ဒေါ်စု၊ ကျွန်တော်တို့ စကားပြောဖို့ လိုအပ်နေပါပြီ

အစိုးရသစ်က အပြောထက် အလုပ်နဲ့ လက်တွေ့ပြဖို့ လိုလားတာ မှန်ပေမဲ့ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်ပိုင်းဟာ ပြည်သူတွေကို ဘာမှမပြောဘဲ ရေငုံနေတယ်ဆိုတဲ့ ကောလာဟလတွေ၊ ထင်ရာမြင်ရာ မှန်းဆပြောကြားချက်တွေက လွှမ်းမိုးသွားဖွယ် ရှိနေပါတယ်။

မကြာသေးခင်လတွေအတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ မီဒီယာ ဆက်ဆံရေးအကြောင်း တော်တော်များများကို ရေးထားခဲ့ပြီးပါပြီ။ ပါတီနဲ့ ပါတီက ဖွဲ့ခဲ့တဲ့အစိုးရတို့ဟာ ဂျာနယ်လJared Downing / Frontier

Jared Downing / Frontier

စ်တွေနဲ့ တွေ့ဆုံလိုစိတ် သိပ်မရှိဘူးဆိုတာ ပြသခဲ့ပါတယ်။

စီမံကိန်းတွေ၊ ပေါ်လစီတွေ၊ လက်ရှိလှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေရဖို့ မေးမြန်းရတာဟာ အရင်အစိုးရ လက်ထက်ကထက် ပိုပြီး ခက်ခဲနေတတ်ပါတယ်။ ဒါတောင် အရင်အစိုးရကို စစ်တပ်ကျောထောက်နောက်ခံနဲ့ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးက ဦးဆောင်ခဲ့တာပါ။ အဲဒီအစိုးရရဲ့ ကက်ဘိနက်မှာ ဆိုရင်လည်း ဗိုလ်ချုပ်ကြီးဟောင်းတွေနဲ့ ပြည့်နေတာပါ။

ဒီကနေ့ အခြေအနေနဲ့တော့ တူဟန် မရှိပါဘူး။ အရင်က ကျွန်တော်တို့ ဒါကို ပြောဖူးပါတယ်။ ထပ်ပြီးတော့လည်း ပြောဦးမှာပါ။ တကယ်လို့သာ အင်န်အယ်လ်ဒီအနေနဲ့ သူ့ကိုယ်သူ ဒီမိုကရေစီပါတီအဖြစ် ဆက်ပြီး ရပ်တည်ချင်သေးတယ်ဆိုရင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုတို့ရဲ့ တန်ဖိုးအပေါ်လေးစားမှုနဲ့ အဲဒီတန်ဖိုးတွေအတွက် ကတိကဝတ်ပြုမှုအပေါ် လေးစားမှုတွေကို ပိုပြီးပြသဖို့ လိုအပ်ပါတယ်။

ဒါပေမဲ့ အခု အယ်ဒီတာ့အာဘော်ဟာ ဒီတန်ဖိုးတွေအကြောင်း ပြောဖို့တော့ မဟုတ်ပါဘူး။ ယုံကြည်မှုတွေအကြောင်းပါ။ မီဒီယာတွေနဲ့ ပတ်သက်တဲ့ ဒီလိုသဘောထားဟာ အင်န်အယ်လ်ဒီ ထိပ်ပိုင်းက စတာလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တချို့က မကြာသေးတဲ့ သီတင်းပတ်တွေ အတွင်းက Frontier ကို ပြောပါတယ်။

လေးစားလောက်တဲ့ ကိုယ်ရေးဖြစ်စဉ်နဲ့ နိုင်ငံတကာ မီဒီယာတွေရဲ့ ထောက်ခံမှုကနေ အကျိုးများစွာ ခံစားခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဂျာနယ်လစ်တွေကို သဘောမတွေ့ဘူးဆိုတာ အထင်နဲ့ အမြင်တခြားစီပါ။ (တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျွန်တော်တို့ရဲ့ editorial@frontiermyanmar.net  ကို တိုက်ရိုက် ပြောကြားမယ်ဆိုရင် ကျွန်တော်တို့ ဝမ်းမြောက်ဝမ်းသာ လက်ခံလိုပါတယ်။)

ဒေါ်အောင်ဆန်းစုကြည်ကတော့ အပြောထက် အလုပ်နဲ့ သက်သေပြဖို့ လိုလားတာ သိသာပါတယ်။ ဒါဟာ မြင့်မြတ်တဲ့ ရည်ရွယ်ချက်ပါ။ အထူးသဖြင့် ခေတ်သစ်နိုင်ငံရေးကို ဝါဒဖြန့်သတင်းတွေက ကြီးစိုးတဲ့အခါမျိုးပေါ့။ ဒါပေမဲ့ လူတွေရဲ့ လက်ချောင်းထိပ်မှာ အင်တာနက် ရှိနေတဲ့ ခေတ်တစ်ခုမှာတော့ ယေဘုယျအားဖြင့် ဒါက အလုပ်မဖြစ်နိုင်ပါဘူး။

ကျွန်တော်တို့ကို ယုံကြည်ပါ ဆိုတာမျိုးက ရေရှည်အတွက် အံဝင်မှာ မဟုတ်ပါဘူး။ အင်န်အယ်လ်ဒီ လုပ်သမျှ မှန်နေရင်တောင် မြန်မာနိုင်ငံက ပြည်သူအများစုဟာ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ အကျိုးကျေးဇူးကို နှစ်အတော်ကြာအထိ မြင်ရဦးမှာ မဟုတ်သေးပါဘူး။ နိုင်ငံကို ပြန်လည်တည်ဆောက်တယ်ဆိုတာ ဆယ်စုနှစ်များစွာ အချိန်ယူပြီး ကြိုးပမ်းအားထုတ်ရတာမျိုးပါ။

ဒါပေမဲ့ နှုတ်ဆိတ်နေခြင်းက ဘာမှပြောစရာ မရှိဘူးဆိုတဲ့သဘော သက်ဝင်နေပါတယ်။ ဒါက ရှေ့နောက်ညီတဲ့ စီမံကိန်းတွေ မရှိဘူး၊ အဂ္ဂမဟာဗျူဟာတွေ မရှိဘူး၊ သေချာတာက လွန်ခဲ့တဲ့နှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်က ကတိပေးခဲ့တဲ့ အမှန်တကယ် ပြောင်းလဲမှု မရှိဘူးဆိုတဲ့ သဘောလား။

ဒါက အကြောင်းမဟုတ်ဘူးလို့ အင်န်အယ်လ်ဒီရဲ့အကြံပေးတွေက ပြောပါတယ်။ အရေးကြီးတဲ့ ကဏ္ဍတွေအတွက် ပေါ်လစီတွေ ပြင်ထားပြီးပြီလို့တော့ ပြောပါတယ်။

အာဇာနည်နေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကြုံစဖူး ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်ကို သွားရောက်ခဲ့တာဟာ နိုင်ငံရေး စေ့စပ်ညိနှိုင်းမှုတွေမှာ တိုးတက်မှု ရှိနေတာ ဒါမှမဟုတ် အနည်းဆုံးတော့ ခေါင်းဆောင်နှစ်ယောက်ဟာ လုပ်ငန်းဆက်ဆံရေးကို ခိုင်မာအောင် လုပ်နေပြီလို့ ဆိုနိုင်ပါတယ်။

တကယ်တော့ အစိုးရတွေဟာ အရာရာတိုင်းကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသလို ထုတ်ဖော် ပြောကြားခြင်းလည်း မပြုသင့်ပါဘူး။ တချို့အကြောင်းအရာတွေနဲ့ ပတ်သက်လို့ အတိမ်းအစောင်းမခံတဲ့ ညိနှိုင်းမှုတွေကိုတော့ တံခါးပိတ်ပြီးတော့ လုပ်ရပါတယ်။ ရလဒ်ကို မထိခိုက်အောင်လို့ပါ။ ဒါပေမဲ့ ပျက်ကွက်တဲ့  အနေအထားကို ပိုကောင်းဖို့ပဲဖြစ်ဖြစ်၊ ပိုဆိုးဖို့ပဲဖြစ်ဖြစ် ပွင့်လင်းမြင်သာမှုကတော့ ရှိသင့်ပါတယ်။

လက်ရှိအစိုးရအနေနဲ့ တချို့သတင်းအချက်အလက်တွေကို လျှို့ဝှက်ထားဖို့ တရားဝင် အကြောင်းပြချက်တွေ ရှိနိုင်ပါတယ်။ ဒီနိုင်ငံဟာ ယေဘုယျအားဖြင့် ကျွမ်းကျင်မှု မရှိတဲ့ ဆယ်စုနှစ်များစွာကြာခဲ့တဲ့ စစ်အုပ်ချုပ်မှုအောက်ကနေ အခုမှ လွတ်ကင်းလာတယ်ဆိုတဲ့ အချက်ကို တစ်ခါတစ်ရံ မေ့ပစ်ဖို့ လွယ်ပါတယ်။

ရလဒ်အနေနဲ့ ဖြစ်နိုင်တာက အရင်က စီမံကိန်းတွေနဲ့ ပတ်သက်လို့ ပြန်သုံးသပ်ဖို့ လိုတယ်ဆိုတဲ့ မျှော်လင့်မထားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တကယ်လို့ ဒါဟာ အမှန်တကယ် ဖြေရှင်းရမဲ့ကိစ္စဆိုရင်လည်း ဒီစိန်ခေါ်မှုတွေက ဘာလဲဆိုတာ စပြီးရှင်းလင်းဖို့ လိုအပ်ပါတယ်။

ပြုပြင်ပြောင်းလဲရေး လုပ်ရာမှာ အစိုးရက ယုံကြည်မှု လျော့နည်းနေတဲ့ စီမံကိန်းတွေကို ထုတ်ဖော်ပြောဆိုဖို့ ပျက်ကွက်ရင်တော့ တကယ့်ကို ကြီးမားတဲ့ အန္တရာယ်တစ်ခုပါ။

အထူးသဖြင့် ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းတွေကြားမှာ ဒီလိုဖြစ်ပျက်နေပြီလို့ တချို့ကတော့ စောဒက တက်ပါတယ်။ ရှေ့လာမယ့်နှစ်တွေမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးဖို့ဆိုရင် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်ကြီးတွေရဲ့ ကူညီပံ့ပိုးမှုလည်း လိုအပ်လာမှာပါ။

လုပ်ချင်ကိုင်ချင်စိတ် ရှိအောင် တွန်းအားပေးခြင်းက သံသယ ဖြစ်စရာ မရှိအောင် ကောင်းတယ်ဆိုပေမဲ့လည်း စာချုပ်တွေ ဖျက်သိမ်းပြီး စံနှုန်းအသစ်တွေနဲ့ နောက်ကြောင်းပြန် ချမှတ်ကျင့်သုံးဖို့ ဆုံးဖြတ်ချက်ဟာ အထိတ်တလန့် ဖြစ်စေပါတယ်။ ရင်းနှီးမြုပ်နှံသူတွေက ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။ အပြန်အလှန် ဆက်သွယ်ရေးလည်း လိုပါတယ်။

မကြာခင်က ထုတ်ပြန်ခဲ့တဲ့ ပါတီရဲ့ စီးပွားရေးပေါ်လစီက အစိုးရအတွက်တော့ ပျောက်ဆုံးနေတဲ့ ယုံကြည်မှုတချို့ကို ပြန်ရဖို့ အခွင့်အလမ်းတစ်ခုပါပဲ။ ဒါပေမဲ့ ကံမကောင်းချင်တော့ တချို့က ဝေဖန်သူတွေကို နှစ်သိမ့်စေမယ့်  ဟန်ပြသက်သက် ထုတ်ပြန်မှုမျိုးကိုသာ လုပ်ချင်နေကြတုန်းပါ။ ကျွန်တော်တို့ကို ယုံကြည်ပါ ဆိုတာမျိုးက ဆန့်ကျင်ဘက် သက်ရောက်မှုကိုသာ ဖြစ်စေမှာပါ။

လျှို့ဝှက်လိုစိတ် ပြင်းပြနေခြင်းကို ရိုက်ချိုးပစ်ဖို့ လိုနေပါတယ်။ ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲမှာ ဒီနိုင်ငံအတွက် အရမ်းကာရော လိုအပ်နေတဲ့ ပြောင်းလဲမှုတွေ လုပ်ရာမှာ ဦးဆောင်ဖို့ အင်န်အယ်လ်ဒီကို၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လိုလားတယ်ဆိုတာ ပြည်သူတွေက ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီး ဖြစ်ပါတယ်။

အခုအချိန်ဟာ မြန်မာပြည်သူတွေကို သူတို့ဆုံးဖြတ်ချက် မှန်တယ်ဆိုတာ ပြသဖို့ သူတို့ လေးစားလာအောင်လုပ်ဖို့ အချိန်ကောင်းပါ။ ကျွန်တော်တို့ စောင့်နေပါတယ် ဒေါ်အောင်ဆန်းစုကြည် ခင်ဗျား။

ယခု အယ်ဒီတာ့အာဘော်ကို ၂၀၁၆ ဇူလိုင်လ ၂၈ ရက်ထုတ် Frontier Myanmar စာစောင်တွင် ပုံနှိပ်ဖော်ပြခဲ့ပါသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar