ဒေါ်အောင်ဆန်းစုကြည်နှင့် ဆုံတွေ့ခဲ့သည့် သံအမတ်ကြီးတစ်ဦး

ထရီဗာ ဝီလ်ဆင်မှာ ၂၀၀၀ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်းတာဝန်ထမ်းဆောင်သောအချိန်မှာ အနောက်နိုင်ငံများ၏ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများက မြန်မာနိုင်ငံအား တရုတ်နှင့်ပိုမိုနီးကပ်သော အနေအထားတစ်ရပ်သို့ တွန်းပို့နေခဲ့သော အချိန်ဖြစ်သကဲ့သို့ တက်ကြွလှုပ်ရှားသူများအပေါ် ရက်ရက်စက်စက် ဖိနှိပ်လျက်ရှိပြီး တိုင်းပြည်ကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) က အုပ်ချုပ်နေသော အချိန်ဖြစ်သည်။ ၂၀၁၁ ခုနှစ်၌ ဦးသိန်းစိန်အစိုးရ လက်အောက်တွင်  စတင်ခဲ့သည့် မှတ်ကျောက်တင်ဖွယ်ရာ အသွင်ကူးပြောင်းမှုကို စတင်ရန် ၂၀၀၃ ခုနှစ်၊ သြဂုတ်လတွင် SPDC က စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလမ်းပြမြေပုံခုနစ်ချက်အား ထုတ်ဖော်ချပြ လမ်းခင်းပေးခဲ့သည်။ ၂၀၀၀ ပြည့်နှစ်များ၏ အစောပိုင်းတွင် မြန်မာနိုင်ငံရေးမြင်ကွင်းအား SPDC ဥက္ကဋ္ဌဖြစ်သူ အပိုင်ကြံတတ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အင်န်အယ်လ်ဒီ၏ မဆုတ်မနစ်ကြိုးပမ်းသော ခေါင်းဆေင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့က လွှမ်းမိုးထားသည်။ အဆိုပါ ကာလများနှင့် ပတ်သက်ပြီး ကန်ဘာရာရှိ  သြစတြေးလျ အမျိုးသားတက္ကသိုလ်၏ ANU ပုံနှိပ်တိုက်က ပြီးခဲ့သည့်လတွင် ထုတ်ဝေခဲ့သည့် “Eyewitness to Early Reform in Myanmar” (မြန်မာ့နိုင်ငံမှ အစောပိုင်းကာလ ပြုပြင်ပြောင်းလဲရေး ကိုယ်တွေ့အဖြစ်အပျက်များ) ဟု အမည်ရသောစာအုပ်တွင် ဝီလ်ဆင်က ရေးသားထားသည်။ ဤစာအုပ်၏ အခန်းတစ်ခန်းတွင် ဝီလ်ဆင်၏ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆုံတွေ့ခဲ့ရပုံများအကြောင်းကို ဖော်ပြပေးထားသည်ကို ထုတ်နှုတ်ဖော်ပြလိုက်ရပါသည်။


၂၀၀၂ ခုနှစ်၊ မေလတွင် ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ်တော် ရာဇာလီ အစ္စမေးလ်၏ ကြားဝင်ဆောင်ရွက်မှုဖြင့် နေအိမ်အကျယ်ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် သူနှင့် ပုံမှန်ဆက်ဆံရေးတစ်ရပ် ထူထောင်ရန် ပိုမိုနီးစပ်သော အခြေအနေရရှိရန် အလားအလာရှိလာခဲ့သည်။ ချိန်းဆိုတွေ့ဆုံမှုများအား တိုက်ရိုက်စီစဉ်နိုင်ခဲ့ပြီး နှစ်ဦးစလုံး အဆင်ပြေသောအချိန်များတွင် မကြာခဏဆိုသလို တွေ့ဆုံဖြစ်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အား သံရုံးတွင် ကျင်းပသောပွဲများသို့ မကြာခဏ ဖိတ်ခေါ်လာနိုင်ခဲ့သည်။ ၂၀၀၀ ခုနှစ်တွင်မူ သြစတြေးလျသံအမတ်ကြီး၏ နေအိမ်၌ သြစကြေးလျမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGO) များဖြစ်ကြသည့် World Vision နှင့် CARE တို့၏ ကိုယ်စားလှယ်များပါဝင်သော အလုပ်သဘော နေ့လည်စာဖြင့် ဒေါ်အောင်ဆန်းစုကြည်အား သြစတြေးလျသံရုံးက တည့်ခင်းဧည့်ခံခဲ့သည်။ ထိုအချိန်မတိုင်မီတွင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံရှိ ၎င်းတို့၏ လုပ်ငန်းများအကြောင်း ဆွေးနွေးပြောကြားနိုင်ရန် အခွင့်အရေး မရှိခဲ့ပေ။ ထိုအဖွဲ့များအတွက် သူမတွေ့ဆုံရန်နှင့် သူမ၏ အမြင်သဘောထားများကို ကြားသိခွင့်ရရန်မှာ အရေးပါဖွယ်ရှိသလို သူမအတွက်လည်း ထိုအဖွဲ့များအနေဖြင့် အောက်ခြေတွင် မည်သို့မည်ပုံ လုပ်ငန်း ဆောင်ရွက်သည်ဆိုသည်ကို သိရှိရမည့် တူညီသော အခွင့်အရေးတစ်ရပ်ကို ရရှိမည်ဖြစ်သည်။ ထိုနေ့လည်စာစားသုံးပွဲက အဆင်ပြေ ချောမွေ့မှုရှိသလောက်ဖြစ်ခဲ့ပြီး စီစဉ်ကျင်းပရသည့် ရည်ရွယ်ချက်လည်း အထမြောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် INGO တစ်ခုမှ မြန်မာဝန်ထမ်း (ပထမဆုံးအကြိမ် သူမနှင့် တွေ့ဆုံသူဖြစ်သည်) အား စစ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းအတွက် ပြင်းပြင်းထန်ထန် ဝေဖန် ရှုံ့ချခဲ့သည်ကို ကျွန်တော် မှတ်မိနေသေးသည်။ ထိုဝေဖန်မှုမှာ မှန်ကန်တိကျခြင်းမရှိသကဲ့သို့ မျှတမှုလည်း မရှိခဲ့ပေ။ တကယ်တမ်းတွင် ဒေါ်အောင်ဆန်းစုကြည်က World Vision မှ မြန်မာအမျိုးသမီးဝန်ထမ်းတစ်ဦးအား စစ်စစ်ပေါက်ပေါက် မေးမြန်းခဲ့ခြင်းဖြစ်ပြီး ထိုအမျိုးသမီး(ဆရာဝန်) မှာ မျက်ရည်များပင် ကျခဲ့ရသည်။

မည်သို့သော အခြေအနေမျိုးတွင်မဆို ဒေါ်အောင်ဆန်းစုကြည်မှာ တွေ့ဆုံရန် အထင်ကြီးလောက်ဖွယ် ပုဂ္ဂိုလ်ဖြစ်သလို  သူမနှင့် တွေ့ဆုံခဲ့သူများက အကြောင်းအရာ အတော်များများအား ပြောဆိုရေးသားခဲ့ကြပြီးဖြစ်သည်။ သူမနှင့် တွေ့ဆုံခဲ့သည့် အခြားသူများကဲ့သို့ပင် ကျွန်တော့်အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဥပဓိရုပ် တည်ကြည် ဆွဲဆောင်မှု၊ ဟန်ပန်နှင့် ထူးခြားသော ပင်ကိုယ်အရည်အသွေးတို့အပေါ် အတော် လေးစားအားကျမိပေသည်။ အခြားသြစတြေးလျနိုင်ငံသားများကိုလည်း သူမက သိရှိထားပြီးဖြစ်ကာ သြစတြေးလျအနေဖြင့် ပြည်ပရောက် မြန်မာပညာတတ်များ၊ နိုင်ငံရေးနှင့် အခြားသော အဆက်အသွယ်များကတစ်ဆင့် သူမအား ခိုင်ခိုင်မာမာ ထောက်ခံနေသော နိုင်ငံတစ်နိုင်ငံအဖြစ်လည်း မှတ်ယူထားသည်။ ထို့ကြောင့် သြစတြေးလျနိုင်ငံသို့ သူမသွားရောက်ခဲ့ဖူးခြင်း မရှိသေးသော်လည်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ သြစတြေးလျက ဆောင်ရွက်ခဲ့သည့် အရေးပါသောအရေးကိစ္စအချို့နှင့် ဆက်နွယ်နေခဲ့သည်။ သူမ၏ အစဉ်ထာဝရ ယဉ်ကျေးသိမ်မွေ့မှုမှာ သြစတြေးလျနိုင်ငံမှ မြန်မာပြည်သူများအား ကူညီခဲ့ခြင်းများအတွက် လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုခြင်းကိုမူ ဖုံးဖိနိုင်ခဲ့ခြင်း မရှိပေ။ ယူကေနှင့် အမေရိကန်တို့၏ သံသံယဖြစ်ဖွယ်ရာမရှိသော အထောက်အကူပြုမှုကိုလည်း နှစ်သက်သဘောကျပုံရပါသည်။ 

tdw_assk_at_ngos_lunch_02_july_2000_0001.jpg

ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်နေသည့် သြစတြေးလျနိုင်ငံမှ INGO များ၏ အကြီးအကဲများနှင့် မိတ်ဆက်ပေးရန်အတွက် ၂၀၀၀ ခုနှစ်၊ ဇူလိုင်လတွင် ရန်ကုန်ရှိ ၎င်း၏နေအိမ်တွင် ဝီလ်ဆင်က နေလည်စာဖြင် တည့်ခင်းဧည့်ခံခဲ့သည်။ ဓာတ်ပုံ – ထရီဗာ ဝီလ်ဆင်

၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီးနောက် နှစ်အနည်းငယ်ကြာချိန်တွင် အလက်ဇန္ဒား ဒေါင်နာ [သြစကြေးလျနိုင်ငံခြားရေး ဝန်ကြီးဟောင်းဖြစ်သူ]က ဒေါ်အောင်ဆန်းစုကြည်အား “တက်ကြွ၍ အံသြဖွယ်ကောင်းလောက်အောင် မာန်ပါသောသူတစ်ဦး” ဟု ဖော်ပြခဲ့သည်။

မြန်မာအာဏာပိုင်များက သာမာန်ပြည်သူများ၏ အကျိုးစီးပွားနှင့် ကောင်းကျိုးချမ်းသာကို လျစ်လျူရှုကာ ၎င်းတို့အပေါ်တွင် ချမှတ်ထားသည့် ကြောင်းကျိုးဆီလျော်မှုမရှိသော သို့မဟုတ် တင်းကြပ်လွန်းသော လုပ်ထုံးလုပ်နည်းများအား INGO များက အလုံအလောက် ခုခံဆန့်ကျင်ခြင်းမရှိဟု ထင်မြင်ယူဆကြောင်းအား ဒေါ်အောင်ဆန်းစုကြည်က လိုရင်းတိုရှင်း အသိပေးခဲ့သည်။ INGO အများစုသည် မြန်မာနိုင်ငံတွင် ဆက်လက်ရပ်တည်ရရန်အတွက် လိုအပ်ပါက ယင်းတို့၏ ကိုယ်ပိုင်မူများကိုပင် ချိုးဖောက်သောသဘောနှင့် အခြေခံ ဦးစားပေးကိစ္စရပ်များကို ကျူးလွန်းသောသဘောများကိုပင် ဆောင်ရွက်သွားလိမ့်မည်ဟု သူမက ယုံကြည်ခဲ့သည်။ သို့သော် ထိုအချိန်အခါက ဒေါ်အောင်ဆန်းစုကြည်နှင့် အန်န်အယ်လ်ဒီပါတီတို့သည် INGO ဝန်ထမ်းများ ရင်ဆိုင်ခဲ့ရသည့် ခက်ခဲသောအခြေအနေအား အပြည့်အဝ နားလည်ခဲ့ခြင်းမရှိပေ။ ကလေးစစ်သားအဖြစ် ကလေးများ၏ သဘောဆန္ဒမပါဝင်ပဲ အတင်းအဓမ္မ စုဆောင်းခြင်းခံခဲ့ရသော မြန်မာကလေးငယ်များကို ကယ်တင်ရန်အတွက် World Vision ကဲ့သို့သော INGO ဝန်ထမ်းများ မည်မ ျှ ပေးဆပ်ကြိုးစားကြရသည်ကို  ၎င်းတို့ နားလည်ခဲ့ခြင်းမရှိသည်မှာ အသေအချာပင်ဖြစ်သည်။ သေချာသောအချက်တစ်ချက်မှာ စစ်အစိုးရလက်အောက်ရှိ INGO များအား နိုင်ငံရေးလှုပ်ရှားမှုများကို ဗြောင်ကျကျ ဆောင်ရွက်ရန် ခွင့်မပြုခဲ့ခြင်းပင်ဖြစ်သည်။ တစ်ချိန်တည်းတွင် အင်န်အယ်လ်ဒီနှင့် နိုင်ငံခြားသားများနှင့် ဆက်ဆံရေးကိုလည်း အားပေးခဲ့ခြင်းမရှိပေ။

ပြောဆိုဆွေးနွေးမှုများတွင် ဒေါ်အောင်ဆန်းစုကြည်သည် သက်တောင့်သက်သာ ပြောဆိုဆွေးနွေးလေ့ရှိပြီး ပြည်တွင်းအရေးကိစ္စများမှသည် ကြီးကျယ်သောမူဝါဒများအထိ အမျိုးမျိုးသော ကိစ္စရပ်များအပေါ် စိတ်ပါဝင်စားမှုရှိကြောင်း ပြသခဲ့သည်။ သို့သော သူမ ပြောဆိုခဲ့သော မှတ်ချက်များသည် တစ်ဆင့်စကားတစ်ဆင့်နားဖြင့် ပိုမိုကျယ်ပြန့်သောအရေးပါမှုတစ်ရပ်ဆီသို့ ဦးတည်သွားမည်အပေါ် အစဉ်သဖြင့် သတိထားလေ့ရှိပြီး သူမပြောကြားသမျှ အရာအားလုံးအား အလွန်တရာ စေ့စေ့စပ်စပ်တွက်ချက်ပြီးမှ ပြောကြားခြင်းမှာလည်း လေးစားဖွယ်ပင် ဖြစ်သည်။ သူမသည် လျော့တိလျော့လျဲနိုင်သော စကားအသုံးအနှုန်း သို့မဟုတ် ယျေဘုယျဆန်သော မှတ်ချက်များကို အလျင်အမြန် ပြင်ဆင်နိုင်သူတစ်ဦးဖြစ်သည်။ သူမသည် စစ်အစိုးရအပေါ် အစဉ်သဖြင့် အယုံကြည်ကင်းမဲ့ အထင်သေးလေ့ရှိပြီး စစ်အစိုးရအတွက် အလုပ်လုပ်ရန် ပြင်ဆင်ခဲ့ကြသော မြန်မာဗျူရိုကရေစီအဖွဲ့ဝင်များအတွက် များစွာ စိတ်မကောင်းဖြစ်မိဟန် မရှိပေ။ သူမအတွက် ရက်ရက်ရောရောထောက်ပံ့ခဲ့သည့် အမေရိကန်နှင့် ယူကေတို့အပေါ် လေးစားအားကျမှုကိုလည်း ကွယ်ဝှက်ထားခဲ့ခြင်းမရှိပေ။ သူမ၏ အရေးကိစ္စကို အထောက်အကူပြုရန်အတွက် ကုလသမဂ္ဂအပေါ် များများစားစား ယုံကြည်ထားခြင်းမရှိသည်မှာ ရံဖန်ရံခါတွင် သိသာသော်လည်း ကုလသမဂ္ဂအအပေါ် မထီမဲ့မြင် လုပ်ခဲ့ဖူးခြင်းမရှိပေ။ ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့်ပတ်သက်သည့် သူမ၏ သဘောထားမှာလည်း စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ၎င်းတို့၏ နှစ်မြုပ်ကြိုးပမ်းဆောင်ရွက်မှုများအပေါ် သူမ၏ အားရနှစ်ထောင်းဖြစ်မှုမှာ သိသာလှသော်လည်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ ပြောကြားနေသည့်အရာများနှင့် အနည်းငယ်ကွဲပြားခြားနားသော အမြင်များကိုလည်း မကြာခဏ ဖော်ပြလေ့ရှိသည်။ သို့သော် ၎င်းတို့ကို ဝေဖန်ခြင်း သို့မဟုတ် ၎င်းတို့နှင့် လူသိရှင်ကြား သဘောထားကွဲလွဲခြင်းများ မဖြစ်စေရန်အတွက်လည်း သတိထားလေ့ရှိသည်။

000_aph2002050691843.jpg

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရစဉ်အခါက သူမ၏နေအိမ်အနီးတွင်တွေရှိရသော စစ်သားတစ်ဦး။ ဓာတ်ပုံ – အေအက်ဖ်ပီ

သူမသည် ရိုးရိုးယဉ်ယဉ်ဟန်ပန်ဖြင့် နေထိုင်တတ်သော်လည်း လေလုံးထွားခြင်း သို့မဟုတ် ဟိတ်ဟန်များခြင်းများ မရှိပါ။ သူမ၏ ကိုယ်ပိုင်အရေးပါမှုများအတွက်လည်း အလွန်တရာ သတိထားသောသူဖြစ်သကဲ့သို့ ပင်ကိုယ်အတိုင်း ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့ဖြစ်နေပြီး ရည်မွန်သည်ဆိုခြင်းထက် အားကျလေးစားဖွယ် ဖြစ်စေသူဖြစ်သည်။ သို့သော် ဟာသာဉာဏ်ရှိသူတစ်ဦးဖြစ်ပြီး သူမရင်ဆိုင်ရမည့် အခြေအနေအချို့၏ အကြောင်းအား ဟာသနှော ပြောကြားလေ့ရှိသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ကိုင်တွယ်ဖြေရှင်းရန်ရှိသည်များကို အလျင်အမြန် ကိုင်တွယ်ဖြေရှင်းလေ့ရှိပြီး ထိုသို့သောဖြစ်ရပ်အား ကြုံတွေ့ခဲ့ရသူမှာ ကျွန်တော် တစ်ဦးတည်းတော့မဟုတ်ပေ။ သိသာထင်ရှားသည့်အချက်မှာ သူတော်စင်ကဲ့သို့သော အမြင်သဘောထားအပေါ် သူမ၏ တုံ့ပြန်မှုနှင့်ပတ်သက်သည့် ရေးသားမှုများစွာရှိသော်လည်း ဗြိတိန်စာရေးဆရာ ဂျပ်စတင် ဝင်တယ်လ်၏ အသေးစိတ်ကျကျ ရေးသားတင်ပြထားသော အထ္ထုပတ္တိတွင် ဒေါ်အောင်ဆန်းစုကြည်က ရိုးသားခြင်းမရှိသောသူများအား သက်ညှာခြင်းမရှိပဲ အပြစ်တင်လေ့ရှိသည်ကို ဖော်ပြခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တွေဆုံလိုသောသူများနှင့် လွတ်လပ်စွာ တွေ့ဆုံနိုင်ပြီး လွတ်လပ်စွာ ခရီးသွားလာနိုင်ခဲ့ချိန်တွင် သူမအား အနှစ်သာရအားဖြင့် သြဇာအာဏာရှိသည့် အတိုက်အခံ ခေါင်းဆောင်တစ်ဦးအဖြစ် ရှူမြင်သည်မှာ သဘာဝကျခဲ့ပေသည်။ ထို့ကြောင့်ပင် ပြည်ပအစိုးရများအနေဖြင့် မူဝါဒရေးရာကိစ္စရပ်တစ်ခုခု သို့မဟုတ် ကနဦးဆောင်ရွက်ချက် တစ်ရပ်ရပ်အတွက် စဉ်းစားသုံးသပ်သည့်အခါတွင် အကြံပြုဆွေးနွေးရမည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်နေခြင်း ဖြစ်သည်။ အမေရိကန်နှင့် ယူကေ (သူမနှင့် တွေ့ဆုံခွင့်အား အခြားသောသံရုံးများထက် ပိုမိုရရှိသောနိုင်ငံများ) တို့သည် ဤအခွင့်အရေးအား အကောင်းဆုံးသောအနေအထားထိ ရရယူခဲ့ကြပြီး  မြန်မာနိုင်ငံနှင့် ပတ်သက်သော ယင်းတို့၏မူဝါဒများနှင့် ပတ်သက်ကာ ဒေါ်အောင်ဆန်းစုကြည်အား ဗီတိုအာဏာ ပေးထားခဲ့ကြသည်။ ဤဖြစ်ရပ်မှာ (ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ထားသည့်အလျောက်) မြန်မာစစ်အစိုးရအတွက် အခံရခက်စေသလို အမေရိကန်နှင့် ဗြိတိန်တို့အနေဖြင့် ၎င်းတို့၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒများကို ပျော့လွယ်ပြင်လွယ်ရှိသော အနေအထားမဖြစ်နိုင်အောင် ဖြစ်သွားစေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က အရေးကိစ္စတစ်ခုခုနှင့် ပတ်သက်၍ သူမကိုယ်တိုင် ဆုံးဖြတ်နိုင်ခြင်း မရှိပါက အမေရိကန်နှင့် ယူကေမူဝါဒများသည် ပျော့လွယ်ပြင်လွယ်ဖြစ်စေရန် ချိန်ညှိပေးမည့်အစား မလှုပ်မရှက်ဖြစ်သွားစေနိုင်ခဲ့သည်။ ၎င်းတို့၏ ချဉ်းကပ်မှုသည် ဒေါ်အောင်ဆန်းစုကြည်အား အမှားအယွင်းကင်းသော အနေအထားတစ်ရပ်တွင် မြုပ်နှံထားခဲ့သည်။ ထိုအတွက် မြန်မာအများစုက သူမအား လက်သည်တရားခံအဖြစ် ထိုအချိန်တွင် မှတ်ယူလိမ့်မည်မဟုတ်ဘဲ ၂၀၁၃ ခုနှစ်တွင် ထိုသို့မဖြစ်ရန် သေချာသလောက်ပင် ဖြစ်သည်။

သြစတြေးလျအစိုးရကမူ ယခုလောက် များများစားစား ဆောင်ရွက်ခဲ့ခြင်းမရှိသကဲ့သို့ အခြားအစိုးရများလည်း ဆောင်ရွက်ခဲ့ခြင်းမရှိပေ။ ကျွန်တော်တို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကောင်းမွန်ပြီး အထောက်အကူဖြစ်စေသော ဆက်ဆံရေးတစ်ရပ်ရှိနေစဉ်တွင် သြစတြေးလျအစိုးရက ဒေါ်အောင်ဆန်းစုကြည် အသိမှတ်မပြုသောအရာတစ်ခုကို ကြိုးပမ်းနေခဲ့ပါက ရံဖန်ရံခါတွင် တင်းမာမှုအချို့  ရှိခဲ့သည်။ သြစတြေးလျ၏ လူ့အခွင့်အရေးစွမ်းဆောင်ရည် တည်ဆောက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများမှာ ဤဖြစ်ရပ်အတွက် ဥပမာကောင်းတစ်ရပ်ဖြစ်သည်။

ရန်ကုန်မြို့သို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒယား လာရောက်လည်ပတ်ခဲ့ပြီးနောက် မရှေးမနှောင်းကာလဖြစ်သည့် ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလတွင်တွင် The Age သတင်းထောက်ဖြစ်သူ မာ့ခ် ဘိတ်ကာက ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူးတစ်ခု ပြုလုပ်နိုင်ခဲ့သည်။ ‘ကန်ဘာရာအား ဆုကြည်ဝေဖန်ပြောကြား’ ဟူသော ခေါင်းစဉ်ဖြင့် The Age တွင်ဖော်ပြခဲ့သည့် ဘိတ်ကာ၏ သတင်းတွင် သြစတြေးလျနိုင်ငံအနေဖြင့် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများကို စတင်စကားပြောဆိုရန် ကတိကဝတ်များအား လေးစားသမှုပြုသည့်အချိန်အထိ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ ချမှတ်ထားသည့် တင်းကြပ်သော အရေးယူပိတ်ဆို့မှုတစ်ရပ်အား ထောက်ခံပေးသင့်ကြောင်း၊ မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေးကိုလည်း ကန့်သင့်ထားသင့်ကြောင်းအား ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း ကိုးကားဖော်ပြထားသည်။ မြနမာအာဏာပိုင်များအတွက် လူ့အခွင့်အရေးသင်ကြားမှုဆိုင်ရာ အငြင်းပွားဖွယ်ရာ သြစတြေးလျ အစီအစဉ်အား အဓိပ္ပယ်မရှိသည့် ငွေကြေးဖြုန်းတီးမှုတစ်ခုဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမြင်မှာ နိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒယား ဒေါင်နာအား “ပြစ်တင်မောင်းမဲမှု” တစ်ရပ်ဟု ဘိတ်ကာက ဖော်ပြခဲ့သည်။ ထို့နောက်တွင် အဆိုပါသတင်းအား ဒေါ်အောင်ဆန်းစုကြည်နှင့် ချိတ်ဆက် တင်ပြခြင်း မရှိခဲ့ပေ။ ယင်းမှာ သြစတြေးလျနိုင်ငံရှိ မြန်မာအရေးလှုံ့ဆော်မှုအတွက် သြစတြေးလျအပေါ် အကူအညီမဖြစ်စေခဲ့ပေ။ ထို့အတူ မြန်မာနိုင်ငံရှိ ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် သြစတြေးလျ၏ ဤအစီအစဉ်အား လူသိရှင်ကြားထောက်ခံခဲ့သည့် နိုင်ငံတကာအေဂျင်စီများအတွက်လည်း လက်တွေ့ကျကျ အကူအညီဖြစ်ခဲ့ခြင်းမရှိပေ။

000_aph2002050791937.jpg

၂၀၀၂ ခုနှစ်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီးနောက် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ- အေအက်ဖ်ပီ

ထိုစဉ်အခါက အာဏာပိုင်များ၏ ပြင်းထန်သော အကြောင်းမဲ့ နှောက်ယှက်ဒုက္ခပေးမှုများကို ခံရသူများဖြစ်ကြသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဆရာဝန်ဖြစ်သူ ဒေါက်တာတင်မျိုးဝင်းနှင့် သူမ၏ ရှေ့နေများအပါအဝင် သူမ၏အကြံပေးတော်တော်များများနှင့် ရန်ကုန်မြို့ရှိ အခြားသံအမတ်များ ရံဖန်ရံခါ တွေ့ဆုံခဲ့သလို ကျွန်တော်လည်း တွေ့ဆုံခဲ့ဖူးသည်။ ၎င်းတို့အားလုံးမှာ ရဲရင့်သစ္စာရှိပြီး လုံးဝဥသုံ နှစ်မြုပ်ဆောင်ရွက်ကြသည့် ထောက်ခံသူများဖြစ်ကြကာ သံတမန်များနှင့် ပြောဆိုဆွေးနွေးသောအခါတွင်ပင် အလွန်တရာ ပိပိရိရိ သတိရှိရှိ ပြောဆိုကြသူများဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် အလွန့်အလွန် ရိုသေလေးစားသူများဖြစ်ကြပြီး သူမနှင့် အတူတကွအလုပ်လုပ်ခြင်းအတွက် အလွန်အမင်း စိတ်ရောကိုယ်ပါ နှစ်မြုပ်ဆောင်ရွက် လုပ်ကိုင်ကြသူများ ဖြစ်ကြသည်။ သို့သော် ရံဖန်ရံခါတွင် ဒေါ်အောင်ဆန်းစုကြည်၏အမြင်နှင့် ကွဲလွဲမှုအချို့ရှိနေကြောင်းအား ၎င်းတို့က ဝန်ခံပြောကြားခဲ့သည်။ သူမ၏ စီးပွားရေးအကြံပေးဖြစ်ပြီး သံအမတ်ဟောင်းနှင့် ကုလစီးပွားရေးပညာရှင်ဟောင်းလည်းဖြစ်သူ ဦးမြင့်က ၎င်း၏စီးပွားရေးအမြင်များအတွက် ကြောင်းကျိုးသင့်မြတ်မှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ယုံကြည်လက်ခံရန်ကြိုးပမ်းရာတွင် ရံဖန်ရံခါ၌ အခက်အခဲများရှိခဲ့ပြီး နှောင်ပိုင်းကာလ (၂၀၁၂ ခုနှစ်နောက်ပိုင်း) တွင် သူမအပေါ်လွှမ်းမိုးမှုကို ဆုံးရှုံးခဲ့ရသည်ဟု ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အခြားသောအကြံပေးများမှာမူ ၂၀၁၂ ခုနှစ်၊ ဧပြီလတွင်ကျင်းပခဲ့သည့် သူမ၏ ရွေးကောက်ပွဲယှဉ်ပြိုင်မှုမှသည် လွှတ်တော်သို့ ရောက်ရှိခဲ့သည့်အချိန်များအထိ သူမအပေါ် သစ္စာစောင့်သိနေလိမ့်ဦးမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေးအရ သဘောထားကွဲလွဲမှုကို လူသိရှင်ကြားပြောဆိုခဲ့သည့် အန်န်အယ်လ်ဒီ ပါတီဝင်တစ်ဦးမှာ ဦးအုန်းမောင်ဖြစ်သည်။ ၎င်းသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ အင်းလေးကန်ဒေသတွင် လွှတ်တော်အမတ်တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရပြီး အခြားသော အန်န်အယ်လ်ဒီ အမတ်များကဲ့သို့ပင် ၎င်း၏နိုင်ငံရေး တက်ကြွလှုပ်ရှားမှုအတွက် ဆင့်ကဲဆိုသလို ထောင်သွင်းအကျဉ်းချ ခံခဲ့ရသူဖြစ်သည်။ ထောင်တွင်း၌ ညှင်းပန်းနှိပ်ဆက်ခံခဲ့ရမှုကြောင့် ဆိုးရွားသော ကျန်းမာရေးအခြေအနေများနှင့် ကြုံတွေ့နေရသော ဦးအုန်းမောင်က အနောက်နိုင်ငံအချို့၏ မြန်မာနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခြင်းအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် သဘောထားကွဲလွဲမှုရှိကြောင်း ပြောဆိုခဲ့ဖူးသည်။ ဦးအုန်းမောင်က အဆိုပါကိစ္စရပ်အပေါ် သဘောမတူသည်မှာ အမှန်ဖြစ်ပြီး ဒေသနေပြည်သူများအတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၏ တိုက်ရိုက်နှင့် သွယ်ဝိုက်သော အကျိုးဖြစ်ထွန်းမှုများဖြင့် ဒေါ်အောင်ဆန်းစုကြည်အား စည်းရုံးနိုင်ခြင်း မရှိခဲ့ပေ။ အထူးသဖြင့် အင်းလေးကန်အပါအဝင် ရှမ်းပြည်နယ်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများမှာ ထိုဒေသသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်သောအခါတွင် သိသိသာသာ လျော့ကျသွားခဲ့သည်ဟု ၎င်းက ခံယူထားသည်။ ဒေါ်အောင်ဆန်းစုကြည်ကမူ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ လူသိရှင်ကြားပြောဆိုရာတွင် ရံဖန်ရံခါ၌  သတိထားပြောဆိုလေ့ရှိသော်လည်း ပိတ်ဆို့အရေးယူရေးကို ထောက်ခံမှုကို စွန့်ပစ်ဖွယ်မရှိပေ။ ဒေသနေပြည်သူများနှင့် ဒေသတွင်းစီးပွားရေးအပေါ် တိုက်ရိုက်အားဖြင့်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကျိုးဖြစ်ထွန်းစေသည့် ကမ္ဘာ့လှည့် ခရီးသွားလုပ်ငန်းကို ပိတ်ဆို့အရေးယူခြင်းအတွက် အမှန်တကယ် ကောင်းမွန်သော ငြင်းဆိုတင်ပြချက်များ မရှိခဲ့ပေ။

အမြင်သဘောထားစစ်တမ်း တစ်ခုတစ်လေမျှမရှိသော နိုင်ငံတစ်နိုင်ငံတွင် လူတစ်ဦးတစ်ယောက်က ပြောဆိုနိုင်သမျှမှာ အများပြည်သူအကြားတွင် ဒေါ်အောင်ဆန်းစုကြည်သည်သာ သိသာထင်ရှားသော လူများစုထောက်ခံမှုနှင့် လူကြိုက်များမှုကို ရရှိလိမ့်မည်ဟု ဆိုခြင်းပင်ဖြစ်သည်။ အစိုးရဝန်ထမ်းများအား ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်စုံတစ်ရာပူးပေါင်းဆောင်ရွက်ရန် သို့မဟုတ် သူမ၏အမည်အား ဖော်ပြရန် ခွင့်မပြုသည့်အလျောက် (“သည်လေဒီ” ဟု စကားလှလှသုံး၍ ခေါ်ဆိုကြသည်) အုပ်ချုပ်ရေးယန္တယားအတွင်းတွင် အန်န်အယ်လ်ဒီပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ထောက်ခံမှုအတိုင်းအတာအား ဆန်းစစ်အကဲဖြတ်ရန် ခက်ခဲခဲ့သည်။ အစိုးရဝန်ထမ်းအတော်များများက သူမကိုထောက်ခံခဲ့ကြသည်ဟုသာ မျှော်လင့်နိုင်ခဲ့ပေသည်။

အခြားတစ်ဖက်တွင်မူ တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည်ကို “မုန်းတီးရန်” ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုခြင်း ခံထားရသည်။ ရန်ကုန်မြို့တွင် ထိုအချိန်က တပ်မတော်သားများက (မဟာဗျူဟာ လေ့လာရုံးပင် ပါဝင်) ဒေါ်အောင်ဆန်းစုကြည်အပေါ် ပစ်ပစ်နှစ်နှစ်ပြောဆိုခြင်းများအား မကြာခဏ ကြားဖူးခဲ့မည်မှာ ကျိမ်းသေသလောက်ပင် ဖြစ်သည်။ သို့သော် ဤပြောကြားမှုမှာ လူအများအကြားတွင် ၎င်းတို့ပြောဆိုရန် မျှော်လင့်ခံထားရသည့်အတိုင်း (သို့မဟုတ် ၎င်းတို့ပြောဆိုရန် သင်ကြားပေးထားသည့်အတိုင်း) ဖြစ်ခဲ့ပေလိမ့်မည်။ တပ်မတော်သားများအကြားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်န်အယ်လ်ဒီပါတီအား ထောက်ခံခြင်း သို့မဟုတ် လေးစားအားကျခြင်းများမရှိဟု တွေးထင်နိုင်စရာ အကြောင်းမရှိပေ။ အလားတူပင် ထိုသို့သော ထောက်ခံလေးစားမှုမှာ တပ်မတော်တွင်း အကွဲအပြဲများဆီသို့ ဦးတည်သွားလိမ့်မည်ဟု တွေးထင်နိုင်သော အခြေခံအကြောင်းအရင်းလည်း မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကပင် ရံဖန်ရံခါတွင် သူမနှင့် ပုံမှန်ပြောဆိုဆက်ဆံခဲ့ဖူးသည့် စစ်ထောက်လှမ်းရေး အကြံပေးအရာရှိများအား အလွန်တရာအလေးပေးပြောဆိုမှုများကို ပြုလုပ်ခဲ့ဖူးသည်။

ပို၍ ယျေဘုယျကျကျပြောဆိုရပါမူ တပ်မတော်အစိုးရနှင့် ပတ်သက်ဆက်နွယ်ခြင်းမရှိသော်လည်း နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသောသူများနှင့် ကျွန်တော်တို့ဆုံတွေ့ခဲ့ရာတွင် ၎င်းတို့က ဒေါ်အောင်ဆန်းစုကြည်နှင့် သဘောထား ကွဲလွဲကြောင်း၊ အန်န်အယ်လ်ဒီပါတီအပေါ်တွင် မြင့်မားသော အမြင်သဘောထားတစ်စုံတစ်ရာ မရှိကြောင်း၊ အန်န်အယ်လ်ဒီပါတီသည် အကောင်းဆုံးသော နိုင်ငံရေးဖြတ်လမ်း တစ်ရပ်မဟုတ်ကြောင်း ပြောဆိုခဲ့ကြဖူးသည်။ တကယ်တမ်းတွင် အန်န်အယ်လ်ဒီပါတီအတွက် အနောက်နိုင်ငံများ၏ မဆုတ်မနစ်ထောက်ခံမှုမှာ မြန်မာနိုင်ငံအတွက် အကောင်းဆုံးသော ရွေးချယ်မှုမဟုတ်ဟု ယုံကြည်ခဲ့ကြသည့် မြန်မာနိုင်ငံသားများ လူပုဂ္ဂိုလ်အတော်များများကို ဆုံတွေ့ခဲ့ရခြင်းမှာ အတော်လေးအံ့သြဖွယ်ရာဖြစ်သည်။ တိုင်းရင်းသားအဖွဲ့များအကြားတွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အန်န်အယ်လ်ဒီပါတီအပေါ် အတိုင်းအတာတစ်စုံတစ်ရာအထိ သံသယဖြစ်နေသည်က များခဲ့သည်။ သူမအနေဖြင့် တိုင်းရင်းသားအရေးကိစ္စအား သိရှိနားလည်းခြင်း ရှိ၊ မရှိဆိုသောမေးခွန်းအား အမေးများလေ့ရှိပြီး သူမ၏နှလုံးသားတွင် တိုင်းရင်းသားအကျိုးစီးပွား အမှန်တကယ်ရှိနေသည်ဆိုခြင်းအပေါ် သံသယ ဖြစ်ကြလေ့ရှိသည်။

အောင်မင်း ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ၂၀၀၂ ခုနှစ်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီး မကြာမီတွင် ဒေါ်အောင်ဆန်းစုကြည်ဘေး၌ စုရုံးနေကြသည့်လူအုပ်ကြီးကို တွေ့ရစဉ်။ (ဓာတ်ပုံ – အေအက်ဖ်ပီ)

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar