မကြာမီက ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် အတည်ပြုချက်ရရှိရန် စောင့်ဆိုင်းနေသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၀၀ ကျော်ကို စစ်ဆေး အတည်ပြုပေးရမည် ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလတွင် အစိုးရသစ် တာဝန်ယူပြီးချိန်မှ စတင်ကာ တင်ပြထားသည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၀၂ ခုရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလျံရှိကြောင်း ပြည်တွင်း မီဒီယာများကို ကိုးကားကာ ဆင်ဟွာသတင်းဌာနက ဇွန် ၁၂ ရက်နေ့တွင် ရေးသားထားသည်။
အစိုးရသစ် တက်လာပြီးနောက် ယခင် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ဖျက်သိမ်းခဲ့သည်။ ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းဦးဆောင်သည့် အဖွဲ့ဝင် ၁၁ ဦးပါ ကော်မရှင်သစ်ကို ဇွန် ၇ ရက်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ကော်မရှင်သစ်ကို ဦးကျော်ဝင်းက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည်ဖြစ်ကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ကော်မရှင်၏ အတွင်းရေးမှူးအဖြစ် ပြန်လည် ပါဝင်လာသည်။
ယခင်ကော်မရှင်အား မတ်လတွင် ဖျက်သိမ်းခဲ့ပြီးနောက် နှစ်လကျော်ကြာပြီးမှ ကော်မရှင်သစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှု လေ ျှာက်ထားလွှာများ စုပုံနေခြင်း ဖြစ်သည်။
အတည်ပြုချက်ရရှိရန် စောင့်ဆိုင်းနေသည့် လေ ျှာက်ထားလွှာ ၁၀၀ ကျော်အနက် ၅၀ ကျော်မှာ ပြည်တွင်းရင်းနှီးမြှုပ်နှံသူများထံမှ ဖြစ်ကာ ကျန် ၅၀ ကျော်မှာ ပြည်ပရင်းနှီးမြှုပ်နှံသူများထံမှ ဖြစ်သည်ဟု ဦးအောင်နိုင်ဦးက Eleven Media ကို ပြောကြားခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ပြီးခဲ့သည့် ဧပြီလတွင် ထုတ်ပြန်ခဲ့သည်စာရင်းများအရ မတ်လတွင် ပြီးခဲ့သည့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၉ ဒသမ ၄ ဘီလျံတန်ဖိုးရှိ စီမံကိန်း ၂၁၇ ခုအား ခွင့်ပြုပေးခဲ့သည်ဟု သိရသည်။
အဆိုပါ ပမာဏများထဲတွင် မတ်လတစ်လအတွင်း ထူးခြားစွာ ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း အများအပြားလည်း ပါဝင်သည်။ မတ်လတစ်လထဲအတွင်း ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၄ ဘီလျံဖိုးခန့်အား ခွင့်ပြုပေးခဲ့သည်ဟု မြန်မာတိုင်း(မ်)က ပြီးခဲ့သည့် ရက်သတ္တပတ်က ရေးသားထားသည်။
သတင်း- Frontier