ရန်ကုန်၊ ဇန်နဝါရီ ၂၂
ပါတီ၏ မူဝါဒများနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်းပြီး ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သာ ပြောရေးဆိုခွင့်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)က ယနေ့ ကြေညာခဲ့သည်။
“ယခုလက်ရှိ အခြေအနေတွင် သိမ်သိမ်မွေ့မွေ့ဖြင့် လုပ်ကိုင်ဆောင်ရွက်ရသည့် အချိန်ကာလဖြစ်ပါသည်” ဟု ယနေ့ညနေက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒများ၊ အသွင် ကူးပြောင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌမှတစ်ပါး အခြား ပုဂ္ဂိုလ်များအနေဖြင့် ပြောရေးဆိုခွင့်မရှိကြောင်း ကြေညာအပ်ပါသည်ဟု ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် စတင်မည့် လွှတ်တော်သစ်အတွက် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများကို ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်ထားပြီးဖြစ်သည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ဦးဉာဏ်ဝင်းက အေအက်ဖ်ပီ သတင်းဌာနကို ပြီးခဲ့သည့် ရက်သတ္တက ပြောကြားခဲ့သည့် သတင်းပေါ်ထွက်လာပြီးနောက် ယခု ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ဦးဝင်းမြင့်နှင့် အမျိုးသားလွှတ်တော် ဥက္ကဌအဖြစ် ဦးမန်းဝင်းခိုင်သန်းတို့အား လျာထားသည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီက ရေးသားခဲ့သည်။ ထို့ပြင် လွှတ်တော်များ၏ ဒုတိယဥက္ကဋ္ဌများအဖြစ် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်တစ်ဦးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကချင်လူမျိုး ကိုယ်စားလှယ်တစ်ဦးကို ပါတီက လျာထားသည်ဟုလည်း အေအက်ဖ်ပီက ရေးသားခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ပါတီ၏ အလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်က အဆိုပါသတင်းကို အတည်ပြုခြင်းမရှိပဲ ပါတီအနေဖြင့် မည်သူ့အား တာဝန်ပေးမည်ကို ဆွေးနွေးနေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဦးဝင်းထိန်နှင့် ဦးဉာဏ်ဝင်းတို့သည် ပါတီနှင့် ပတ်သက်ပြီး မေးမြန်းမှုများကို ပြောရေးဆိုခွင့် ရှိသူများအဖြစ် ယခင်ကလည်း တာဝန်ယူ ဖြေကြားပေးလေ့ရှိသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲကာလကလည်း ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းကို မီဒီယာများနှင့် တွေ့ဆုံဖြေကြားခြင်းမပြုရန် ပါတီက တားမြစ်ထားခဲ့ဖူးသည်။