ဒုတိယကမ္ဘာစစ်အတွင်းက ပျောက်ဆုံးအမေရိကန်စစ်သည်များ ဖြစ်နိုင်ခြေရှိသည့် ရုပ်ကြွင်းများကို အမေရိကန်သို့ ပို့ဆောင်

ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံ၌ ကျဆုံး၊ ပျောက်ဆုံးကျန်ရစ်ခဲ့သည့် အမေရိကန်စစ်သည်များ ဖြစ်နိုင်ခြေရှိသော လူသားရုပ်ကြွင်းများကို အမေရိကန်ပြည်ထောင်စုသို့ မတ် ၁၂ ရက်နေ့က အခမ်းအနားဖြင့် ပြန်လည်ပို့ဆောင်ခဲ့သည်။

အဆိုပါ ရုပ်ကြွင်းများကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ကြွင်းရှာဖွေမှတ်တမ်းတင်ရေး အေဂျင်စီ (ဒီပီအေအေ) ၏ အစီအစဉ်မှတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးဒေသတစ်ဝိုက်တွင် မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရုပ်ကြွင်းများသည် ၁၉၄၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ပျောက်ဆုံးခဲ့သည့် ဘီ-၂၅ဂျီ လေယာဉ်နှင့် ဆက်စပ်နေမည်ဟု ယုံကြည်ရကြောင်း ရန်ကုန်မြို့၊ အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။ ထိုလေယာဉ်ပေါ်တွင် စစ်သည် ၇ ဦး လိုက်ပါသွားခဲ့သည်။ လေယာဉ်ပျက်ကျခဲ့သည့်နေရာအား ရှာဖွေတွေ့ရှိခြင်း မရှိသေးဘဲ အပျက်အစီး အပိုင်းအစနေရာကိုမူ ၁၉၄၆ ခုနှစ်က စုံစမ်းစစ်ဆေးမှုတစ်ရပ်က ညွှန်ပြခဲ့သည်။

“လွန်ခဲ့တဲ့ ၇၅ နှစ်ကျော်က ကျွန်တော်တို့နိုင်ငံအတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ အမေရိကန်နိုင်ငံသားတွေအဖြစ် ဖြစ်နိုင်ခြေရှိတဲ့ ရုပ်ကြွင်းတွေကို ဒီကနေ့ ကျွန်တော်တို့ ပြန်လည်သယ်ယူ ပို့ဆောင်ခြင်းဖြစ်ပါတယ်” ဟု မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ မတ် ၁၂ ရက်နေ့က ပြုလုပ်သည့် ရုပ်ကြွင်းများ ပြန်လည်သယ်ယူပို့ဆောင်သည့်အခမ်းအနားတွင် အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က ပြောကြားသည်။ ထိုကဲ့သို့အခမ်းအနားကို မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပခြင်းဖြစ်သည်။

ရုပ်ကြွင်းများကို အမေရိကန်စစ်တပ်လေယာဉ်ဖြင့် မန္တလေးမှ သယ်ဆောင်သွားကာ အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီရှိ ဒီပီအေအေ၏ ဓာတ်ခွဲခန်းသို့ ဆက်လက် ပို့ဆောင်မည်ဖြစ်ပြီး မည်သူမည်ဝါ၊ မည်သည့်အရာ ဖြစ်ကြောင်းနှင့် ဖြစ်နိုင်ခြေရှိသည်များကို ဆက်လက်ခွဲခြမ်းစိတ်ဖြာရန်နှင့် ရှာဖွေဖော်ထုတ်မည်ဖြစ်သည်။

ဒီပီအေအေအနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၀၃-၀၄ ခုနှစ်၌ ရှာဖွေရေးအစီအစဉ် သုံးကြိမ်ပြုလုပ်ခဲ့ပြီး ၂၀၁၃ နှင့် ၂၀၁၉ ခုနှစ်များတွင် ခုနစ်ကြိမ် ပြုလုပ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံအတွင်း ကျန်ရစ်ပျောက်ဆုံးခဲ့သည့် အမေရိကန်စစ်သည် ၆၃၂ ဦးအား ယနေ့အချိန်အထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးပေ။ ယခင်ပြုလုပ်ခဲ့သော ရှာဖွေမှုများ၏ရလဒ်အရ စစ်သည် ၁၄ ဦး၏ ရုပ်ကြွင်းများကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး ဖြစ်နိုင်ခြေအများဆုံးရှိသော ရုပ်ကြွင်းများကို ဆက်လက်ရှာဖွေ ဖော်ထုတ်သွားမည်ဟု ဒီပီအေအေက ပြောကြားသည်။

“သူတို့ရဲ့အကြောင်းတွေကို ထာဝရအမှတ်ရ ဂုဏ်ပြုနေဖို့၊ သူတို့စွန့်လွှတ် အနစ်နာခံမှုတွေကို ဘယ်တော့မှ မမေ့မလျော့ဖို့နဲ့ ငြိမ်းချမ်း၊ တရားမျှတမှုရှိပြီး နေရာတိုင်းမှာ လွတ်လပ်မှုရှိတဲ့ နိုင်ငံတစ်ာနိုင်ငံအဖြစ် တည်ဆောက်ကြိုးပမ်း အားထုတ်ရေးအတွက် သူတို့ကိုပေးဆပ်ဖို့ ကျွန်တာ်တို့မှာ တာဝန်ရှိနေပါတယ်” ဟု စကော့မာစီရယ်က ဆက်လက်ပြောကြားသည်။

ယခုကဲ့သို့ ရုပ်ကြွင်းများ ပြန်လည်ရှာဖွေအရေးအတွက် အကူအညီပေးခဲ့ကြသူများနှင့် မြန်မာနိုင်ငံသားများကို ကျေးဇူးတင်ရှိသည်ဟုလည်း ၎င်းကပြောကြားသည်။

“အထူးသဖြင့် မြန်မာနိုင်ငံအစိုးရနဲ့ မြန်မာတပ်မတော်၊ ရှာဖွေရေးအဖွဲ့ကို ကူညီပေးခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကိုလည်း ကျေးဇူးတင်ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဒီပီအေအေ၏ အထူးတာဝန်သည် အတိတ်ကာလအတွင်း ဖြစ်ပျက်ခဲ့သော ပဋိပက္ခများအတွင်း ပျောက်ဆုံးနေခဲ့သည့် အမေရိကန် အမှုထမ်းများ၏ ဖြစ်နိုင်ခြေအရှိဆုံးသော ရုပ်ကြွင်းများကို ရှာဖွေ ဖော်ထုတ်၍ ၎င်းတို့၏ မိသားစုများနှင့် နိုင်ငံတော်ထံ ပြန်လည်အပ်နှံရေး ဖြစ်သည်။

ဒီပီအေအေ ဓာတ်ခွဲခန်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အမျိုးမျိုးသော မှုခင်းဆေးပညာ အရိုးစုဆိုင်ရာ ရှာဖွေဖော်ထုတ်မှု အများဆုံး ဆောင်ရွက်သည့် ဓာတ်ခွဲခန်းဖြစ်ပြီး မနုဿဗေဒပညာရှင်များ၊ ရှေးဟောင်း သုတေသန ပညာရှင်များာနှင့် မှုခင်းဆေးပညာ၊ သွားဘက်ဆိုင်ရာ သိပ္ပံပညာရှင်များပါဝင်သည့် ဝန်ထမ်းပေါင်း ၃၀ ကျော်ရှိသည်ဟု သိရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar