ဒေါ်အောင်ဆန်းစုကြည် နေမကောင်း၊ သြစတြေးလျ တွေ့ဆုံပွဲ ဖျက်သိမ်း

ဒေါ်အောင်ဆန်းစုကြည်မှာ “နေထိုင်မကောင်းသောကြောင့်” သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီတွင် အများပြည်သူအား မိန့်ခွန်းပြောရန်နှင့် မေးခွန်းများအား ဖြေကြားမည့် အမေးအဖြေအစီအစဉ်ကို ဖျက်သိမ်းလိုက်သည်ဟု အခမ်းအနား စီစဉ်သူများက ပြောကြားသည်။

ပြီးခဲ့သည့် သောကြာနှင့် စနေနေ့များက ကျင်းပခဲ့သည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျ ဝန်ကြီးချုပ် မဲလ်ကွန်တန်ဘဲလ်နှင့် တွေ့ဆုံဆွေးနွေးရန် ကင်ဘာရာမြို့သို့ ရောက်ရှိနေသည်။ ၎င်းသည် မနက်ဖြန် အင်္ဂါနေ့တွင် ဆစ်ဒနီရှိ Lowy Institute တွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်။

အဆိုပါမိန့်ခွန်းနှင့် ဆက်လက်ပြုလုပ်မည့် အမေးအဖြေကဏ္ဍသည် ၎င်း၏ သြစတြေးလျခရီးစဉ်အတွင်း အများပြည်သူထံ ပြောကြားမည့် တစ်ခုတည်းသောအစီအစဉ် ဖြစ်သည်။

“နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နေထိုင်မကောင်းတဲ့အတွက် ပါဝင်နိုင်မှာ မဟုတ်တော့ဘူးဆိုတာကို မြန်မာသံရုံးက Lowy Institute ကို ယနေ့မွန်းလွဲပိုင်းမှာ အသိပေးခဲ့ပါတယ်” ဟု Lowy Institute ဉာဏ်ကြီးရှင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

“ဒါကြောင့် အခမ်းအနားကို အခုတော့ ဖျက်သိမ်းလိုက်ပါတယ်” ဟု ၎င်းကပြောသည်။

သြစတြေးလျဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီး နာရီပိုင်းအကြာတွင် ထိုသို့ဖျက်သိမ်းသည့် ကြေညာချက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်နေသည့် အကြပ်အတည်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်ဟု သြစတြေးလျဝန်ကြီးချုပ်က ပြောကြားသည်။

ပြီးခဲ့သည့်သြဂုတ်လတွင် လုံခြုံရေးစခန်းများကို ARSA အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်က စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သည့်အတွက် ဒုက္ခသည်ခုနစ်သိန်းခန့် နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ကြသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် ကျယ်ကျယ်ပြန့်ပြန့်နဲ့ တော်တော်ကြာကြာ ပြောကြားသွားခဲ့ပါတယ်” ဟု တန်ဘဲလ်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းပြောကြားမည့်အစီအစဉ်အား ပယ်ဖျက်လိုက်မှုနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနထံ Frontier က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့ မသိရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတကာမှ ပြစ်တင်ဝေဖန်မှုများကို ခံနေရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar