ဉာဏ်လှိုင်လင်း
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ဖမ်းဆီးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ထံမှ ခွင့်ပြုချက်ရရှိပြီဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက Frontier ကို ပြောကြားသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ရုံး အရာရှိကြီးများထံ ဆက်သွယ်ရာတွင်မူ တိကျသော အဖြေမရရှိသေးသော်လည်း ဦးဇော်ဌေးက “အခုထိတော့ ဖမ်းမမိသေးဘူး”ဟု ယနေ့ ည ၈ နာရီခွဲခန့်တွင် အတည်ပြုပေးခြင်းဖြစ်သည်။ ဒေါက်တာအေးမောင်အား အမှုဖွင့်မည့် ပုဒ်မများကိုမေးမြန်းရာတွင်မူ ဥပဒေကြောင်းအရ ဆောင်ရွက်နေဆဲဖြစ်သည်ဟု ဦးဇော်ဌေးက ဆိုသည်။
အမှုဖွင့်မှုအခြေအနေကိုသိရှိနိုင်ရန် စုံစမ်းရာ ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီးရွှေသောင်းနှင့် ရဲမှူးကြီး မျိုးသူစိုးတို့က တင်ပြချက်အသေးစိတ် ရောက်မလာသေးဟုဆိုပြီး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူတို့နှင့်မူ Frontier က ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။
အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာအေးမောင်သည် ဇန်နဝါရီ ၁၅ ရက်ညက ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် ပြုလုပ်သည့် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးသည့်နေ့အခမ်းအနား၌ ဟောပြောမှု ပြုလုပ်ခဲ့ပြီးနောက် အစိုးရက အရေးယူရန် စီစဉ်နေခြင်းဖြစ်သည်။
ယနေ့ည ၈ နာရီခန့်အချိန်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်အရ အဆိုပါဟောပြောပွဲတွင် ဗမာများက ရခိုင်လူမျိုးများကို ကျွန်အဖြစ်လောက်သာထားပြီး တန်းတူအခွင့်အရေးမပေးကြောင်း၊ အချုပ်အခြာအာဏာရရှိ ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး ဆောင်ရွက်နေသည့်ပုဂ္ဂိုလ်များရှိကြောင်း စသဖြင့် ဒေါက်တာအေးမောင်က ထည့်သွင်းဟောပြောခဲ့သည်ဟု ဖော်ပြထားသည်။
ထိုသို့ပြောဆိုချက်မှာ တပ်မတော်နှင့် တိုက်ပွဲမကြာခဏဖြစ်နေသည့် ရခိုင့်တပ်မတော် (AA) ကို ရည်ညွှန်းပြောဆို ခြင်းဟုတ်မဟုတ်နှင့် ဟောပြောခဲ့မှုအခြေအနေများကို ဒေါက်တာအေးမောင်ထံ Frontier က ဆက်သွယ်မေး မြန်းရန် ကြိုးပမ်းနေသော်လည်း မရသေးပေ။
အစိုးရ၏ ထုတ်ပြန်ချက်အရမူ လက်ရှိနိုင်ငံရေးအားနည်းချက်ကို အခွင့်ကောင်းယူ၍ ပန်းတိုင်ရောက်အောင် ဆောင်ရွက်ရန်၊ အချုပ်အခြာအာဏာ ပြန်လည်ရယူလိုရေး စိတ်ဓာတ်မွေးရန် အဆိုပါဟောပြောပွဲ၌ ဒေါက်တာ အေးမောင်က တိုက်တွန်းခဲ့ကြောင်းလည်း ပါဝင်သည်။
ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ည ၁၀ နာရီခန့်တွင် ထုတ်ပြန်ချက်အရ အဆိုပါဟောပြောပွဲ၌ ဟောပြောခဲ့သည့် ဒေါက်တာအေးမောင်နှင့် ရခိုင် စာရေးဆရာ ဝေဟင်အောင်တို့အား အရေးယူသွားမည်ဟု ဖော်ပြထားသည်။
“ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် (ခ) အောင်ကျော်ဝင်း တို့၏ ဟောပြောချက်များနှင့် ပတ်သက်၍ ဇန်နဝါရီ ၁၆ ရက်တွင် ကျင်းပသည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄/၂၀၁၈) မှ ၎င်းတို့နှစ်ဦးအား နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၁ (ခ) (ဂ) ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) (ဂ) ၊ မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇) (၁) (၂) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုသွားရန် ဆုံးဖြတ်ခဲ့ပြီး ရသေ့တောင်မြို့နယ် ရဲစခန်းက ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းတွင် မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ခဲ့ကြောင်း၊ ထို့နောက် ည ၈ နာရီ မိနစ် ၂၀ ခန့်တွင် ဝေဟင်အောင် (ခ) အောင်ကျော်ဝင်းအား စစ်တွေမြို့နယ် ရဲစခန်းအချုပ်၌ အမှုဖြင့် ဖမ်းဆီးချုပ်နှောင်ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အတည်မပြုနိုင်သေးသည့် သတင်းများအရ ဒေါက်တာအေးမောင်သည် စစ်တွေမြို့၌ ရှိနေပြီး ယနေ့ ညနေပိုင်းအထိ နေပြည်တော်တွင် ကျင်းပနေသည့် လွှတ်တော်အစည်းအဝေးများသို့ ပြန်လည်တက်ရောက်ရန် စီစဉ်နေသည်ဟု သိရသည်။ ၎င်းသည် ရခိုင်အမျိုးသားပါတီ (ANP) ၏ ဥက္ကဋ္ဌ ရာထူးမှ မကြာသေးခင်ကမှ နုတ်ထွက်စာတင်ထားသူဖြစ်သည်။
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားချက်အရ ပြည်သူ့လွှတ်တော်အစည်းအဝေး တက်ရောက်နေသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား ဖမ်းဆီးရန် လိုအပ်ပါက ခိုင်လုံသောအထောက်အထားကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်ဖြစ်ကာ ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက်မရရှိပဲ ဖမ်းဆီးခြင်းမပြုရဟု ပြဌာန်းထားသည်။
ဆက်စပ်သတင်း – ဒေါက်တာအေးမောင်ကို စစ်တွေ၌ ဖမ်းဆီး