ပြီးခဲ့တဲ့ ဇွန်လ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း အဓိက ဆောင်ရွက်ခဲ့တာကတော့ သန်းနဲ့ချီရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ လုပ်ငန်းခွင် အခြေအနေ ပိုကောင်းလာစေရေး၊ နဂိုကထက် အခွင့်အရေးတွေ ပိုရရှိလာစေရေး၊ အခက်အခဲနဲ့ ကြုံတွေ့ရမယ့် အလုပ်သမားတွေကို အဖက်ဖက်ကနေ အကူအညီပေးရေး စတာတွေပါပဲ။
စည်သူအောင်မြင့် ရေးသားသည်။
ပြီးခဲ့တဲ့ ဇွန်လ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း အဓိက ဆောင်ရွက်ခဲ့တာကတော့ သန်းနဲ့ချီရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ လုပ်ငန်းခွင် အခြေအနေ ပိုကောင်းလာစေရေး၊ နဂိုကထက် အခွင့်အရေးတွေ ပိုရရှိလာစေရေး၊ အခက်အခဲနဲ့ ကြုံတွေ့ရမယ့် အလုပ်သမားတွေကို အဖက်ဖက်ကနေ အကူအညီပေးရေး စတာတွေပါပဲ။
ဒီအတွက် ထိုင်းရောက် မြန်မာအလုပ်သမားတွေကြား အားတက်လာကြသလို ပိုကောင်းလာမယ့် လုပ်ငန်းခွင်နဲ့ အခွင့်အရေးတွေအတွက် မျှော်လင့်ချက်တွေလည်း ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံ ပြန်ရောက်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံထဲမှာ အမျိုးသားရေး အစွန်းရောက်တွေရဲ့ လှုပ်ရှားမှုတချို့ ရှိလာခဲ့ပါတယ်။
အဲဒီ အစွန်းရောက်တွေက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကြောင့် ထိုင်း အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ရတယ်၊ မြန်မာတွေကို ထိုင်းဥပဒေက ခွင့်ပြုမထားတဲ့ အလုပ်ခွင်တွေမှာ အလုပ်မပေးသင့်ဘူး၊ မြန်မာအလုပ်သမားတွေကို ထိုင်းအလုပ်သမားတွေနည်းတူ အခွင့်အရေး မပေးသင့်ဘူး စသဖြင့် လှုံ့ဆော်ကြပါတယ်။
ဒီလှုံ့ဆော်ချက်ကြောင့် ထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့ အလုပ်ခွင်တွေမှာ ပြဿ နာတချို့ ပေါ်ပေါက်လာနေပြီဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ် ရည်ရွယ်ချက်ဟာ မြန်မာ အလုပ်သမားတွေ ခေါင်းပုံဖြတ် မခံရရေး၊ ဥပဒေအရ ရသင့်တဲ့ အခွင့်အရေး ရရေး၊ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပေမဲ့ အဲဒါနဲ့ ဆန့်ကျင်ဘက် သက်ရောက်မှုတွေ ဖြစ်လာမလား ဆိုပြီး စိုးရိမ်မှုတွေ ရှိလာပါပြီ။
ဒီ ပြဿ နာ ဘယ်လောက်အထိ ကြီးကျယ်သွားနိုင်ပါသလဲ၊ ထိုင်းရောက် မြန်မာ အလုပ်သမားတွေရဲ့ ကံကြမ္မာ ဘာ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဆွေးနွေးကြည့်ကြရအောင်။
မြန်မာနိုင်ငံမှာ အရင် အာဏာရှင် အစိုးရ အဆက်ဆက် လက်ထက်က တိုင်းပြည်စီးပွားရေး တိုးတက်အောင် အကောင်အထည် ဖော်မပေးနိုင်၊ တိုးတက်လာတဲ့ လူဦးရေနဲ့ လျော်ညီတဲ့ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖန်တီးမပေးနိုင်တာက အစပြုပြီး နိုင်ငံပြင်ပထွက် အလုပ်လုပ်ကြရတဲ့ အခြေအနေ ဖြစ်ပေါ်လာတာပါ။
စစ်အာဏာရှင်တွေဟာ အလုပ်အကိုင် အခွင့်အလမ်း ဖော်ထုတ်မပေးနိုင်ရုံမက ပညာရေးစနစ်ကိုပါ ကောင်းအောင် ဖန်တီးပေးမထားတာကြောင့် ပညာကောင်းကောင်း မတတ်ဘဲ ပြည်ပထွက် အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားတွေဟာ သူတို့ရောက်သွားရာ နိုင်ငံသားတွေ မလုပ်ချင် မကိုင်ချင်ကြတဲ့ နိမ့်ကျတဲ့၊ ညစ်ပတ်တဲ့ လုပ်ခ လစာနည်းပါးတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေကြရတာ ဒီကနေ့ထက်ထိ တိုင်အောင်ပါပဲ။
အဲလို သန်းနဲ့ချီရှိတဲ့ မြန်မာနိုင်ငံသားတွေ ပြည်ပထွက် အလုပ်လုပ်ကိုင်ကြတဲ့တိုင် အာဏာရှင် အစိုးရအဆက်ဆက်ရဲ့ အသိအမှတ်ပြုမှု၊ ဂရုစိုက်မှု၊ အကာအကွယ်ပေးမှု စတာတွေ မရှိတာကြောင့် သက်ဆိုင်ရာနိုင်ငံက အလုပ်ရှင်တွေ၊ အာဏာပိုင်တွေ၊ နိုင်ငံသားတွေရဲ့ အနိုင်ကျင့်မှု၊ ခေါင်းပုံဖြတ်မှု၊ ဖိနှိပ်မှု၊ ရက်စက်မှုပေါင်းများစွာ ကြုံခဲ့ရ၊ ကြုံနေရတာလည်း ဒီကနေ့ထက်ထိ တိုင်အောင်ပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းနိုင်ငံထဲက အမျိုးသားရေးဝါဒီတွေ၊ အစွန်းရောက်ဝါဒီတွေကတော့ အခုလို ထိုင်းရောက်မြန်မာအလုပ်သမားတွေနဲ့ အစိုးရ တစ်စည်းတစ်လုံး၊ တစ်စိတ်တစ်ဝမ်းတည်း ရှိလာတာကို သဘောကျပုံ မရပါဘူး။
ဒီထက်ပိုဆိုးတာက ပညာက မတတ်၊ အကာအကွယ်က မဲ့သွားတဲ့ မြန်မာနိုင်ငံသားတွေဟာ အဲဒီ နိုင်ငံတွေမှာ ကျွန်တွေလို ဖမ်းဆီး စေခိုင်းခံရတာ၊ အခန့်မသင့်ရင် အသက်သေဆုံးသည်အထိ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေလည်း မနည်းမနော ဖြစ်ပျက်ခဲ့ပါသေးတယ်။
နမူနာအားဖြင့် ထိုင်းနိုင်ငံက ငါးဖမ်းစက်လှေတွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရ၊ နောက် အင်ဒိုနီးရှားနိုင်ငံ ဘင်ဂျီးနား ကျွန်းကို အခြေပြုပြီး ကျွန်တွေလို စေခိုင်းခံရတဲ့၊ လူမသိ သူမသိ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ကိစ္စတချို့ကို ကြည့်ရင် သိနိုင်ပါတယ်။
အမေရိကန် အခြေစိုက် အေပီသတင်းဌာနရဲ့ ဖော်ထုတ်မှုကြောင့် ထိုင်းငါးဖမ်းကုမ္ပဏီရဲ့ ကျွန်ပြုစေခိုင်းတာ ခံနေကြရတဲ့ အင်ဒိုနီးရှား ဘင်ဂျီးနားကျွန်းက မြန်မာရေလုပ်သား အယောက် ၂,၀၀၀ လောက် ပြီးခဲ့တဲ့နှစ်ကမှ လွတ်မြောက်ပြီး မြန်မာနိုင်ငံ ပြန်ရောက်လာတာကြည့်ရင် ပြည်ပရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဘဝ ဘယ်လောက် ဆိုးရွားကြမ်းတမ်းသလဲ ဆိုတာ ခန့်မှန်းနိုင်ကြပါတယ်။
အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်ဟာ အဲဒီ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အကျိုးစီးပွားအတွက် သွားရောက်ခဲ့တာပါ။ ပြောရရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ တက်လာချိန်ကျမှ အခုလို ထိုင်းနိုင်ငံထဲက မြန်မာနိုင်ငံသား အရေးကို ကောင်းကောင်း ဆောင်ရွက်နိုင်ဖို့ အစပျိုးလိုက်ရုံပဲ ရှိပါသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းနိုင်ငံထဲက အမျိုးသားရေးဝါဒီတွေ၊ အစွန်းရောက်ဝါဒီတွေကတော့ အခုလို ထိုင်းရောက်မြန်မာအလုပ်သမားတွေနဲ့ အစိုးရ တစ်စည်းတစ်လုံး၊ တစ်စိတ်တစ်ဝမ်းတည်း ရှိလာတာကို သဘောကျပုံ မရပါဘူး။
မြန်မာအစိုးရရဲ့ အကာအကွယ်ပေးမှုတွေသာ ရလာခဲ့ရင် အရင်ခေတ်အဆက်ဆက်ကလို မြန်မာအလုပ်သမားတွေကို ခေါင်းပုံဖြတ်ချင်တိုင်း ခေါင်းပုံဖြတ်၊ အနိုင်ကျင့်ချင်တိုင်း အနိုင်ကျင့်၊ စော်ကားချင်တိုင်း စော်ကားလို့လည်း ရတော့မှာ မဟုတ်ပါဘူး။
နောက်ပိုင်း မြန်မာ့စီးပွားရေး ပိုပြီး ဖွံ့ဖြိုးတိုးတက်လာရင် ဈေးပေါပေါနဲ့ရတဲ့ မြန်မာအလုပ်သမားတွေနဲ့ တည်ဆောက်လည်ပတ်နေတဲ့ လုပ်ငန်းပေါင်းများစွာအတွက် စိုးရိမ်ရတဲ့ အခြေအနေ ရောက်သွားကောင်း ရောက်သွားနိုင်ပါသေးတယ်။ ဒီလို အခြေအနေက အစပြုလို့ အမျိုးသားရေး အစွန်းရောက်တဲ့ လှုပ်ရှားမှုတွေ လုပ်လာတာ ဖြစ်ပါတယ်။
တကယ်တော့ ထိုင်းက အစွန်းရောက်တွေ အခုလို လှုပ်ရှားမှုမျိုး လုပ်တာ အခုမှ မဟုတ်ပါဘူး။ ၂၀၀၀ ပြည့်နှစ်ပတ်ဝန်းကျင် မြန်မာစစ်အစိုးရနဲ့ မသင့်မမြတ် ဖြစ်နေချိန်တုန်းကလည်း အခုလိုပဲ မြန်မာတွေကို သမိုင်းရေး ရန်သူသဖွယ် သဘောထားတဲ့၊ နှိမ့်ချထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖြန့်ချိတာ၊ ရုပ်ပြနဲ့ ဝတ္တုစာအုပ်တွေ ရေးသားထုတ်ဝေတာ စတာတွေ အများကြီး လုပ်ခဲ့ဖူးပါတယ်။
အဲဒီ ရုပ်ရှင်တွေထဲမှာ မြန်မာတွေကို ကျူးကျော်သူ နယ်ချဲ့တွေအဖြစ်၊ မယဉ်ကျေးသူတွေအဖြစ်၊ ဓားပြ၊ မုဒိန်းကောင်တွေအဖြစ် သရုပ်ဖော်ပြီး ထိုင်းလူမျိုးတွေအနေနဲ့ မြန်မာနိုင်ငံသားတွေ အပေါ် မုန်းတီးစိတ်ဝင်အောင် အကြီးအကျယ် ဝါဒဖြန့် မှိုင်းတိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီ လှုံ့ဆော်မှုတွေကြောင့် ဒုက္ခ အရောက်ရဆုံးကတော့ ထိုင်းရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေပါ။ အဲဒီ ဂယက်ကြောင့် မြန်မာအလုပ်သမားတွေဟာ ထိုင်းအလုပ်ရှင်တွေရဲ့ နည်းပေါင်းစုံနဲ့ ဖိနှိပ်၊ ခေါင်းပုံဖြတ်မှု ခံကြရတာ ဒီကနေ့ထက်ထိပါပဲ။
အခုဆိုရင် ထိုင်းနိုင်ငံက အမျိုးသားရေး အစွန်းရောက်တွေဟာ လွန်ခဲ့တဲ့ အနှစ် ၁၀- ၂၀ က အတိုင်း မြန်မာမုန်းတီးရေး၊ အမျိုးသားရေး လှုပ်ရှားမှုမျိုး လုပ်ချင်ကြပုံရပါတယ်။ ဒီလို လုပ်ကိုင်ခဲ့ရင်ဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ပြီး နှစ်နိုင်ငံ အတူတကွ စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆိုတာတွေကိုလည်း ထိခိုက်လာနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ ပြည်သူနဲ့ အစိုးရ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိခဲ့မယ် ဆိုရင်တော့ ထိုင်းအစွန်းရောက်တွေအနေနဲ့ အရင်ခေတ်တုန်းကလို မြန်မာ မုန်းတီးရေးလုပ်ပြီး မြန်မာ အလုပ်သမားတွေကို ဖိနှိပ်ခေါင်းပုံဖြတ်တာမျိုး လွယ်လွယ် လုပ်လို့ ရတော့မှာ မဟုတ်ပါကြောင်း တင်ပြလိုက်ရပါတယ်။