေတစ်ခုကို ဖြစ်ပေါ်လာစေတော့သည်။
အကြောင်းမှာ မြောက်ဦးအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အစိုးရနှင့် ရက္ခိုင့်တပ်မတော်တို့အကြား ယခုနှစ်အတွင်း ပြင်းထန်သည့်တိုက်ပွဲများကြောင့် ဒေသခံထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံကြရသည်။ ဩဂုတ်လ ၅ရက်အထိ စာရင်းများအရ မြောက်ဦးမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း ၂၆ခုတွင် ဒုက္ခသည်စုစုပေါင်း ၁၈,၀၀၀ ကျော် နေထိုင်လျက်ရှိသည်။

ကိုဗစ်-၁၉သာ စစ်ဘေးရှောင်စခန်းများသို့ ကူးစက်ပျံ့နှံ့သွားပါက အခြေအနေသည် ထိန်းချုပ်ရအလွန်ခက်ခဲသွားမည်ဟု အရပ်ဘက်အဖွဲ့အစည်းများက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ စစ်ဘေးရှောင်စခန်းများရှိ ကျဉ်းမြောင်းသည့် နေရာများတွင် မိသားစုများစွာ ပြွတ်သိပ်နေထိုင်ရခြင်း၊ လက်သန့်ဆေးရည်၊ မျက်နှာစွပ် (Masks) စသည့် ကာကွယ်ရေးပစ္စည်းများ အလုံအလောက်မရှိခြင်း စသည့်အခြေအနေများကြောင့် စစ်ဘေးရှောင်စခန်းများတွင် အစုလိုက်အပြုံလိုက်ကူးစက်မှုဖြစ်နိုင်ရန် အလွန်လွယ်ကူလျက်ရှိရာ အရပ်ဘက်အဖွဲ့များသာမက ကျန်းမာရေးဝန်ကြီးဌာနကပါ စိုးရိမ်လျက်ရှိသည်။
ဥပမာအားဖြင့် မြောက်ဦးမြို့ပေါ်က အကြီးဆုံးစစ်ရှောင်စခန်းဖြစ်သော မြတန်ဆောင်စခန်းတွင် ၁၀ပေမှ ၁၅ပေ အကျယ်သာရှိသည့် ယာယီတဲများတွင် မိသားစုများ ရောနှောနေထိုင်ကြရပြီး အချို့စစ်ရှောင်စခန်းများတွင် ဟောခန်းများအတွင်း စုပေါင်းနေထိုင်ကြရသည်။ သို့ဖြစ်ရာ လူအချင်းချင်း ခပ်ခွာခွာနေထိုင်ရန်မှာ အလွန်ခက်ခဲလှသည်။

(ခွန်လတ် | ဖရွန်းတီးယားမြန်မာ)
စစ်တွေမြို့တွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးနေသော ဒေါက်တာနေလင်းထွန်း၏ အဆိုအရ မြောက်ဦးမြို့နယ်က ပထမဆုံးအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများကို သက်ဆိုင်ရာ အာဏာပိုင်များက စစ်ဘေးရှောင်စခန်းအတွင်း အစိုးရစီစဉ်သည့်နေရာများတွင် အသွားအလာကန့်သတ်၍ စောင့်ကြည့်ခဲ့သည်။
သို့ရာတွင် ကိုဗစ်-၁၉စတင်ပျံ့နှံ့သည့် အခြေအနေသို့ ရောက်ရှိပြီးဖြစ်နေမည်ကို စစ်ဘေးရှောင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ စိုးရိမ်ကြသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထင်သလောက်ခရီးမပေါက်စေသည့် အခြားအချက်မှာ အင်တာနက်ဆက်သွယ်မှုကို ကန့်သတ်ထားခြင်းဖြစ်သည်။ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အများပြည်သူအကျိုးစီးပွားနှင့် လုံခြုံရေးကာကွယ်ရန် အကြောင်းပြ၍ အစိုးရက မြောက်ဦးအပါအဝင် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ခုနှစ်ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အင်တာနက်ကို ဖြတ်တောက်ခဲ့သည်။
ယင်းသို့ အင်တာနက်ဖြတ်တောက်မှုသည် ကိုဗစ်-၁၉ပိုးတွေ့လူနာများ အမြောက်အများ ပြန်လည်တွေ့ရှိလာချိန်တွင် အများပြည်သူ၏ ကိုဗစ်-၁၉နှင့်ပတ်သက်သည့် ကျန်းမာရေး အသိပညာနှင့် သတင်းအချက်အလက်ရယူမှုကို ကြီးစွာအဟန့်အတားဖြစ်စေသည်မှာ အထင်အရှားဖြစ်သည်။

(ခွန်လတ် | ဖရွန်းတီးယားမြန်မာ)
မေလတွင် အင်တာနက်ဆက်သွယ်မှုကို မောင်တောမြို့နယ်အတွင်း ပြန်လည်အသုံးပြုခွင့်ပေးခဲ့ပြီး ကျန်မြို့နယ်များတွင် ဩဂုတ်လအတွင်း အင်တာနက်ဖြတ်တောက်မှုကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ သို့သော် ပြန်လည်ဖွင့်ပေးလိုက်သည်က မြန်နှုန်းနှေးကွေးလှသည့် 2G အင်တာနက် ဆက်သွယ်မှုကွန်ရက်ဖြစ်နေရာ ဒေသခံများအနေနှင့် ကိုဗစ်-၁၉ နှင့်စပ်လျဉ်းသည့် ကျန်းမာရေးသတင်းအချက်အလက်များ၊ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုများကို အချိန်နှင့်တပြေးညီ သိရှိခွင့်ပိတ်ပင်ခံထားရလျက်ရှိသည်။
အချို့မြောက်ဦးဒေသခံများသည် အင်တာနက်လိုင်းကောင်းကောင်း သုံးစွဲလိုသဖြင့် နီးစပ်ရာဒေသက တောင်ကုန်းများပေါ်သို့ တက်ရောက်ကာ ကျန်းမာရေးသတင်းအချက်အလက်များ ရယူနေရသည်။

မြောက်ဦးမြို့အတွင်း၌မူ စားသောက်ဆိုင်များသည် ဆိုင်ထိုင်စားသောက်ခွင့်မပြုတော့ပေ။ ပါဆယ်သာ ရောင်းချခွင့်ပြုပြီး ဈေးသို့လာရောက်ဝယ်ခြမ်းသူလည်း နည်းပါးသည်ကို တွေ့ရှိခဲ့ရသည်။ စစ်ဘေးရှောင်များကို ကူညီနေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများကလည်း ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ရှိလာခြင်းကြောင့် ပိုးကူးစက်မှုကာကွယ်ရန် ၎င်းတို့၏ လုပ်ငန်းများကိုရပ်တန့်ပစ်သည်။
“အာလုံးက ကြောက်နေကြတယ်” ဟု မြောက်ဦးမြို့ပေါ်က သုံးဘီးအငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

ရပ်ကွက်မှစတင်၍ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် ဗဟိုအဆင့်အထိ အဆင့်ဆင့် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းစဉ်များကို စတင်ခဲ့သော်လည်း အချို့နေရာများတွင် အစိုးရထုတ်ပြန်ထားသည့် စည်းမျဉ်းများကို ဒေသခံများက လိုက်နာခြင်းမရှိပေ။ ဩဂုတ်လအတွင်းက ဖရွန်းတီးယားမြန်မာက သွားရောက်ခဲ့စဉ်တွင် မြောက်ဦးမြို့သည် ယခင်ကဲ့သို့ လူစည်စည်ကားကားမရှိတော့သော်လည်း လမ်းသွားလမ်းလာတိုင်း မျက်နှာစွပ် (Masks) တပ်ဆင်ကြသည်တော့မဟုတ်ပေ။

“အခြေအနေတွေ ပိုဆိုးလာမှာကို ကျွန်တော်တို့ အင်မတန်စိုးရိမ်ပါတယ်”မြောက်ဦးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးပူးပေါင်းကော်မတီဝင် ဦးဘညွန့်က ပြောသည်။
တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ၍ မြောက်ဦးမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုတွင် လာရောက်နေထိုင်သူ အသက် ၄၂နှစ်ရှိပြီဖြစ်သည့် ဦးကျော်ထွန်းသည် သုံးဘီးမောင်းပြီး မိသားစုကို လုပ်ကျွေးနေသူဖြစ်သည်။ မသိလိုက်သည့်အချိန်တွင် ကိုဗစ်-၁၉ ကူးစက်ခံရပြီး မိသားစုအပါအဝင် စစ်ရှောင်စခန်းတစ်ခုလုံးကို မိမိကတစ်ဆင့် ကူးစက်မည်ကို စိုးရိမ်ကြောင်း ၎င်းက ဆိုသည်။
