ရန်ကုန်၊ စက်တင်ဘာ ၂၆
ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့သို့ နှစ်ပတ်ကြာ သွားရောက်ခဲ့သည့်ခရီးမှ မြန်မာ နိုင်ငံသို့အပြန်တွင် ကျန်းမာရေးချို့ယွင်းခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ သက်သာလာပြီဖြစ်သော်လည်း ရက်အနည်းငယ် အနားယူရမည်ဖြစ်သည်။
အားနည်းခြင်း၊ အစာအိမ်ရောင်ရမ်းခြင်း၊ လည်ပင်း အရိုးကျီးပေါင်းတက်ရောဂါတို့ကို ခံစားနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေမှာ တိုးတက် ကောင်းမွန်နေပြီဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက Frontier ကို အတည်ပြုသည်။
“အရိုးကျီးပေါင်းနဲ့ ပတ်သက်လို့ ဒီကနေ့ ကုသမှုခံယူတယ်။ ကျန်တာအားလုံးကောင်းပါတယ်။ အိမ်မှာပဲ အနားယူနေပါတယ်။ ပိုပြီးသက်သာလာပါပြီ။ အားနည်းနေတာတွေက နားလိုက်ရင် ပိုပြီးသက်သာတာပေ့ါ။ ရက်အနည်းငယ်တော့ ထပ်ပြီးအနားယူဖို့ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းကို Frontier က ဆက်သွယ်မေးမြန်းရာတွင် ဦးဇော်ဌေးထံမှတစ်ဆင့်သာ သတင်းထုတ်ပြန်မှုများ ပြုလုပ်မည်ဟု ဖြေကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ၎င်း၏နေအိမ်တွင် အနားယူလျှက်ရှိသည်။
နှစ်ပတ်ကြာ ခရီးစဉ်များမှ စက်တင်ဘာ ၂၅ ရက်နေ့ ညပိုင်းတွင် ပြန်လည်ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်သူများက စောင့်ကြိုခဲ့ကြသည်။ သို့သော် ၎င်းကို ကြိုဆိုနေသည့် ပြည်သူများ တွေ့ရှိခဲ့ခြင်းမရှိပဲ ဒေါ်အောင်ဆန်းစုကြည်ဟု ယူဆရသည့် အမျိုးသမီးတစ်ဦးအား မီးအမှောင်ချထားသည့် လေဆိပ်တွင်းမှ ဘီးတပ်ကုလားထိုင်ဖြင့် ခေါ်ဆောင်လာသည့် ဓာတ်ပုံတစ်ပုံ Facebook တွင် ပေါ်ထွက်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ကာ စိတ်ပူပန်မှုများ ပေါ်ထွက်လာသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံရုံးက ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်ပြီး စိတ်ပူပန်မှုမရှိရန် တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း ဗြိတိန်ဝန်ကြီးချုပ်နှင့် အမေရိကန်သမ္မတအား တွေ့ဆုံခဲ့သလို ကုလသမဂ္ဂအထွေထွေညီလာခံတွင်လည်း မြန်မာခေါင်းဆောင်တစ်ဦးအနေဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။
သတင်း-ဉာဏ်လှိုင်လင်း