ဓာတ်ငွေ့ရည်သုံး ဓာတ်အားစီမံကိန်း မြန်မာနိုင်ငံမှာ တိုးတက်မှာလား

ဓာတ်ငွေ့ရည်နှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများကို  “ဆက်လက်ဆောင်ရွက်ရန် နှိုးဆော်စာများ” ကို ကုမ္ပဏီစုကြီး လေးခုကို ထုတ်ပေးရန် အစိုးရက ဆုံးဖြတ်လိုက်ခြင်းသည် ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်ဖြစ်သော်လည်း အချို့က အစိုးရသည် စွန့်စားလွန်းသည်ဟု ဝေဖန်ကြသည်။

သောမတ်စ် ကင်းန် ရေးသားသည်။

ဇန်နဝါရီ ၃၀ ရက်သည် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားကဏ္ဍအတွက် နှစ်ပေါင်းများစွာအတွင်း အထူးခြားဆုံးနေ့ တစ်နေ့ဖြစ်ခဲ့သည်။ နေပြည်တော်၌ကျင်းပသော အခမ်းအနားတစ်ခုတွင် အစိုးရက ပုဂ္ဂလိကကဏ္ဍ စီမံကိန်းလေးခုကို လုပ်ကိုင်ခွင့်ပေးလိုက်ပြီဖြစ်ရာ အကောင်အထည်ဖော်နိုင်ပါက လာမည့်လေးနှစ်အတွင်း နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပမာဏသည် နှစ်ဆတက်လာလိမ့်မည်ဟု ခန့်မှန်းရသည်။

၂၀၁၆ ခုနှစ် မတ်လတွင် အစိုးရတာဝန်ကို ယူခဲ့ချိန်မှစ၍  အင်န်အယ်လ်ဒီ အစိုးရအဖွဲ့သည် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားပြဿနာ ဖြေရှင်းရေးကို ဖင့်နှေးစေခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ သို့ရာတွင် ဦးဝင်းခိုင်သည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဖြစ်လာခြင်းနှင့် နောက်တစ်ကြိမ် ရွေးကောက်ပွဲကလည်း သုံးနှစ်ပင် မလိုတော့သည်ကို အစိုးရနှင့် အင်န်အယ်လ်ဒီက နားလည်သဘောပေါက်လာခြင်းတို့ကြောင့် ယခုကဲ့သို့ ဆောင်ရွက်လိုက်ပုံရသည်။

စက်ရုံတည်ဆောက်ရေး ကုမ္ပဏီနှစ်ခုကို ၂၈ လအတွင်း အပြီးတည်ဆောက်ရန် သတ်မှတ်ပေးထားသဖြင့် ၂၀၂၀ ပြည့်နှစ် အလယ်လောက်တွင် အဆိုပြုထားသော စက်ရုံအချို့ အနည်းဆုံး လည်ပတ်နိုင်လိမ့်မည်ဟု အစိုးရက မျှော်လင့်ထားသည်။ တနင်္သာရီတိုင်းဒေသကြီးရှိ ကန်ဘောက်၊ ဧရာဝတီတိုင်းဒေသကြီးရှိ မီးလောင်ချိုင်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုံစသည့်စီမံကိန်းသုံးခုကို ပြည်ပမှ တင်သွင်းလာသော အယ်လ်အင်န်ဂျီ ဓာတ်ငွေ့ရည်ဖြင့်လည်ပတ်ပြီး ရခိုင်ပြည်နယ်ကျောက်ဖြူရှိ စတုတ္ထစီမံကိန်းကို ရွှေရေနံမြေမှ သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်မည်ဖြစ်သည်။

ကြေညာချက်ကို မမျှော်လင့်ဘဲ ရုတ်တရက် ထုတ်ပြန်လိုက်သော်လည်း ဓာတ်ငွေ့ရည်ကို သုံးစွဲရန် ဆုံးဖြတ်ချက်မှာမူ ထိုသို့မဟုတ်ပေ။ အမှန်စင်စစ် အစိုးရတွင် အခြားရွေးချယ်စရာ နည်းလမ်းမရှိသလောက် ဖြစ်နေသည်။ လုပ်ငန်းလည်ပတ်ရန် ပြည်တွင်း၌ ထုတ်လုပ်သော သဘာဝဓာတ်ငွေ့မှာ အလုံအလောက်မရှိပေ။ လာမည့်ငါးနှစ်မှ ခုနစ်နှစ်အတွင်း ရေနံမြေသစ်များ ရနိုင်မည့်အလားအလာ မရှိသေးပေ။ ရေအားနှင့်  ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကိုလည်း လူကြိုက်နည်းနေသည်။ တာတမံ ဆောက်လုပ်မည်ဆိုပါက လုပ်ငန်းများချောမွေ့နေချိန်မှာပင် ဆယ်နှစ်ခန့် အချိန်ယူရသည်။

“ရေနံရှာဖွေရေးနဲ့ ထုတ်လုပ်မှုကို မြှင့်တင်နိုင်အောင် အစိုးရက ကြိုးပမ်းမြှင့်တင် ဆောင်ရွက်နေပေမဲ့ လျှပ်စစ်လိုအပ်ချက်နဲ့ နှိုင်းယှဉ်ကြည့်ရင် လျင်လျင်မြန်မြန် ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်” ဟု S&P Global Platts မှ ဓာတ်ငွေ့ရည် ဈေးကွက်ဖွံ့ဖြိုးရေး ညွှန်ကြားရေးမှူး မစ္စတာမတ် ဟောင်ဆန်က ပြောသည်။

“ဒီအခြေအနေတွေအရ အယ်လ်အင်န်ဂျီက အားထားစရာအကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်နေပါတယ်” ဟု သူက ဆိုသည်။

၂၀၁၆ ခုနှစ် စက်တင်ဘာတွင် ဝန်ကြီးဌာနသည် ဓာတ်ငွေ့ရည် စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံသူများ၏ အဆိုပြုချက်များကို တောင်းခံခဲ့သည်။ ဝန်ကြီးဌာနသည် အဆိုပြုချက် ၁၀၀ ကျော် လက်ခံရရှိခဲ့သဖြင့် တင်ဒါ၊ သို့မဟုတ် အဆိုပြုချက်တောင်းခံလွှာများကို အစိုးရက ခေါ်ယူလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် မခေါ်ခဲ့ချေ။ ယခင်ရက်သတ္တပတ်က “ဆက်လက်ဆောင်ရွက်ရန် နှိုးဆော်စာ” ထုတ်ပြန်ပေးခဲ့သော ကုမ္ပဏီလေးခုမှာ ယှဉ်ပြိုင်တင်ဒါဖြင့် ခေါ်ယူခြင်းမဟုတ်ဘဲ တိုက်ရိုက်ညှိနှိုင်းမှုဖြင့် ဆောင်ရွက်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးဦးဝင်းခိုင်သည် ဇန်နဝါရီ ၃၀ ရက်က နိုင်ငံတော်မီဒီယာနှင့် အချိန်အတော်ကြာ တွေ့ဆုံပြီး လျင်မြန်စွာ တိုးတက်လျက်ရှိသော လျှပ်စစ်စွမ်းအင် လိုအပ်ချက်များကို ဖြည့်ဆည်းရန် ဝန်ကြီးဌာန၏ ရည်မှန်းချက် မြင့်မားသည့် စီမံကိန်းများကို ရှင်းပြခဲ့သည်။

“လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကိစ္စက နိုင်ငံခြားနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံသူတွေ ပထမဆုံးမေးတဲ့ မေးခွန်းပါပဲ။ ဒီကနေ့တော့ ၂၀၂၀ ပြည့်နှစ်မှာ ယုံကြည်အားထားနိုင်တဲ့ လျှပ်စစ်ဓာတ်အားရရှိဖို့် တာဝန်ယူနိုင်ပြီဆိုတာကို ကျွန်တော်တို့ ပြောနိုင်ပါပြီ” ဟု ဝန်ကြီး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင်ဖော်ပြသည်။ (ကြေညာချက် ထွက်ပေါ်ပြီးနောက် ဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ကို တောင်းခံရာတွင်မူ ပြန်လည်ဖြေကြားခြင်း မရှိချေ။)

သို့ရာတွင် အယ်လ်အင်န်ဂျီအပေါ် ပုံလောင်းအားထားမှုမှာ အပြစ်ဆိုစရာများ ရှိနေသည်။  ဝန်ကြီးဌာန၏ ကြေညာချက်ကို “ဘေးအန္တရာယ်” တစ်ခုအဖြစ် လုပ်ငန်းဆိုင်ရာ သတင်းရပ်ကွက် တစ်ခုက သုံးသပ်ပြီး ဝန်ကြီးဌာနက စက်ရုံများထံမှ ဝယ်ယူသောစွမ်းအင်ဈေးမှာ ယင်းကဏ္ဍအတွက် “ဒေဝါလီခံ” ရမည့်ဈေး ဖြစ်ကြောင်း ဖရန့်တီယာကို ပြောသည်။

ကြေညာချက်ကို အပြုသဘော ပိုမြင်သူများကပင်လျှင် ဝန်ကြီးဌာန၏ အပြီးသတ်ဆောင်ရွက်ရန် သတ်မှတ်သည့်ရက်အတိုင်း ပြီးစီးအောင်ဆောင်ရွက်နိုင်မည့် အခြေအနေနှင့်ပတ်သက်၍ သံသယရှိနေသည်။

“နှစ်အတန်ကြာ ငြိမ်သက်နေရာမှ ယခုကဲ့သို့ ဆောင်ရွက်ချက်မှာ ဝန်ကြီးဌာနဘက်မှ  ခိုင်မာပြတ်သားသော လက္ခဏာကို ပြသလျက်ရှိ” နေရုံသာမက ယခုကြေညာချက်တွင် “အလွန်အပြုသဘောဆောင်သော ” အလားအလာများ ရှိနေကြောင်း မြန်မာနိုင်ငံနှင့် ဒေသတွင်း၌ ငွေကြေးထောက်ပံ့မှု အကြံပေးလုပ်ငန်းများ ဆောင်ရွက်နေသော စီမံကိန်းတစ်ခုဖြစ်သည့်  Delphos International ၏ တွဲဖက်ဒါရိုက်တာ မစ္စတာ အဲရစ် ရွှမ်းဝေးက ပြောသည်။

သို့ရာတွင် ကန်ဘောက်နှင့် မီးလောင်ချိုင်စီမံကိန်းများသည် “ တာဝန်ခံရမှုတွင် အလွန်ရှုပ်ထွေးမှု” ရှိကြောင်းနှင့် ပထမအဆင့် ပြီးစီးစေရန်မှာ ဝန်ကြီးဌာနက ပြောသကဲ့သို့ သုံးနှစ်ဖြင့်မရနိုင်ဘဲ အနည်းဆုံးလေးနှစ် ကြာနိုင်ကြောင်း သူက ပြောသည်။

“ဒီစီမံကိန်းကြီးနှစ်ခုက အတွေ့အကြုံမြင့်မားတဲ့ ရင်းနှီးတည်ဆောက်သူတွေ လိုမှာဖြစ်ပါတယ်” ဟု ဆိုသည်။

အစိုးရ၏ ချဉ်းကပ်မှုအရ စွန့်စားမှုအမြင့်မားဆုံး ဖြစ်ခဲ့ရသည်မှာ “ဆက်လက်ဆောင်ရွက်ရန် နှိုးဆော်စာ” ၏ သဘောသဘာဝနှင့် ဆက်စပ်နေသည်ဟု မစ္စတာ ရွှမ်းဝေးက ဆိုသည်။

“စေ့စပ်ညှိနှိုင်းမှု စာရွက်စာတမ်း အထောက်အထားတွေ မရှိတဲ့အတွက် လုပ်ငန်းသဘောကို ရှင်းရှင်းလင်းလင်း မသိရပါဘူး” ဟု သူက ပြောသည်။ စီမံကိန်းအများစုမှာလည်း စတင်ဆောင်ရွက်စအဆင့်ကို ရောက်နေပြီးသား ဖြစ်မည်ဟု ခန့်မှန်းရကြောင်း သူက ထပ်လောင်းပြောကြားသည်။

“ထုတ်လုပ်မှုစွမ်းအား မီဂါဝပ် ၃,၀၀၀ နဲ့ပတ်သက်တဲ့ ကြေညာချက်နဲ့အတူ ဝယ်ယူရေး သဘောတူစာချုပ် ပြီးမြောက်ဖို့ ဝန်ကြီးဌာနက တက်သုတ်ရိုက် ဆောင်ရွက်လိုက်တဲ့အတွက် ဝန်ကြီးဌာနရဲ့စီမံကိန်းအစီအစဉ်တွေ ပြည့်ကုန်ပြီဆိုပြီး တခြားအလားအလာရှိတဲ့  လျှပ်စစ်ဓာတ်အား စီမံကိန်းတွေအတွက် ဆွေးနွေးမှုတွေ လမ်းပိတ်ကုန်မှာ ကျွန်တော်စိုးရိမ်ပါတယ်” ဟု သူက ပြောသည်။

ချမှတ်ထားပြီး စီမံကိန်းများ

ကန်ဘောက်တွင် ပြင်သစ်ကုမ္ပဏီတိုတယ်နှင့် ဂျာမန်ကုမ္ပဏီဆီးမင်းတို့က ထုတ်လုပ်မှုစွမ်းအား မီဂါဝပ် ၁,၂၃၀ ကို ၄၈ လအတွင်း အပြီးတပ်ဆင်ရမည်ဖြစ်ပြီး ပထမအဆင့် ၆၂၅ မီဂါဝပ်ကို သုံးနှစ်အတွင်းပြီးအောင် ဆောင်ရွက်ရမည်ဖြစ်သည်။

တိုတယ်က ဆောင်ရွက်ထားပြီးဖြစ်သော ရတနာကမ်းလွန်ရေနံတွင်းမှ အခြေခံအဆောက်အအုံအချို့ကို စီမံကိန်းတွင် ပြန်လည်နေရာချထားလိမ့်မည်ဟု ဖရန်တီယာက နားလည်ထားသည်။ ရေနံတွင်းမှ ထုတ်လုပ်မှုမှာ အစွမ်းကုန်သည့် အနေအထား ရောက်ရှိထားသဖြင့် ၂၀၂၁ ခုနှစ်မှစ၍ ထုတ်လုပ်မှု ကျဆင်းမည်ဟု ခန့်မှန်းရသည်။ ဓာတ်ငွေ့အများစုကို ကန်ဘောက်တွင် ကုန်းတွင်းပို့ကာ  ပိုက်လိုင်းမှတဆင့် ထိုင်းနိုင်ငံသို့ ရောင်းချမည်ဖြစ်သည်။ စီမံကိန်းဆောင်ရွက်ရမည့် သတ်မှတ်ရက်နှင့်ပတ်သက်၍ တိုတယ်က မှတ်ချက်ပေးရန် ငြင်းဆိုသည်။

စက်ရုံနှင့် ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးဒေသရှိ လက်ရှိဗို့အားမြင့် ဓာတ်အားလိုင်းများနှင့်ဆက်သွယ်ရန် တိုတယ်-ဆီးမင်း ကုမ္ပဏီအုပ်စုသည် ကီလိုမီတာ ရာချီသော ဗို့အားမြင့် ဓာတ်အားလိုင်းများကိုလည်း ဆောက်လုပ်ရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ အရာရှိတစ်ဦးကပြောသည်။။

အခြေခံအဆောက်အအုံကို ရင်းနှီးမြှုပ်နှံသူတို့က စိုက်ထုတ်ကျခံပြီး ထွက်ရှိသောဓာတ်အားကို အစိုးရအား ပြန်လည်ရောင်းချခြင်းဖြင့် စိုက်ထုတ်ငွေ ပြန်လည်ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အရာရှိက ပြောသည်။

“ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာ လိုအပ်ချက်ကြောင့် မြန်မာနိုင်ငံက ကိုယ်ပိုင်ဓာတ်ငွေ့ရည်ကို ခုချိန်ထိ မထုတ်လုပ်နိုင်သေးပါဘူး။ သဘောတူညီချက်အရ ရင်းနှီးမြှုပ်နှံမှုအားလုံးကို ကုမ္ပဏီစုက ကျခံမယ့်သဘော ဖြစ်ပါတယ်” ဟု မီဒီယာများသို့ ပြောကြားပိုင်ခွင့်မရှိသည့် ညွှန်ကြားရေးမှူးက ပြောသည်။

typeof=

မီးလောင်ချိုင်တွင် တရုတ်ကုမ္ပဏီ ကျဲ့ဖု Zhefu နှင့် ပြည်တွင်းကုမ္ပဏီ စူပရင်းဂရု(ပ်) Supreme Group တို့သည် မီဂါဝပ် ၁,၃၉၀ ရှိ ဓာတ်ငွေ့ရည် စီမံကိန်းတစ်ခုကို တာဝန်ယူတည်ဆောက်မည်ဖြစ်ရာ ပထမအဆင့်ကို ၃၆ လအတွင်း ဆောင်ရွက်မည်ဖြစ်ပြီး စွမ်းအားပြည့်လည်ပတ်မှုကို ၄၂ လ အတွင်း အပြီးဆောင်ရွက်ရမည် ဖြစ်သည်။

မီးလောင်ချိုင်စီမံကိန်းသည် ပုသိမ်မြို့နယ်၊ ချောင်းသာ၏မြောက်ဘက် ကမ်းခြေဒေသ ဝေးလံခေါင်းပါးသော ဒေသတွင်ရှိကြောင်း ဇန်နဝါရီ ၂၅ ရက်က ဖရန်တီယာက ရေးသားတင်ဆက်ခဲ့ပြီးဖြစ်သည်။ ကုမ္ပဏီသည် တန်ချိန် ၈၀,၀၀၀ ရှိ  ရေနံတင်သင်္ဘောများ ဆိုက်ကပ်၍ စက်ရုံအတွက် ဓာတ်ငွေ့ရည်များ ထုတ်ယူသိုလှောင်ပေးနိုင်သော နေရာဖြစ်သည့် ရေပေါ်သဘာဝဓာတ်ငွေ့ သိုလှောင်ကန်ကို ၁ ဒသမ ၆ ကီလိုမီတာအကွာ ကမ်းလွန်တွင် တည်ဆောက်ရန်စီစဉ်ထားသည်။

“ဆက်လက်ဆောင်ရွက်ရန် နှိုးဆော်စာ” သည် အစိုးရထံမှ “ခိုင်မာသောအတည်ပြုချက်” ဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံအကောင်အထည်ဖော်သူများအဖို့ လုပ်ငန်းကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း Supreme Group ၏ အမှုဆောင်ညွှန်ကြားရေးမှူး ဦးထူးထူးအောင်က ပြောသည်။

“နောက်တဆင့်ကတော့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနနဲ့ စေ့စပ်ညှိနှိုင်းပြီး သဘောတူစာချုပ် ချုပ်ဆိုမယ်။  သဘာဝပတ်ဝန်းကျင် ဂယက်ရိုက်ခတ်မှု လေ့လာစိစစ်ချက် EIA နဲ့ လူမှုပတ်ဝန်းကျင် ဂယက်ရိုက်ခတ်မှု စိစစ်ချက် SIA ၊ ငွေကြေးဆိုင်ရာ လိုအပ်ချက်တွေကို အပြီးသတ်ပြင်ဆင်ရပါမယ်။ နောက်မှ စက်ရုံ၊ ဓာတ်အားပို့လွှတ်တဲ့လိုင်းတွေနဲ့ တခြားအထောက်အကူပြု လုပ်ငန်းတွေကို ဆောင်ရွက်ရပါမယ်” ဟု သူက ပြောသည်။  လုပ်ငန်းအပြီး ဆောင်ရွက်ရမည့် အချိန်သတ်မှတ်ချက်မှာ“အတော်လက်တွေ့”ကျကြောင်းလည်း သူက ထပ်လောင်းပြောကြားသည်။

အခြားစီမံကိန်းနှစ်ခုမှာ များစွာသေးငယ်ပြီး နှစ်ခုစလုံးကို ၂၈ လအတွင်း အပြီးဆောင်ရွက်လိမ့်မည်ဟု ဝန်ကြီးဌာနက ပြောသည်။

အလုံတွင် တိုယိုထိုင်းဟု လူသိများသော ထိုင်းကုမ္ပဏီ TTCL က ၃၅၆ မီဂါဝပ်ရှိ ဓာတ်ငွေ့ရည် ဓာတ်အားပေးစက်ရုံကို တည်ဆောက်မည်ဖြစ်ပြီး ကျောက်ဖြူတွင် တရုတ် Sinohydro နှင့် Supreme တို့က  ၁၃၅ မီဂါဝပ်ရှိ ကွန်ဘိုင်းဆိုင်ကယ် ဂက်စ်တာဘိုင်စီမံကိန်း combined-cycle gas turbine project ကို ဆောင်ရွက်မည်ဖြစ်သည်။

ပြည်ပမှတင်သွင်းသော ဓာတ်ငွေ့ရည်ထက် ပြည်တွင်းသဘာဝဓာတ်ငွေ့ကို အသုံးပြုမည့်အပြင် လိုအပ်သော အထောက်အကူပြု အခြေခံအဆောက်အအုံများမှာလည်း ဆောင်ရွက်ပြီးနေသည့်အတွက် ကျောက်ဖြူသည် လုပ်ငန်းနေရာလေးခုအနက် အလားအလာ အကောင်းဆုံးဖြစ်နိုင်သည်။

အားလုံးအောင်မြင်စွာ ပြီးစီးသွားပြီလား။ မဆိုနိုင်သေးပါ။

ယင်းစီမံကိန်းများမှာ အစိုးရခွင့်ပြုချက်ဖြင့် ဆောင်ရွက်သော စီမံကိန်းများဖြစ်သည်ကလွဲ၍ “ဆက်လက်ဆောင်ရွက်ရန ်နှိုးဆော်စာ” က အမှန်တကယ်လက်တွေ့တွင် မည်သို့သဘောဆောင်နေကြောင်း ရှင်းလင်းပြတ်သားမှုမရှိပေ။ ယခုဆောင်ရွက်မှုက နောက်ထပ် စီမံကိန်းသစ်များကို စိတ်အနှောင့်အယှက်မရှိ အဆိုပြုရန် အခြားကုမ္ပဏီစုများအား အချက်ပြသည့်လက္ခဏာရှိသော်လည်း ယခုစီမံကိန်းများမှ အသီးအပွင့်များ ဖြစ်ထွန်းလိမ့်မည်ဟု အာမခံချက်ပေးခြင်းတော့ မဟုတ်ပေ။

ကုမ္ပဏီစုကြီး လေးခုအတွက် ဆောင်ရွက်ဖွယ်ရာ အများအပြား ကျန်ရှိနေသေးသည်။ လွတ်လပ်သော လျှပ်စစ်ဓာတ်အားစီမံကိန်း Independent Power Project –IPP တစ်ခုအတွက် အရေးအကြီးဆုံး စာရွက်စာတမ်းမှာ ထုတ်လုပ်သူထံမှ လျှပ်စစ်စွမ်းအားကိုအစိုးရက မည်သည့်ဈေးဖြင့် ဝယ်ယူမည်ဟု ဖော်ပြသော လျှပ်စစ်ဓာတ်အား ဝယ်ယူရေးသဘောတူစာချုပ် Power Purchase Agreement – PPA ဖြစ်သည်။ မည်သည့်ကုမ္ပဏီမျှ ယင်းစာချုပ်ကို ရရှိထားဟန်မတူချေ။

ဝယ်ယူရေးသဘောတူစာချုပ် PPA ကို လက်မှတ်ရေးထိုးပြီးသည်နှင့် ငွေကြေးဒေါ်လာ ဘီလျံပေါင်းများစွာ စိုက်ထုတ်ပေးမည့်သူများကို ဆွဲဆောင်နိုင်ရန် ထိုစာချုပ်ကို သူတို့အသုံးပြုရမည်ဖြစ်သည်။ PPA များကို မှန်မှန်ကန်ကန် စေ့စပ်ညှိနှိုင်းထားသည့်တိုင်အောင် ဤလုပ်ငန်းကို ဆောင်ရွက်ရန် နောက်ထပ်တစ်နှစ် အချိန်ယူရလိမ့်မည်ဟု လုပ်ငန်းနှင့်သက်ဆိုင်သော သတင်းရပ်ကွက်က ပြောသည်။

ဝယ်ယူရေးသဘောတူစာချုပ် PPA အရ သတ်မှတ်နှုန်းဖြင့် အစိုးရက တရားဝင်အာမခံဖြစ်သည့် နိုင်ငံတော်အာမခံကြောင့် ဤကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ နောက်ဆုတ်သွားစေနိုင်သည်။ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေ Public Debt Management Law အရ တရားဝင်နိုင်ငံတော်အာမခံအတွက် အစိုးရက လွှတ်တော်၏အတည်ပြုချက်ကို ရယူရန် လိုအပ်မည်ဖြစ်သော်လည်း ယခုအချိန်ထိ မဆောင်ရွက်ရသေးပေ။

တိုယိုထိုင်းမှအပ ကျန်ကုမ္ပဏီများသည် မြေအသုံးချမှုပြဿနာများ၊ အထူးသဖြင့် ဓာတ်အားဖြန့်ဖြူးရေး လိုင်းများကိစ္စကိုလည်း ဖြေရှင်းရပေမည်။ ကန်ဘောက်သည် မွန်ပြည်နယ်ရှိ မော်လမြိုင်၊ သို့မဟုတ် ပဲခူးတိုင်းဒေသကြီးရှိ ဘုရားကြီးသို့ ဆက်သွယ်ရန် ဗို့အားမြင့် ဓာတ်အားလိုင်း ကီလိုမီတာ ရာပေါင်းများစွာ တည်ဆောက်ရန်လိုပါမည်။

သို့ရာတွင် မီးလောင်ချိုင်ကမူ အဆိုပါပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်သည်။ တိုယိုထိုင်းစီမံကိန်းကမူ သီးခြားစိန်ခေါ်မှုများကို ရင်ဆိုင်ရဖွယ်ရှိသည်။ အထူးသဖြင့် ရေတိမ်ပြီး အသွားအလာ ကျပ်တည်းသည့် ရန်ကုန်မြစ်မှတဆင့် ဓာတ်ငွေ့ရည်တင် သင်္ဘောကြီးများဖြင့် သယ်ယူရေးကိစ္စဖြစ်သည်။

သို့သော်လည်း ကျောက်ဖြူနှင့် အလုံတို့ရှိ စီမံကိန်းတို့မှာ မြေနှင့် အခြေခံအဆောက်အအုံ အများစု အဆင်သင့် ရှိနေပြီးဖြစ်သဖြင့် အကျိုးအမြတ်ရနိုင်သည်။

ယင်းပြဿနာများကို ရင်းနှီးမြှုပ်နှံသူများနှင့် အကြေအလည် ဆွေးနွေးပြီးဖြစ်ကြောင်း နိုင်ငံတော် သတင်းဌာန တစ်ခုနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဦးဝင်းခိုင်က ပြောသည်။

“လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနဲ့ လျှပ်စစ်ဓာတ်အား ဝယ်ယူရေး သဘောတူစာချုပ်ကိစ္စကို ကျွန်တော်တို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ ကုမ္ပဏီတွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ ဓာတ်အားဖြန့်ဖြူးရေးလိုင်းတွေနဲ့ ဓာတ်အားဖြန့်ဖြူးရေးကိစ္စကို ကျွန်တော်တို့နိုင်ငံရဲ့မူဝါဒတွေနဲ့အညီ ဆွေးနွေးခဲ့ပြီး ဓာတ်ငွေ့ရည်စက်ရုံလေးခုကို ရွေးချယ်ခဲ့ကြပါတယ်” ဟု သူ၏ပြောကြားချက်ကို သတင်းတွင် ကိုးကားဖော်ပြသည်။

အန္တရာယ် ချောက်ကမ်းပါး

အစိုးရ၏ စီမံကိန်းကို ကမ္ဘာ့ဘဏ်က ဝေဖန်ခဲ့သည်။ အကောင်းဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစနစ် တစ်ခုကို ရွေးချယ်ပြီး အကောင်းဆုံးဈေးနှုန်းတစ်ခု အစိုးရက ရရှိစေရေးအတွက် စီမံဆောင်ရွက်သည့် “အဆင့်နှစ်ဆင့်ပါ ချဉ်းကပ်မှုစနစ်” ကို ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်က အကြံပြုခဲ့ကြောင်း ဘဏ်၏စွမ်းအင်ဆိုင်ရာ အထူးကျွမ်းကျင်သူခေါင်းဆောင်  မစ္စတာ ဆူနီကူမာ ခိုဆလာက ပြောသည်။

“ဒီစီမံကိန်းတွေကို ဆောင်ရွက်ဖို့ ဆုံးဖြတ်တုန်းက ဒီအဆင့်တွေအတိုင်း ဆောင်ရွက်ခဲ့ပုံ မရပါဘူး။ လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ မြန်မာ့ဓာတ်အားပေးစနစ်အတွက် ဒီစီမံကိန်းရဲ့ အားသာချက်တွေကို ကျွန်တော်တို့ သုံးသပ်သွားမှာ ဖြစ်ပါတယ်” ဟု မစ္စတာ ခိုဆလာက အီးမေးဖြင့် ပြန်လည်ဖြေကြားသည်။

မြန်မာနိုင်ငံ၏ ဓာတ်ငွေ့ရည် ရွေးချယ်ခွင့်များကို လေ့လာဆန်းစစ်ရန် ကမ္ဘာ့ဘဏ်က ၂၀၁၆ ခုနှစ်တွင် အတိုင်ပင်ခံများကို တာဝန်ပေးအပ်ခဲ့သည်။ ယင်းသို့ဆောင်ရွက်ရာ၌ အယ်လ်အင်န်ဂျီကို ပြန်ထုတ်၍ အရည်အဖြစ် ပြန်ပြောင်းပေးသော ရွေ့လျားသင်္ဘောကျင်းဖြစ်သည့် ရေပေါ်ဓာတ်ငွေ့ပြောင်းရွှေ့ရေးယူနစ် Floating Storage Regasification Unit- FSRU အဖြစ် နေရာငါးခု ရွေးချယ်ရေးကိစ္စလည်း ပါဝင်သည်။

သို့ရာတွင် စီမံကိန်းများအနက် FSRU ကို လျှပ်စစ်ဓာတ်အားစက်ရုံတစ်ရုံနှင့် ချိတ်ဆက်ကာ ထုတ်လုပ်ရရှိသော လျှပ်စစ်ဓာတ်အားကို အမျိုးသား ဓာတ်အားဖြန့်ဖြူးမှု ကွန်ရက်အတွင်း ထည့်သွင်းပေးသော  “ပေါင်းစည်းစီမံကိန်း” မျိုး တစ်ခုမျှ မပါဝင်ပေ။ ပြန်လည်ပြောင်းလဲပြီးသော သဘာဝဓာတ်ငွေ့များကို နိုင်ငံတဝန်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ ပို့ပေးမည်ဖြစ်ရာ အဓိကအားဖြင့် ဝယ်လိုအား မြင့်မားသော ရန်ကုန်သို့ ပေးပို့မည်ဖြစ်သည်။

အတိုင်ပင်ခံအဖွဲ့များနှင့် ညှိနှိုင်းရရှိသော ရလဒ်များကို အခြေခံလျက် FSRU ကို မဆောင်ရွက်ဘဲ အငယ်စား ရေနံတင်သင်္ဘောများကို အသုံးပြုကာ ရန်ကုန်ရှိ လုပ်ငန်းခွင်များသို့ အယ်လ်အင်န်ဂျီကို တိုက်ရိုက်ဖြန့်ဖြူးနိုင်သည့် ပိုမိုသေးငယ်သော စီမံကိန်းများကို ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်က အကြံပြုခဲ့သည်ဟု ဖရန်တီယာက နားလည်ထားသည်။ ထိုသို့ဆိုက ဝန်ကြီးဌာနသည် ရန်ုကုန်အနီးဝန်းကျင်ရှိ လက်ရှိစက်ရုံများကို အဆင့်မြှင့်တင်ကာ ယင်းတို့၏ စွမ်းဆောင်ရည်ကို သုံးဆ၊ သို့မဟုတ် လေးဆမြှင့်တင်ရန် တင်ဒါများခေါ်ယူခဲ့ဖို့ ကောင်းသည်။

မလေးရှားနှင့် စင်ကာပူရေလက်ကြားကို ဖြတ်သန်းဝင်ရောက်လာသည့် အယ်လ်အင်န်ဂျီတင်သင်္ဘော။ ဓာတ်ပုံ - အေအက်ဖ်ပီ

မလေးရှားနှင့် စင်ကာပူရေလက်ကြားကို ဖြတ်သန်းဝင်ရောက်လာသည့် အယ်လ်အင်န်ဂျီတင်သင်္ဘော။ ဓာတ်ပုံ – အေအက်ဖ်ပီ

ကိုယ်ပိုင် FSRU ဖြင့် ယင်းကဲ့သို့ အကြီးစားစီမံကိန်းကြီးများကို ရွေးချယ်ခြင်းဖြင့် အစိုးရသည်  “မီးဖြင့်ကစားနေခြင်း” ဖြစ်ကြောင်း လုပ်ငန်းပိုင်းဆိုင်ရာ အခြားသတင်းရပ်ကွက်တစ်ခုက ပြောသည်။ အယ်လ်အင်န်ဂျီမှ လျှပ်စစ်ထုတ်လုပ်သည့် ယင်းကဲ့သို့သော စီမံကိန်းမျိုးကို အကုန်အကျ သက်သာအောင် ထုတ်လုပ်မည်ဆိုပါက လျှပ်စစ်ဓာတ်အားကို လိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ စက်များကို စွမ်းအားပြည့် လည်ပတ်ထားရမည်ဖြစ်သည်။

“လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံရဲ့မတည်ရင်းနှီးငွေအတွက် ကုန်ကျစရိတ်ကိုသာမက FSRU အတွက် ကုန်ကျစရိတ်ကိုလည်း ပေးရပါမယ်။ ပြီးတော့ ပြည်ပကတင်သွင်းတဲ့ အယ်လ်အင်န်ဂျီအတွက် စွမ်းအင်ကုန်ကျစရိတ်တွေကိုလည်း ပေးရပါဦးမယ်” ဟု ၎င်းက ပြောသည်။

“ဒါကြောင့် ဖြန့်ဖြူးမယ့်လျှပ်စစ်ဓာတ်အားက မီဂါဝပ် ၁,၀၀၀ လိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ မီဂါဝပ် ၁,၀၀၀ အတွက် ပေးနေရမှာဖြစ်ပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံက အနှစ် ၂၀၊ သို့မဟုတ် အနှစ် ၃၀ အထိ ဆက်ပြီးပေးနေရဦးမှာဖြစ်ပါတယ်။ ဒီကိစ္စက ချောက်ထဲကျမယ့်ကိစ္စပဲ” ဟု သူက ဆိုသည်။

ကိုယ်ပိုင် FSRU၊ သို့မဟုတ် ကုန်းတွင်းအထောက်အကူလုပ်ငန်းများ ရှိမည်ဆိုပါက ပုဂ္ဂလိကက ဆောင်ရွက်နေသော ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ အယ်လ်အင်န်ဂျီဖြန့်ဖြူးမှုကို အစိုးရက ထိန်းချုပ်နိုင်လိမ့်မည်ဖြစ်သည်။ သဘောမှာ ရေအားသုံးတာတမံများမှ ထုတ်လုပ်မှု မြင့်မားလာသောအခါ၊ သို့မဟုတ် ပြည်တွင်းမှထုတ်လုပ်သော သဘာဝဓာတ်ငွေ့များ ပိုမိုများပြားလာသောအခါ ထုတ်လုပ်မှုကို လျှော့ချနိုင်မည့်သဘောဖြစ်သည်။

“လွတ်လပ်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ဖြစ်နေတာကြောင့်တော့ မကောင်းဘူးလို့ ပြောလို့မရပါဘူး ။ ဒါပေမဲ့ ဝယ်လိုအား မြင့်တက်လာမလာကို သိထားဖို့တော့ လိုပါတယ်” ဟု ဆိုသည်။

“ဒီမှာကြီးမားတဲ့ပြဿနာက စက်ရုံကို ဘယ်နေရာမှာ ဆောက်မယ်၊ ဒီစက်ရုံက ထုတ်လုပ်မှုစွမ်းအား ဘယ်လောက်ရှိရမယ်ဆိုတာကို သူတို့က စီမံကိန်း မရေးဆွဲခဲ့သလို ဈေးပြိုင်စနစ်နဲ့လည်း တင်ဒါမခေါ်ခဲ့တာပဲ ဖြစ်ပါတယ်။ အခု ကုမ္ပဏီစုကြီးတွေကိုလည်း ကျပန်းရွေးချယ်ခဲ့တာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

‘မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားစက်ရုံများ အရေးတကြီးလိုအပ်’

သို့ရာတွင် ပိုလျှံသွားသော လျှပ်စစ်ဓာတ်အားများအတွက် အသားလွတ်ပေးရသည့် အန္တရာယ်ရှိသည်ဟု ဆိုသော်လည်း လုံလုံလောက်လောက် မရသည်နှင့် နှုှိုင်းယှဉ်ပါက  ပိုမိုကောင်းမွန်ကြောင်း  Delphos မှ မစ္စတာ ရွှမ်းဝေးက ပြောသည်။

“ဘယ်ဘက်ကကြည့်ကြည့် သာမန်သဘာဝဓာတ်ငွေ့သုံး စီမံကိန်းတွေနဲ့နှိုင်းယှဉ်ရင် အယ်လ်အင်န်ဂျီသုံး လျှပ်စစ်ဓာတ်အားထုတ်တဲ့ စက်ရုံတွေက ပိုပြီးစွန့်စားမှုအန္တရာယ်များတာက သေချာပါတယ်။ ဒါပေမဲ့ ရွေးချယ်စရာက ဘာရှိလို့လဲ။ ဘယ်လို အမျိုးအစားဖြစ်ဖြစ် မြန်မာနိုင်ငံက စက်ရုံသစ်တွေ အရေးတကြီး လိုအပ်နေပါတယ်” ဟု သူက ဆိုသည်။

စီမံကိန်းတိုင်းကို လေလံဖြင့် အပြိုင်ခေါ်ရမည်ဟူသော “ဖွံ့ဖြိုးရေးဘဏ်၏ တရားသေအယူအဆ” ကို သူကဆန့်ကျင်ကာ အတည်ပြုပြီး စီမံကိန်းလေးခုအနက် ကန်ဘောက်နှင့် အလုံစီမံကိန်းနှစ်ခုမှာ စီမံကိန်းကို အကောင်အထည်ဖော်မည့်သူသည် အခြေခံအဆောက်အအုံ ထိန်းချုပ်ထားနိုင်ပြီး ယင်းအပေါ်တွင် မှီခိုအားထားနိုင်သည့် လုပ်လက်စရှိပြီးစီမံကိန်းမျိုး ဖြစ်နေသည်ကို သူက ထောက်ပြသည်။

“စီမံကိန်းကရမယ့် ဒီအင်္ဂါရပ်တွေကို တခြားပြိုင်ဘက်တွေကို လွှဲပေးချင်လို့ ပုဂ္ဂလိကလုပ်ငန်းတစ်ခုကို ဘယ်လိုလုပ်ပြီး ဇွတ်ဖယ်ထုတ်လို့ရမလဲ။ ဒီစီမံကိန်းအင်္ဂါရပ်တွေက တန်ဖိုးအမှန်တကယ် မြှင့်ပေးနိုင်ပါလျက် နှစ်ဦးနှစ်ဘက် စေ့စပ်ညှိနှိုင်းမှုလည်း လုပ်လို့မရဘူးဆိုရင် ဒီတန်ဖိုးလည်း ဆုံးရှုံးပြီပေါ့” ဟု သူက ပြောသည်။

“ဈေးပြိုင်စနစ်နဲ့ ဝယ်ယူဖြည့်တင်းမှုက ယေဘုယျအားဖြင့် နည်းလမ်းကောင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်းက ဦးစီးဆောင်ရွက်တဲ့ မြင်းခြံဝယ်ယူစုဆောင်းရေးလုပ်ငန်းစဉ်တွေမှာ တွေ့ရတဲ့ ရလဒ်တွေနဲ့တူတဲ့ ရလဒ်ကောင်းတွေကို ဖော်ဆောင်ပေးနိုင်တာ မှန်ပေမဲ့ ဈေးပြိုင်နဲ့ဝယ်ယူဖြည့်တင်းမှုက နှစ်ဦးနှစ်ဘက် စေ့စပ်ညှိနှိုင်းဆောင်ရွက်တာထက် သိသိသာသာ အချိန်ပိုကြာတာ တွေ့ရပါတယ်။ ဒီဈေးကွက်ရဲ့ စောစောပိုင်း ဖွံ့ဖြိုးတိုးတက်မှုမှာ နှစ်ဦးနှစ်ဘက် အပြန်အလှန် စေ့စပ်ညှိနှိုင်းမှုတွေကို ရွေးချယ်စရာနည်းလမ်းတစ်ခုအဖြစ် ဆောင်ရွက်သင့်ပါတယ်” ဟု သူက ပြောသည်။

အကယ်၍ မြန်မာနိုင်ငံရှိ စီမံကိန်းသုံးခုစလုံး စီမံထားသည့်အတိုင်း ပြီးဆုံးပါက ဒေသဆိုင်ရာ အယ်လ်အင်န်ဂျီ ဝယ်လိုအားအပေါ်တွင် “အတော်ထူးထူးခြားခြား” ဂယက်ရိုက်ခတ်မှုရှိနိုင်ကြောင်း Platts အဖွဲ့မှ မစ္စတာ ဟောင်ဆန်က ပြောသည်။ အာဆီယံသည် အယ်လ်အင်န်ဂျီကို တင်ပို့သူသက်သက်မျှသာ ဖြစ်သော်လည်း အများအားဖြင့် အင်ဒိုနီးရှားနှင့် မလေးရှားတို့မှ ရောင်းလိုအားမှာ တစ်နှစ်ကို တန်သန်း ၅၀ ဖြင့် အထိုက်အလျောက် တည်ငြိမ်လျက်ရှိသည်။ သို့ရာတွင် ဖိလစ်ပိုင်နှင့် ထိုင်းကဲ့သို့သောနိုင်ငံများမှ ဝယ်လိုအားမှာ လျင်မြန်စွာ မြင့်တက်လျက်ရှိသည်။

“ အခုပြောနေတာက ဒေသတွင်းမှာ တစ်နှစ်ဝယ်လိုအား တန်သန်းနည်းနည်းလောက် တိုးတက်လာမယ့်အကြောင်း ပြောနေတာပါ။ လောလောဆယ်မှာ ဒီဒေသရဲ့ဝယ်လိုအားက စုစုပေါင်းတန် ၁၁ သန်း ရှိနေပါတယ်” ဟု သူက ပြောသည်။

မြန်မာနိုင်ငံ အယ်လ်အင်န်ဂျီ ဈေးကွက်အတွင်း ဝင်လာချိန်သည်  အပြောင်းအလဲ လျင်မြန်စွာ ဖြစ်ပေါ်နေချိန်ဖြစ်ကြောင်း သူကထပ်လောင်းပြောကြားသည်။ ကမ္ဘာ့ထုတ်လုပ်မှုသည် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ၅၀ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။ သို့ရာတွင် အစဉ်အလာအားဖြင့် ရေနံဈေးနှုန်းကို ချိတ်ဆက်ထားလေ့ရှိသော ရေရှည်စာချုပ်များဖြင့် ဝယ်ယူခြင်းထက် ရေတိုချုပ်ဆိုသော စာချုပ်ဈေးနှင့် လက်ငင်းဈေးကွက်ဈေးနှုန်းများဖြင့် ပိုမိုဝယ်ယူလာသည်ကို တွေ့ရသည်။ ယင်းပြောင်းလဲမှုမှာလည်း အယ်လ်အင်န်ဂျီ လက်ငင်းဈေးကွက်၏ ရောင်းလိုအား အာမခံချက်အပေါ် ယုံကြည်မှု တိုးတက်လာခြင်းနှင့် ဝယ်လိုအား မရေရာမှုများကို အခြေခံ၍ ပြောင်းလဲလာခြင်းဖြစ်သည်။

“မြန်မာနိုင်ငံလို တင်သွင်းသူ အသစ်တွေအတွက် ဒီအခြေအနေကနေ အခွင့်အလမ်းကောင်းတွေကို ရရှိစေနိုင်ပါတယ်။ လက်ငင်းဈေးကွက်ထဲမှာ ဝယ်တဲ့အတွက် ပြည်တွင်းသဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု မြင့်တက်လာတဲ့အခါမှာ အယ်လ်အင်န်ဂျီ တင်သွင်းတာကို အမြန်ဆုံး လျှော့ချစေနိုင်မှာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ဉာဏ်တင် ဘာသာပြန်သည်။

သောမတ်စ် ကင်း(န်)

သောမတ်စ် ကင်း(န်)

သောမတ်စ် ကင်း(န်)သည် မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်မှ စတင်ကာ ဂျာနယ်လစ်နှင့် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ Frontier တွင် ၂၀၁၆ ခုနှစ်၊ မေလက စတင်လုပ်ကိုင်ခဲ့ကာ ထိုမတိုင်မီက မြန်မာတိုင်း(မ်) အင်္ဂလိပ်စာစောင်တွင် အယ်ဒီတာအဖြစ် ခြောက်နှစ်ကြာ လုပ်ကိုင်ခဲ့သည်။

Share on facebook
Share on twitter
Share on email

More stories

ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာ့ရေနံဈေး ရုတ်ချည်းထိုးကျသွာလို့ မကွေးတိုင်းဒေသကြီးမြောက်ပိုင်းက အထွက်ကောင်းတဲ့ လက်ယက်တွင်းသမားတွေ ထောင်နဲ့ချီပြီး စွန့်ခွာထွက်သွားကြတယ်။

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar