ဒုက္ခသည်အကြပ်အတည်း ကူညီဖြေရှင်းပေးရန် တရုတ်က ဘင်္ဂလားဒေရှ့်ကို ကမ်းလှမ်း

ရိုဟင်ဂျာအကြပ်အတည်း ပြေလည်စေရေးအတွက် ဝင်ရောက် ဆောင်ရွက်ပေးရန် တရုတ်နိုင်ငံက ကမ်းလှမ်းခဲ့သည်ဟု ဘင်္ဂလားဒေရှ့်က နိုဝင်ဘာ ၁၈ ရက်နေ့တွင် ပြောကြားသည်။

တရုတ်အစိုးရက စေလွှတ်လိုက်သည့် အဆင့်မြင့်သံတမန်နှင့် တွေ့ဆုံပြီးနောက် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေရှ့်သို့ ရောက်ရှိနေသည့် သိန်းနှင့်ချီသည့် ဒုက္ခသည်များအား ပြန်လည်လက်ခံရန် မြန်မာအစိုးရအပေါ် တရုတ်နိုင်ငံက ဖိအားပေးနိုင်ရေးအတွက် ဘင်္ဂလားဒေရှ့်အစိုးရက မျှော်လင့်ထားသည်။

ပြီးခဲ့သည့် သြဂုတ်လနှောင်းပိုင်းတွင် စစ်တပ်က စတင်ခဲ့သည့် စစ်ဆင်ရေးများကြောင့် ထွက်ပြေးလာကြသည့် ဒုက္ခသည် ခြောက်သိန်းကျော်မှာ ဘင်္ဂလားဒေရှ့်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ပင်ပန်းဆင်းရဲစွာ နေထိုင်နေကြရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာပေါင်း ရာနှင့်ချီကာ ပြာကျသွားစေခဲ့သည့် မြေလှန်စစ်ဆင်ရေးများသည် “လူမျိုးစုရှင်းလင်းမှု” ဖြစ်သည်ဟု ကုလသမဂ္ဂက ပြောကြားထားသည်။

လက်ရှိဖြစ်ပေါ်နေသည့် အစုလိုက် ထွက်ပြေးမှု မတိုင်မီကတည်းက ရောက်ရှိနေသည့် ရိုဟင်ဂျာ နှစ်သိန်းခွဲခန့်အား လက်ခံထားရပြီးဖြစ်သည့် ဘင်္ဂလားဒေရှ့်နိုင်ငံအနေဖြင့် နောက်ဆုံးရောက်ရှိလာသူများ အလျှင်အမြန် ပြန်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ အဓိက မိတ်ဖက်ဖြစ်သော တရုတ်နိုင်ငံ၏ ကူညီမှုကို ရယူရန် လိုလားနေသည်။

ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီး A. H. Mohamood သည် ဒါကာမြို့တွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် နိုဝင်ဘာ ၁၈ ရက်နေ့က တွေ့ဆုံကာ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

“မိတ်ဆွေတစ်ဦးအနေနဲ့ ပြဿနာဖြေရှင်းရေးအတွက် တရုတ်နိုင်ငံက ကူညီမည်ဖြစ်ကာ မည်သည့်ဘက်ကိုမှ ဘက်လိုက်မည်မဟုတ်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြားသည်” ဟု ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြန်မာနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့အကြား တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားရန်မှာလည်း အရေးကြီးသည်” ဟု Wang Yi က ပြောကြားကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

တရုတ်နိုင်ငံအနေဖြင့် မည်သို့ ဆက်လက်ဆောင်ရွက်သွားမည်ဆိုသည့် အသေးစိတ်ကိုမူ ထည့်သွင်းပြောကြားထားခြင်းမရှိပေ။

ဘင်္ဂလားဒေရှ့် ပုဂ္ဂလိက သတင်းအေဂျင်စီတစ်ခုဖြစ်သည့် UNB ၏ အဆိုအရ တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ဒါကာမြို့ရှိ တရုတ်သံရုံးတွင် ဒေသခံ သတင်းထောက်အချို့နှင့် တွေ့ဆုံရာ၌ တရုတ်အစိုးရအနေဖြင့် “ပြဿနာအတွက် နှစ်ဖက်လမ်းကြောင်းများမှတဆင့် သင့်တော်သည့်အဖြေရှာသွားမည်” ဟု ပြောကြားခဲ့သည်ဟုဆိုသည်။

သို့သော် ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအပေါ် အပြစ်ပေးမှုများ ပြုလုပ်ရေးအတွက် ထပ်မံ မဆောင်ရွက်ရန်လည်း ၎င်းက သတိပေးခဲ့သည်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar