ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင် ပြန်လည်လွတ်မြောက်၊ ဥပဒေချိုးဖောက်ခဲ့ခြင်းမရှိဟု ပြော

ရဲမွန်

ရဲစည်းကမ်းထိန်းသိမ်းရေးအက်ဥပဒေအရ ထောင်ဒဏ်တစ်နှစ်ကျခံရာမှ ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသည့် ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က ၎င်းအနေဖြင့် ဥပဒေချိုးဖောက်ခဲ့ခြင်းမရှိဟု ပြောကြားသည်။

“ကျွန်တော့်အနေနဲ့ ရဲစည်းကမ်းထိန်းသိမ်းရေးအက်ဥပဒေကို ချိုးဖောက်ခဲ့တာ မရှိပါဘူး။ ချိုးဖောက်တယ်လို့လည်း ပြောနိုင်တာက ဒီဥပဒေက စံချိန်စံညွှန်းမီတဲ့ ဥပဒေမဟုတ်တာကြောင့်ပါ။ ဒီဥပဒေကြောင့် ရဲတပ်ဖွဲ့ဝင်တွေအတွက် အများကြီးနစ်နာတယ်”ဟု ၎င်းက ပြောသည်။

အင်းစိန်အကျဉ်းထောင်မှ ယနေ့အစောပိုင်းတွင် လွတ်မြောက်လာသည့် ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်သည် ရဲချုပ်တင်ကိုကိုက ၎င်းအပါအဝင် ရဲတပ်ဖွဲ့ဝင်အချို့အား ရိုက်တာသတင်းထောက်နှစ်ဦးကို အကွက်ချဖမ်းဆီးရန် အမိန့်ပေးခဲ့သည်ဟု သတင်းထောက်နှစ်ဦးအမှု ရုံးချိန်းတွင် ထွက်ဆိုခဲ့သူ ဖြစ်သည်။

ထိုသို့ထွက်ဆိုခဲ့ပြီးနောက် ၎င်းအား ရဲစည်းကမ်းထိန်းသိမ်းရေး အက်ဥပဒေဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရသည်ဟု အများက ယူဆနေကြပြီး ဦးမိုးရန်နိုင်ကမူ ယင်းဥပဒေကို ချိုးဖောက်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။

၎င်းအားအရေးယူခဲ့သည့် ရဲချုပ်တင်ကိုကိုအား ဗုဒ္ဓဘာသာတရားအရ ဖြေသိမ့်ပေးနိုင်သည်ဟုလည်း ဦးမိုးရန်နိုင်က ပြောကြားလိုက်သည်။

ဦးမိုးရန်နိုင်မှာ ထောင်ဒဏ်တစ်နှစ် ကျခံရန် အမိန့်ချမှတ်ခြင်းခံထားရသော်လည်း အကျဉ်းထောင်အတွင်း ကောင်းမွန်စွာ နေထိုင်ခဲ့ခြင်းကြောင့် ကိုးလဖြင့် လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု အင်းစိန်အကျဉ်းထောင်၏ အရာရှိတစ်ဦးဖြစ်သည့် ဦးဇော်ဇော်က Frontier ကို ပြောသည်။

“ထောင်ထဲမှာ ကောင်းကောင်းမွန်မွန်နေခဲ့တာကြောင့် လျှော့ရက်နဲ့ လွှတ်ပေးလိုက်တာပါ”ဟု ဦးဇော်ဇော်က ဆိုသည်။

ဦးမိုးရန်နိုင် လွတ်မြောက်လာသည့် နံနက်ပိုင်းတွင် ၎င်း၏ဇနီးဖြစ်သူနှင့် ညီဖြစ်သူတို့ လာရောက်ကြိုဆိုခဲ့ကြသည်။ ဦးမိုးရန်နိုင်က ၎င်းနှင့်မိသားစုဝင်များကို ဝန်းရံစောင့်ရှောက်ပေးခဲ့သည့် ပြည်သူများနှင့် အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခသည်။

ရိုက်တာသတင်းထောက်နှစ်ဦးအမှုတွင် သတင်းထောက်များအား ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မြောက်ပိုင်းခရိုင်တရားရုံးတွင် တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့ပြီးနောက်တွင် ဦးမိုးရန်နိုင်၏ မိသားစုဝင်များမှာလည်း ရဲတပ်ဖွဲ့အိမ်ရာမှ ဖယ်ရှားခြင်းခံခဲ့ရသည်။

ထိုသို့ဖယ်ရှားခြင်းခံခဲ့ရသည့်အတွက် ၎င်း၏မိသားစုဝင်များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်တွင် ပြောင်းရွှေ့နေထိုင်ခဲ့ကြရပြီး ထိုသို့ပြုမူခံရသည့်အတွက်လည်း ဦးမိုးရန်နိုင်၏ အမှန်တရား ထွက်ဆိုချက်အပေါ် နောင်တရခြင်းမရှိကြောင်း ညီဖြစ်သူ ဦးရဲဝင့်နိုင်က Frontier ကို ဒီဇင်ဘာလအတွင်းက ပြောကြားခဲ့သည်။

တရားခွင်တွင် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာ ကျင့်သုံးခဲ့သူ ဦးမိုးရန်နိုင်အား Pen Myanmar က ဒီဇင်ဘာ၂၂ ရက်တွင် ဂုဏ်ပြုဆု ချီးမြှင့်ခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar